Main menu

HighLight News

Powered by Drupal

ဝါသီးနှံဆိုင်ရာ အချက်အလက်များ အစီရင်ခံစာ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းမှ စိုက်ပျိုးထွက်ရှိသည့် သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ဈေးနှုန်းနှင့် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ ပြည်ပပို့ကုန်အလားအလာရှိသော လယ်ယာထွက်ကုန်များကို ရှာဖွေဖော်ထုတ်၍ ဈေးကွက်ဝေစုရရှိရေး အထက်ဌာန အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျှက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါသီးနှံသည် ပြည်တွင်းတွင်သာမက ပြည်ပဈေးကွက်အထိ တင်ပို့နေသည့် သီးနှံဖြစ်ပါသည်။ ဈေးကွက် ဝေစု ခိုင်မာမှုရရှိပါက တောင်သူများ ပိုမိုစိတ်ဝင်စားမှုရှိလာပြီး စိုက်ဧကများ နှစ်စဉ်တိုးတက်လာမည် ဖြစ်သလို ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဝါနှင့်ဝါထွက်ပစ္စည်း Supply Chain တစ်ခုလုံးရေရှည်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ဝါကြီး၊ မလှိုင်နှင့် ချည်မျှင်ရှည်ဝါများစိုက်ပျိုးကြပြီး အဓိကစိုက်ပျိုး ထုတ်လုပ်သည်မှာ ချည်မျှင်ရှည်ဝါ ဖြစ်ပါသည်။ ဝါသီးနှံကို မိုးဦးကာလ မေ၊ ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ထွက်ပေါ်ပါသည်။ ၂၀၂၁ခုနှစ် ဝါသီးနှံ စတင်ထွက် ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၁၇၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ၁၃၀၀-၁၄၀၀ ကျပ်ထိ ဈေးကျသွားကြောင်း၊ ဝါသီးနှံ၏ ပေါက်ဈေးနှုန်းသည် မူဆယ် (တရုတ်)ဈေးကွက်ပေါ်တွင် မူတည်နေကြောင်း၊ ကျေးရွာများမှ ထွက်ရှိသော ဝါသီးနှံများကို ဒေသတွင်း ရှိဝါကြိတ်စက်များ သို့သွားရောက်ရောင်းချခြင်း၊ ဒေသပွဲစားများမှလာရောက်ဝယ်ယူခြင်းများ ရှိပါသည်။ ဒေသတွင်းထွက်ရှိ သောဝါများကို ဝယ်ယူသန့်စင်ပြီး ဝါဂွမ်းကို စစ်ကိုင်း၊ မန္တလေးသို့ တင်ပို့ ရောင်းချခြင်း၊ တရုတ်ကုန်သည်များမှ ပစ္စည်းလာရောက်ကြည့်ရှု့ပြီး စာချုပ်ချုပ်ဆို ဝယ်ယူကြပါသည်။ ဝါစက်များအနေဖြင့် ဝါသီးနှံကို ရာသီချိန် (၅)လခန့်သာ ဝယ်ယူပြီး ဝါစေ့များကို သိုလှောင်ထား၍ တစ်နှစ်ပတ်လုံး ဝါစေ့ဆီကြိတ်ခွဲကြောင်း၊ ဝါသီးနှံကို ဒေသတွင်းသုံးစွဲမှု အနည်းငယ်သာရှိပြီး မုံရွာ၊ မန္တလေးဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ကြကြောင်း၊ ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မုံရွာမှ ငွေချည်-၆ အမျိုးအစားအားဝယ်၍ ဂွမ်းကြိတ်ပါသည်။ မုံရွာမြို့တွင် ငွေချည်-၆ ကို Aအဆင့် ၁၄၀၀ကျပ် Bအဆင့် ၁၂၀၀ကျပ် ပေးဝယ်ရပြီး ရောင်းဈေးအနေဖြင့် ဂွမ်းကို ၄၀၀၀ ကျပ် ဝန်းကျင် ရရှိပါသည်။ ဂွမ်းကို ယခင်နှစ် များက ဆားလင်းကြီး ချည်မျှင်နှင့်အထည်စက်ရုံမှ အများဆုံးဝယ်ယူပြီး ယခုနှစ်တွင် အရောင်းအဝယ် မဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝါသီးနှံမှထွက်ရှိသည့်ဝါဂွမ်းကို တစ်နိုင်တစ်ပိုင် ရိုးရာလက်ရက်ကန်း ဖြင့် ဖျင်လုံချည်၊ ဖျင်စောင်၊ ဖျင်တဘက်နှင့် ဖျင်လက်သုတ်ပုဝါများကို ဒေသတွင်းသုံးစွဲရန်နှင့် ဒေသ ထွက် ချည်ထည်များရိုးရာမပျက် ဝတ်ဆင်ရန်အတွက် အနည်းငယ်သာ လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ မုံရွာစောင်များ ထုတ်လုပ်နိုင်သော်လည်း ယခုအချိန်တွင် ထုတ်လုပ်မှုကျဆင်း၍ အနည်းငယ်သာ ထုတ်လုပ်နိုင်ကြောင်း၊ ဝါသီးနှံတန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီနှင့်ဆီကြိတ်ဖတ်များ ထုတ်လုပ်ကြကြောင်း၊ ဝါချည်စစ်စစ်မှ ဆေးရုံသုံးဂွမ်းများလည်း ထုတ်လုပ်ရောင်းချကြကြောင်း၊ ထိုအပြင် အဆင့်မြင့်ဝါကို မန္တလေးရှိ ချည်မျှင်စက်ရုံများသို့ ပို့၍ ၁/၂၀ ချည်ထုပ်နှင့် ၁/၄၀ချည်ထုပ်များလည်း ထုတ်လုပ်ကြကြောင်း၊ ဆိပ်ခွန်မှ ကချင်ပုဆိုး၊ ကချင်ထမိန်များကို တရုတ်ပြည်မှလာသော (ယူကို)ချည်နှင့် ရောယှက်ထုတ်လုပ်ကြကြောင်းနှင့် ကလေးမြို့မှလည်း ချင်းရိုးရာဝတ်စုံများ ထုတ်လုပ်ကြကြောင်း လေ့လာသိရှိရပါသည်။ ဝါဂွမ်းတစ်ပိဿာ ပေါက်ဈေးနှုန်းမှာ ၄၅၀၀ကျပ်၊ ဝါစေ့ တစ်ပိသာ ၁၄၀၀ ကျပ်၊ ဝါစေ့ဆီတစ်ပိဿာ ၄၃၀၀ကျပ်၊ ဝါစေ့ဖတ် တစ်ပိဿာလျှင် ၆၀၀ကျပ် ပေါက်ဈေး များရှိကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ဝါသီးနှံအစုအဖွဲ့ (၁၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး ရက်ကန်း လုပ်ငန်းရှင်များ အသင်းအဖွဲ့/အစုအဖွဲ့များအနေဖြင့် တိုင်းအသင်း(၁)သင်း၊ မြို့နယ်အသင်း (၁၁)သင်းနှင့် အစုအဖွဲ့ (၂၂)ဖွဲ့ ဖွဲ့စည်းထားရှိကြောင်း သိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဝါစိုက်တောင်သူများ အနေဖြင့် ဘဏ်မှစိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးစေလိုကြောင်း၊ မျိုးစေ့နှင့် ဓါတ်မြေဩဇာများ ထုတ်ပေးစေလိုကြောင်း၊ ဝါဈေးကွက်ကို ပြင်ပဈေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်နှစ်တွင် ဝါတစ်ပိဿာပေါက်ဈေးမှာ ၇၀၀-၈၀၀ကျပ် ခန့်သာ ရရှိ၍ ဝါစိုက်တောင်သူများနည်းသွားကြောင်း၊ အချို့မြို့နယ်များတွင် မိုးများ၍ ဝါစိုက်ခင်းများ ပျက်စီးကြောင်း၊ ယခုနှစ်တွင် ဝါတစ်ပိဿာ ၁၄၀၀ကျပ် ရရှိ၍ စိုက်ပျိုးသူတောင်သူများ ပိုမို စိတ်ဝင်စားလာကြောင်း၊ ဈေးကွက်တည်ငြိမ်ရေး ထိန်းသိမ်းပေးစေလိုပါကြောင်း၊ ဈေးကွက်ခိုင်မာမှု နည်းသည့်အတွက် ဝယ်လက်ရှာဖွေစောင့်ဆိုင်းရခြင်း၊ လက်ရှိစိုက်ပျိုးနေသော မျိုးများမှာ အရည်အသွေး နိမ့်ကျလာခြင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားလာခြင်း၊ သွင်းအားစု ပစ္စည်းများ ဈေးနှုန်းမြင့်တက်လာသည့်အတွက် အရင်းအနှီးများပြီး အကျိုးအမြတ်ရရှိမှု အခွင့်အလမ်း နည်းပါးလာခြင်း၊ ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ဝါနှင့်ဝါ ထွက်ပစ္စည်းများမှာ အရည်အသွေး နိမ့်ကျလာခြင်း၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ် နိုင်မှုနည်းပါးခြင်း၊ ပြည်တွင်းမှဝါနှင့် ဆက်စပ်သည့် ချည်မျှင်နှင့်အထည်စက်ရုံများ ပုံမှန် လည်ပတ် နိုင်မှုမရှိခြင်း၊ ပြည်ပမှစားသုံးသူများအကြိုက် အရောင်အသွေးစုံချည်ထည်များ အစားထိုး ဝင်ရောက် နေခြင်းစသည့်အချက်များကလည်း ဝါနှင့်ဝါထွက် ပစ္စည်း ကဏ္ဍများတွင် ကြုံတွေ့နေရသည့် အခက်အခဲများ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

