Main menu

HighLight News

Powered by Drupal

ဘီးလင်းမြို့နယ်ရှိ စတိုးဆိုင်များတွင် ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့ရှိ စတိုးဆိုင်များတွင် ကလေးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စတိုးဆိုင်ပိုင်ရှင်များအား  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြရန်နှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများကိုရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

သာယာဝတီမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ MSMEs စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲအခမ်းအနားကျင်းပခြင်း

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၅-၄-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးဒု-ဥက္ကဋ္ဌ ဦးစောထွန်းဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါဖြိုးဖြိုးအောင်နှင့်ဝန်ထမ်းများအဖွဲ့၊ စီးပွားလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကာ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို ထုတ်ကုန်တိုးမြှင့်ဆောင်ရွက်ရန်၊ လုပ်ငန်းနှင့်ပတ်သက်ပြီး မိရိုးဖလာလုပ်ကိုင်ခြင်းမှ ပြောင်းလဲပြီး စွန့်ဦးတီထွင်ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ စားသောက်ကုန်များထုပ်ပိုးမှုများကို ပြုပြင်ပြောင်းလဲ၍ ထုပ်ပိုးမှုများပြုလုပ်သင့်ကြောင်း၊ စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် FDA ၏ထောက်ခံချက်များရရှိရန်လိုအပ်ကြောင်း၊ MSMEs အဖွဲ့ဝင်ကတ်များကိုလည်းပြုလုပ်ထားရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထုတ်လုပ်ထားသော ကုန်ပစ္စည်းများကို မြို့နယ်အတွင်း၊ ခရိုင်အတွင်းမှ တိုင်းအတွင်းသို့၊ တိုင်းအတွင်းမှသည် ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်အောင်ကုန်ပစ္စည်းများကို တိုးတက်အောင်ထုတ်လုပ်ကြရန်၊ MSMEs လုပ်ငန်းများနှင့်ပတ်သက်ပြီး ချေးငွေရယူလိုပါက ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခက်အခဲရှိပါက  တင်ပြဆွေးနွေးရန်ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သော စားသောက်ကုန်လုပ်ငန်းရှင်(၃၅)ဦး၊ ရေသန့်လုပ်ငန်းရှင်(၆)ဦး၊ စက်မှုလုပ်ငန်းရှင် (၂)ဦး၊ ဆီစက်လုပ်ငန်းရှင် (၁)ဦး၊ သစ်အချောထည်သစ်ခွဲ၊ လျှာထိုးနှင့် ပန်းပုလုပ်ငန်းရှင်(၆)ဦး၊ စုစုပေါင်း(၅၀)ဦးတို့က အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

        ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)

အသိပေးကြေညာချက်

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအခါ ပြည်တွင်းရှိ အချို့သောမြို့နယ်များတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူ အချို့သည် အဆိုပါသတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှု စရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာထပ်ဆောင်းလျက် ရောင်းချမှုများရှိကြောင်း တွေ့ရှိရပါသည်။

    သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

လက်ပံတန်းမြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မြို့နယ်တာဝန်ခံ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများက (၂၈-၃-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအပြင်တန်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များဖြစ်သော ဒီလှိုင်းစတိုး၊ ကိုဖိုးချိုဆေးဆိုင်များသို့သွားရောက်၍ ဆေးပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြခြင်းရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ စားသုံးသူများအနေဖြင့်  တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များကိုသိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးခဲ့ပြီးနောက် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ၂၀၂၄ခုနှစ်ဧပြီလ ၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။                  ရှေးဦးစွာ မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ပြဋ္ဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ မြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်ငူမြို့ရှိ တက္ကသိုလ်၊ ကောလိပ်နှင့် သက်မွေးပညာကျောင်းများသို့ အပတ်စဉ် အင်္ဂါနေ့တိုင်း သင့်တင့်သောဈေးနှုန်းဖြင့် ဆန်များရောင်းချနိုင်ရေးအတွက် ဆန်စက်လုပ်ငန်းရှင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးကို ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

       ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းပန်းအိမ်နှင့် ရေတာရှည်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင် ၁၈ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်တွင်းမြို့တွင် MSMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ခုနှစ်၊ ဧပြီလ ၂ရက်နေ့၊ နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်တက်ရောက်၍ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များ၏မေးမြန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းနန္ဒာလှိုင်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်ကလည်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်အတူ MSMEs ထုတ်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ရှာဖွေဖော်ထုတ်ပေးနိုင်မည့် အခြေအနေများကိုဆွေးနွေးခဲ့ပါသည်။

      ဆက်လက်၍ တက်ရောက်လာသောလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တဝန်ရှိသူများနှင့် အုတ်တွင်းမြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင် ၂၄ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူခရိုင်မှ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ၂၀၂၄ခုနှစ်၊ ဧပြီလ ၅ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်ဆီလုပ်ငန်းရှင်များအားတွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ပါသည်။

      ရှေးဦးစွာ ခရိုင်ဦးစီးမှူးက ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချရန်ကိုလည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

      ဆက်လက်၍ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက တရားမဝင်တင်သွင်းသည့် စားသုံးဆီများအားစစ်ဆေးရန် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုကိုလည်းကောင်း၊ ဘူးသွင်းစားသုံးဆီများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြသည့် စားသုံးဆီများကိုသာ ရောင်းချရန်ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

    ၎င်းနောက် တက်ရောက်လာသည့် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးကျော်သိန်းနှင့် လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် ၁၈ဦးတက်‌ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ပေါ်ရှိ စက်ရုံများသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အတူ တောင်ငူမြို့ပေါ်ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသို့ သွားရောက်စစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပြီး စက်ရုံလုပ်သားများအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့ပါသည်။

        မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ဧပြီလ ၃ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊ အမှတ်(၂၃)ရပ်ကွက်၊ ခြင်္သေ့ဦးရှိ ရှယ်တောင်ကြီးမုန့်ဖတ်ခြောက်လုပ်ငန်းသို့လည်းကောင်း၊ ဧပြီလ ၄ရက်နေ့၊ နံနက်ပိုင်းတွင် အမှတ်(၁၁)ရပ်ကွက်၊ ကျုံးပတ်လမ်းရှိ မိဘမေတ္တာဆန်စက်သို့လည်းကောင်း ရောက်ရှိစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာအကြီးအကဲများအား သက်ဆိုင်ရာဌာနအလိုက် သိသင့်သိထိုက်သည်များကို အသိပညာ ပေးပြောကြားခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ရှယ်တောင်ကြီးမုန့်ဖတ်ခြောက်လုပ်ငန်းမှ စက်ရုံပိုင်ရှင်နှင့် စက်ရုံလုပ်သား ၂၅ဦး၊ မိဘမေတ္တာဆန်စက်မှ စက်ရုံပိုင်ရှင်နှင့် စက်ရုံလုပ်သား ၄၅ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၈-၄-၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးရောင်းချသည့်ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈)တွင်ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊  စားသုံးဆီအမျိုးအမည်ကိုဖော်ပြရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော အမျိုးအမည်ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး အသားတင်ပမာဏကိုဖော်ပြရာတွင်လည်း မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရန်မဖြစ်နိုင်ပါက လက်ကမ်းစာစောင်/အညွှန်းတို့ဖြင့်ဖော်ပြပြီး ကုန်စည်နှင့်အတူ စားသုံးသူထံသို့ တစ်ပါတည်းပေးအပ်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၈-၄-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - HighLight News