Main menu

၂၀၂၄ ခုနှစ်၌ ဖိလစ်ပိုင်သို့ ထိုင်းဆန်တင်ပို့မှု တိုးတက်ဖွယ်ရှိ

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံ၌ ပြည်တွင်းထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် ဖေဖော်ဝါရီလတွင် ခန့်မှန်းခဲ့သော ဆန်တန်ချိန် ၃.၉ သန်းအပေါ် ၅% သို့မဟုတ် နောက်ထပ် တန်ချိန် ၂၀၀၀၀၀ တိုးမြှင့်လျက် စုစုပေါင်း ဆန်တန်ချိန် ၄.၁ သန်းအထိ တင်သွင်းရဖွယ်ရှိသည်ဟု ခန့်မှန်းချက်အရ ဖိလစ်ပိုင် ဈေးကွက်တွင် ထိုင်းဆန်၏ဝေစုရရှိမှုမှာ တိုးတက်လာနိုင်ကြောင်း Thai PBS World သတင်းဌာနက ဖော်ပြပါသည်။

       ၂၀၂၃ ခုနှစ်တွင် တင်သွင်းခဲ့သော ဆန်တန်ချိန် ၃.၆ သန်းအပေါ် ၁၄% တိုးမြှင့်လျက် အသစ်ခန့်မှန်းထားသည့် ဝယ်လိုအားအရ ဖိလစ်ပိုင်သည် ဆန်အများဆုံး တင်သွင်းသူဖြစ်လာပြီး ၎င်း၏နောက်တွင် အင်ဒိုနီးရှား၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့က အသီးသီးတည်ရှိနေကြောင်း၊ ယခုနှစ် ၀ယ်လိုအား တိုးလာခြင်းကြောင့် ထိုင်းနိုင်ငံအတွက် ဆန်တင်ပို့ရန် အခွင့်အလမ်းကောင်းများ ရရှိလာကြောင်း၊ ထိုင်းပြည်ပကုန်သွယ်မှုဌာနနှင့် ဖိလစ်ပိုင်နိုင်ငံရှိ ထိုင်းစီးပွားရေးသံမှူးများအား ထိုင်းဆန်ဈေးကွက်ဝေစု တိုးမြှင့်မည့် အလားအလာကို ရှာဖွေရန် ညွှန်ကြားထားကြောင်းဖြင့် ထိုင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၂.၉၇ သန်းခန့် တင်သွင်းခဲ့ပြီး တင်သွင်းမှုအားလုံး၏ ၈၂.၂၃% ရှိကြောင်း၊ ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၃၄၂၀၀၀ ခန့် (၉.၄၆%) နှင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၅၆၀၀၀ ခန့် (၄.၃၃%) တင်သွင်းခဲ့ကြောင်း သိရှိရ ပါသည်။  ဖိလစ်ပိုင်နိုင်ငံ၌ အဓိကစားသုံးကုန်ဖြစ်သော ဆန်ကို နှစ်စဉ်စားသုံးမှုမှာ တန်ချိန် ၁၆ သန်း ခန့်ရှိသော်လည်း သဘာဝဘေးအန္တရာယ်ဖြစ်သည့် အယ်လ်နီညိုဖြစ်စဉ်၏ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုများကြောင့်  ပြည်တွင်းဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၁၂ သန်းခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဝန်ကြီး Phumtham က ပြောကြားခဲ့သည်။

Source: Thai PBS World, April 15, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)