မြိတ်မြို့၊ ဒိုင်လမ်း၊ စက်ဝင်းရပ်ရှိ ပွင့်သစ်တိုးမုန့်တိုက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ အသိပညာပေးကွင်းဆင်းစစ်ဆေး

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၁၆) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြိတ်မြို့၊ ဒိုင်လမ်း၊ စက်ဝင်းရပ်ရှိ ပွင့်သစ်တိုး မုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့်မုန့်ဆိုင်ဝန်ထမ်း များအား ထုတ်ကုန်လုံခြုံစိတ် ချရမှုနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူဥပဒေပါ လုပ်ငန်းရှင်များလိုက်နာ ရမည့် အချက်များအပြင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရန် ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းရာတွင် မြိတ်မြို့၊ ဒိုင်လမ်း၊ စက်ဝင်းရပ်ရှိ ပွင့်သစ်တိုး မုန့်တိုက်ရှိ ထုတ်ကုန်များသည် စားသုံးသူဥပဒေပါ ကုန်အညွှန်းအမှတ်အသား အချက်အလက်များ ဖော်ပြထားရှိသည်ကို တွေ့ရှိရပြီး ထုတ်ကုန်များ ယခုထက်ပိုမိုစိတ်ချမှုရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(တနင်္သာရီတိုင်းဒေသကြီး)

မုံရွာခရိုင်အတွင်းရှိ ဆီများ စားသုံးမှုများလာပြီး ဆီစက်များပုံမှန်လည်ပတ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ ဆီစက်လုပ်ငန်းရှင်များသည် ယခင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် စုစုပေါင်းဆီစက်၏ ၁၀% သာလည်ပတ်နိုင်ကြသော်လည်း ယခု(၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ဆီဈေးကွက်အခွင့်အလမ်းပေါ်ပေါက်လာ၍ ဆီစက်စုစုပေါင်း၏ ၅၀% အထိလည်ပတ်လာနိုင်ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရပါသည်။
မုံရွာခရိုင်တွင် ဆီထွက်သီးနှံ မိုး၊ ဆောင်း (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ဧက (၃၀၀၀၀၀) ကျော်ခန့် စိုက်ပျိုးပြီး ဆီစက်အရေအတွက် (၁၄၅)စက် ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။
ခရိုင်အတွင်း ဆီထွက်သီးနှံကုန်ကြမ်းထွက်ရှိမှု၊ ဆီစက်များကြိတ်ခွဲထုတ်လုပ်မှုအရ မုံရွာခရိုင်သည် ဆီလိုအပ်ချက်ပြည့်မီပြီး စားသုံးမှုပိုလျှံသည့် ခရိုင်ဖြစ်ကြောင်းသိရသည်။ သို့ရာတွင်လည်း ဆီထွက်သီးနှံများကို ဝယ်လိုအား မြင့်မားမှုကြောင့် တရုတ်ဝယ်လက်များနှင့် ဈေးနှုန်းယှဉ်ပြိုင်ဝယ်ယူပြီး သိုလှောင်ကြိတ်ခွဲ ထုတ်လုပ်ရောင်းချသည့်အတွက် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းကြီးမြင့်လာပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီဈေးကွက်ကို ယှဉ်ပြိုင်ရောင်းချရန် အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။ ၂၀၂၁ခုနှစ် စက်တင်ဘာလနောက်ပိုင်း စားအုန်းဆီဈေးနှုန်းမြင့်မားလာပြီး ဒေသထွက် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများ၏ ဈေးနှုန်းနှင့် ကွာဟမှုအနည်းငယ်သာရှိသောကြောင့် အခြေခံလူတန်းစား များသည် ကျန်းမာရေးနှင့် ညီညွတ်သော ဒေသထွက်ဆီများကို ဝယ်ယူစားသုံးလာကြသည်။
အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဆောင်းမြေပဲထွက်ရှိပြီး ယခုနှစ်တွင် တရုတ်ဈေး ကွက်သို့ မြေပဲဆံတင်ပို့မှုမရှိသည့်အတွက် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းလုံ လောက်စွာရရှိခြင်း၊ ဒေသထွက်ဆီများစားသုံးမှု မြင့်မားလာခြင်း၊ စားအုန်းဆီဈေးနှုန်းနှင့် ဒေသထွက်ဆီများ၏ဈေးနှုန်းကွာခြားမှု ကျဉ်းမြောင်းလာခြင်း၊ ဝယ်ယူစားသုံးမှုများပြားလာခြင်းစသည့်တို့ကြောင့် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ယခင်နှစ်ထက် ပိုမိုကြိတ်ခွဲ ထုတ်လုပ် ရောင်းချလျက် ရှိကြောင်းသိရပါသည်။
၂၀၂၁-ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် လူသုံးများသည့် စားအုန်းဆီ ၁၀ ပိဿာ တစ်ပုံး ၄၈၀၀၀ကျပ်၊ မြေပဲဆီသန့် ၁၀ ပိဿာတစ်ပုံး ၆၀၀၀၀ ကျပ်ဖြစ်သည်။ ကုန်ကြမ်း မြေပဲဆံတစ်ပိဿာ ၂၃၀၀ ကျပ် ဒေသတွင်း ပေါက်ဈေးရှိပြီး ပိဿာ ၁၀၀ ကြိတ်ခဲ့ပါက ဆီသန့် ၄၀ ပိဿာရပြီး ပဲဖတ် ၅၅ ပိဿာထွက်ရှိပါသည်။ ဆီသန့်ပဲဖတ်များကို ‌ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တွံ့တေးမြို့များအဓိက‌ရောင်းချရပြီး ယနေ့ ပဲဖတ်တစ်ပိဿာ ၁၃၂၀ ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမြင့်မားသည့် အတွက် ပြည်ပမှ စားအုန်းဆီများကို ဘီလီယံနှင့် ချီ၍ ဝယ်ယူတင်သွင်းနေရကြောင်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားအုန်း ဆီများကို လျော့ချစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်သကဲ့သို့ ပြည်ပထွက်ငွေလည်း ချွေတာရာရောက်စေကြောင်း နိုင်ငံတော်အကြီးအကဲများက အသိပညာပေးလျက်ရှိသည်။
ပြည်ပသို့ မြေပဲဆံတင်ပို့မှု ပိုလျှံမှသာ ရောင်းချသင့်ကြောင်း၊ သို့မှသာ အခြေခံလူတန်းစားများ ဝယ်ယူစားသုံးနိုင်သည့် ဈေးနှုန်းဖြစ်ပေါ်လာ နိုင်ပြီး စားအုန်းဆီစားသုံးမှုကိုလည်း လျှော့ချသွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီအား ဈေးနှုန်းသက်သာသဖြင့် စားသုံးနေရသော်လည်း ကျန်းမာရေးနှင့် ညီညွတ်ပြီး ပြည်တွင်းမှထွက်ရှိသည့်မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကိုသာ ဝယ်ယူစားသုံးရန် ဆန္ဒရှိကြောင်း စားသုံးသူ မိဘပြည်သူများထံမှ သိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(စစ်ကိုင်းတိုင်းဒေသကြီး)

အိန္ဒိယနိုင်ငံ၌ ၂၀၂၅ ခုနှစ်မှစတင်၍ အီသနော ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချရန် စီစဉ်လျက်ရှိ

အိန္ဒိယနိုင်ငံ၌ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ အီသနောလောင်စာဆီ ရောစပ်မှု ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိရာ မော်တော် ယာဉ်အသစ်များအား ရောစပ်လောင်စာဆီနှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်ရောင်းချရမည်ဖြစ်ပြီး မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် လက်ရှိထုတ်လုပ်ထားသော ဓာတ်ဆီသုံး မော်တော် ကားများကိုလည်း လိုက်ဖက်ညီသည့် လောင်စာစနစ် ပြန်လည်ပြုပြင် တပ်ဆင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။
