ကမ္ဘာ့အကြီးမားဆုံး သစ်ကြမ်းပိုးခေါက်တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် ဗီယက်နမ်နိုင်ငံကြိုးပမ်း

Powered by Drupal

       ကမ္ဘာ့အကြီးမားဆုံး သစ်ကြမ်းပိုးခေါက်တင်ပို့သည့် နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ၂၀၂၁ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သည့် မဟာဗျူဟာကို ပြုပြင်ထုတ်ပြန်ရန် လိုအပ်ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်တွင် သစ်ကြမ်းပိုးခေါက်တန်ချိန်(၉၀၀၀၀)နီးပါးဖြင့် အမေရိကန်ဒေါ်လာသန်း၂၆၀ကျော်တင်ပို့ခဲ့ပြီး ၂၀၂၂ခုနှစ်ထက် ပမာဏအားဖြင့် ၁၄.၆ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း တန်ဖိုးအားဖြင့် ၁၀.၇ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် သစ်ကြမ်းပိုးခေါက်တစ်တန်ကို ၂၉၁၈အမေရိကန်‌ဒေါ်လာရှိခဲ့ပြီး ၂၀၂၂ခုနှစ်ထက် ၂၂.၁ရာခိုင်နှုန်းစျေးနှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံသည် တန်ချိန်၃၈၀၀၀ကျော်ပမာဏနှင့် ဗီယက်နမ်သစ်ကြမ်းပိုးခေါက်များကို အဓိကတင်သွင်းသည့်နိုင်ငံဖြစ်ပါသည်။ အိန္ဒိယနောက်တွင် အမေရိကန်နိုင်ငံက တန်ချိန်၁၀၁၀၀ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တန်ချိန်၆၀၀၀တင်သွင်းခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာသန်း၃၀ပမာဏရှိသည့် သစ်ကြမ်းပိုးခေါက်တန်ချိန်၁၀၅၀၀ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်းဥက္ကဋ္ဌ Hoang Thi Lien က စိုက်ပျိုးရေးသမားများသည် သစ်ကြမ်းပိုးခေါက်ပင်များ၏ အရည်အသွေးနှင့် ထုတ်လုပ်နိုင်စွမ်းတိုးတက်လာစေရန် စိုက်ပျိုးရေးနည်းစနစ်သစ်များကို ဆက်တိုက်တိုးတက်အောင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် စျေးကွက်လိုအပ်ချက်ဖြစ်သည့် ပိုမိုအရည်အသွေးကောင်းမွန်သော သစ်ကြမ်ပိုးခေါက်ထုတ်ကုန်များကိုရရှိရန်အတွက် ခေတ်မီထုတ်လုပ်ရေးလုပ်ငန်းစဥ်များတွင် ရင်းနှီးမြှုပ်နှံရန် ဒါဇင်ပေါင်းများစွာသော ကုမ္ပဏီများကိုပိုင်ဆိုင်ထားကြောင်းသိရပါသည်။ ဥရောပသမ္မဂ္ဂနှင့် ဗီယက်နမ်နိုင်ငံကြားချုပ်ဆိုထားသည့် လွတ်လပ်စွာကုန်သွယ်‌ရေးသဘောတူညီချက်မှာလည်း ဗီယက်နမ်ကို အကောက်ခွန်ကင်းလွတ်ခွင့်ကိစ္စနှင့်ပတ်သတ်၍ အခြားနိုင်ငံများထက် အခွင့်ရေးရရှိရန် ကူညီပေးလျက်ရှိနေပါသည်။ အဆိုပါအချက်သည် ဗီယက်နမ်သစ်ကြမ်းပိုးခေါက်ထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်တွင် အလွန်အထောက်အကူပြုပြီး အခွင့်‌အရေးများရရှိစေပါသည်။ လတ်တလောတွင် ဗီယက်နမ်နိုင်ငံသည် သစ်ကြမ်းပိုးခေါက်ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၀၀နီးပါးကိုတင်ပို့ခဲ့ပြီးဖြစ်ပြီး အိန္ဒိယနိုင်ငံစျေးကွက်ဝေစု၏ ၉၅ရာခိုင်နှုန်း၊ အမေရိကန်စျေးကွက်ဝေစု၏ ၃၆.၅ရာခိုင်နှုန်း၊ ဥရောပစျေးကွက်၏ ၃၅ရာခိုင်နှုန်းကိုရရှိထားပါသည်။ သို့သော် သစ်ကြမ်းပိုးခေါက်အချောတင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှုပမာဏ၏ ၁၈.၆ရာခိုင်နှုန်းရှိခဲ့ပြီး ထိုပမာဏအနက် ၇၀ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံနှင့် ၁၂ရာခိုင်နှုန်းကို ဥရောပသို့တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အမေရိကန်နှင့် ဥရောပသို့ သစ်ကြမ်းပိုးခေါက်အချောတင်ပို့မှု ပိုမိုမြင့်တက်လာစေရန်အတွက် ရိတ်သိမ်းကာလပြီးဆုံးချိန်တွင် အချောပြုပြင်ထုတ်လုပ်မှုအရည်အသွေးကဏ္ဍပိုမိုတိုးတက်လာရန်လိုအပ်ပါသည်။ သို့မှသာ ကုန်သွယ်မှုမြှင့်တင်ရေးလှုပ်ရှားခြင်း၊ နိုင်ငံတကာနယ်ပယ်တွင် ကုန်ပစ္စည်းကိုယ်ပိုင်လက္ခဏာ တည်ဆောက်ခြင်း၊ အများနှင့်သက်ဆိုင်သော သီးသန့်ပူးပေါင်းဆောင်ရွက်မှုပုံစံများကို တွန်းအားပေးခြင်း၊ ရေရှည်မဟာဗျူဟာမူဝါဒဆွေးနွေးညှိုနှိုင်းခြင်းနှင့် ထောက်ပံ့မှုအရင်းအမြစ်များရှာဖွေခြင်းတို့ကို မြှင့်တင်နိုင်ကာ ဗီယက်နမ်နိုင်ငံကို ကမ္ဘာ့ထိပ်တန်း သစ်ကြမ်းပိုးခေါက်ထုတ်လုပ်သူအဖြစ် ရပ်တည်နိုင်စေမည်ဖြစ်သည်ဟုသိရှိရပါသည်။

DOCA(ရန်ကုန်)