အစိုးရအဖွဲ့စီးပွားရေးရာကော်မတီက အီသနောဈေးနှုန်းများအား မြှင့်တင်ရန် အတည်ပြု ချမှတ်ခဲ့ပြီး နောက်တစ်ရက် ၁၁-၁၁-၂၀၂၁ နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အိန္ဒိယ ရေနံနှင့် သဘာဓာတ်ငွေ့ဝန်ကြီးဌာနမှ အတွင်းဝန် Mr. Tarun Kapoor က အစိုးရသည် အီသနော လောင်စာ ၂၀ ရာခိုင်နှုန်း ပါဝင်ရောစပ်ထားသည့် ဓာတ်ဆီအရောအနှော (E20 blended petrol) အား မိတ်ဆက်အသုံးပြုခြင်းကို ၂၀၂၃ ခုနှစ်မှ အစပြုဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှ စတင်၍ E20 ရောနှောဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် ရည်မှန်းချက် ချမှတ်ထားကြောင်း၊ ထိုသို့ အကူးအပြောင်းကာလအတွင်း စက်သုံးဆီဆိုင်များတွင် ၎င်း E20 ဓာတ်ဆီနှင့် အီသနော ၁၀ ရာခိုင်နှုန်း ပါဝင်သည့် E10 ဓာတ်ဆီတို့ကို ရောင်းချပေးလိမ့်မည်ဖြစ်ကြောင်း၊ E20 ဓာတ်ဆီ သီးသန့်ရောင်းချသည့် အရောင်းဆိုင်များ ထားရှိမည်မဟုတ်ပဲ တည်ရှိပြီးသား စက်သုံးဆီဆိုင်များ မှ ဖြန့်ဖြူးမည်ဖြစ်ကြောင်း ပြောကြားပါသည်။
မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများက အစိုးရ၏ အီသနောလောင်စာ ရောစပ်သုံးစွဲ ရေးအစီအစဉ်အပေါ် လိုက်ပါဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောဆိုသကဲ့သို့ စိုးရိမ်ပူပန်ဖွယ် အချက်များလည်းရှိကြောင်း ဖော်ပြကြပါသည်။
အိန္ဒိယပြည်တွင်း၌ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်ဝေစု ၅၀% ကျော် ရရှိထားသည့် Maruti Suzuki ကုမ္ပဏီသည် လက်ရှိကာလ၌ E10 ဓာတ်ဆီနှင့် ကိုက် ညီသည့် မော်တော်ယာဉ်များထုတ်လုပ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် E20 ရောနှောဓာတ်ဆီနှင့် လိုက်လျောညီထွေမှုရှိစွာ ထုတ်လုပ်နိုင်မည့် အခြေအနေရှိပါသည်။ အဆိုပါကုမ္ပဏီမှ နည်းပညာ ဆိုင်ရာ အရာရှိချုပ် Mr. C V Raman က အစိုးရ၏ E10 နှင့် E20 ရောနှောဆီများ အသုံးပြုရေး ရှေ့ရှုဆောင်ရွက်မှုတွင် လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် သာမန်ဓာတ်ဆီ နှင့် CNG တို့အပြင် ပြုပြင်ပြောင်းလဲလွယ်သည့် ရောနှောဆီ (flex fuel) စနစ်ကိုလည်း မော်တော် ယာဉ်ထုတ်လုပ်မှုလိုင်း၌ အစပြုထည့်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုပါသည်။
သို့ရာတွင် အီသနောလောင်စာ ၂၀ ရာခိုင်နှုန်းပါဝင်သည့် စက်မောင်းဆီ ထည့်သွင်း အသုံး ပြုရန် သင့်လျော်မှုမရှိသော မော်တော်ယာဉ်များအား လိုက်လျောညီထွေမှုရှိအောင် ပြုပြင်ရာ၌ ကုန်ကျစရိတ်ကြီးမားခြင်း၊ အီသနောရောနှောဆီ၏ ဆီစားမှုနှုန်းမြင့်မားခြင်း စသည့်အချက်များ ကြောင့် သုံးစွဲသူများ၏ နှစ်သက်လက်ခံမှုကို မရရှိနိုင်သည့် ပြဿနာရပ်များနှင့် ကြုံတွေ့ရနိုင် ကြောင်း ပြည်ပမော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှ အမှုဆောင်အရာရှိတစ်ဦးက ပြောဆိုပါသည်။
အတွင်းဝန် Mr. Tarun Kapoor ၏ ပြောကြားချက်အရ အိန္ဒိယအစိုးရသည် မော်တော် ယာဉ်များ၌ ၁၀၀ ရာခိုင်နှုန်းပြည့် အီသနောလောင်စာဆီဖြင့် မောင်းနှင်အသုံးပြုနိုင်သည့် အဆင့် ရောက်ရှိရန် ရည်မှန်းထားပြီး ကနဦး လေ့လာဆန်းစစ်မှုစီမံကိန်းကို Pune မြို့၌ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ပြည်တွင်း၌ မော်တော်ဆိုင်ကယ်များထုတ်လုပ်လျက်ရှိသော Bajaj Auto ၊ TVS နှင့် Toyota ကုမ္ပဏီတို့က အီသနောပါဝင်မှု မြင့်မားသော flex fuel လောင်စာဆီများ ထည့်သွင်းအသုံးပြုနိုင်သည့် အင်ဂျင်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင် TVS Motor နှင့် Mahindra & Mahindra ကုမ္ပဏီများသည် အီသနော လောင်စာဆီသုံး မော်တော်ယာဉ်များ ကနဦးစမ်းသပ်ထုတ်လုပ်မှုကို Pune မြို့၌ လုပ်ဆောင်လျက်ရှိပြီဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ E20 ရောနှောလောင်စာဆီဖြင့် မောင်းနှင်အသုံးပြုနိုင်သည့် မော်တော်ယာဉ် များ ထုတ်လုပ်ရောင်းချမှုကို ကုန်းလမ်းပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမကြီးများဝန်ကြီးဌာနက ခွင့်ပြုပေးရမည်ဖြစ်သော်လည်း ၂၀၂၅ ခုနှစ်အရောက်တွင် အဆိုပါရောနှောလောင်စာဆီများ ထုတ်လုပ်ရောင်းချနိုင်မှု သေချာစေရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနက တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။ ယခင်က ပြည်တွင်း၌ လေထုညစ်ညမ်းမှုကို လျော့ချရန် Bharat Stage VI အဆင့်ရှိ စက်မောင်းဆီသုံးစွဲရေးကို တွန်းအားပေးဆောင်ရွက်စဉ်ကလည်း လောင်စာဆီ ထုတ် လုပ်ရေးကဏ္ဍ၏ ဦးဆောင်မှုနောက်တွင် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများက တဖြည်း ဖြည်း လိုက်ပါလာသည့် သာဓကရှိခဲ့သည်။
အိန္ဒိယအစိုးရသည် ပြည်တွင်း၌ အီသနောရောနှောလောင်စာဆီ အသုံးပြုရေး လမ်းပြ မြေပုံ ၂၀၂၀-၂၅ ကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ ၅-၆-၂၀၂၁ ရက်နေ့တွင် ချမှတ်ထုတ်ပြန်ခဲ့ရာ အိန္ဒိယ စက်သုံးဆီထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများသည် ဓာတ်ဆီ၌ အီသနော ၁၀% ရောနှော ထည့်သွင်းမှုအား ၂၀၂၁-၂၂ ESY အီသနောထုတ်လုပ်ပေးသွင်းရေးနှစ် (ဒီဇင်ဘာလမှ နိုဝင်ဘာလ အထိ) တွင်လည်းကောင်း အီသနော ၂၀% ပေါင်းစပ်မှုအား ၂၀၂၅-၂၆ ESY နှစ်၌ လည်းကောင်း ရည်မှန်းချက် ပြည့်မီရေး ဆောင်ရွက်လျက်ရှိသည်။ Business Standard သတင်းဌာန၏ ဖော်ပြ ချက်အရ အိန္ဒိယရေနံကုမ္ပဏီများသည် ၂၀၁၃-၁၄ ESY နှစ်တွင် အီသနောလောင်စာဆီ လီတာ ၃၄ ကုဋေသာ ထုတ်လုပ်ခဲ့ရာမှ ၂၀၂၀-၂၁ ESY နှစ်တွင် လီတာ ကုဋေပေါင်း ၃၅၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
Source: India aims to sell only 20% ethanol-blended petrol from 2025: Oil Secretary, 11-11-2021, Business Standard
စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

တရုတ်နိုင်ငံတွင်ဖြစ်ပေါ်နေသော စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

အနာဂတ်နယ်စပ်ကုန်သွယ်ရေးအခြေအနေစိုးရိမ်ဖွယ်ဖြစ်ကြောင်းကုမ္ပဏီများကပြောကြားလျှက်ရှိခြင်း
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ဟောင်ကောင်ဒေသ၏ နယ်စပ်ဖြတ်ကျော် စီးပွားရေး လုပ်ငန်းများ၏အလားအလာမှာ စိုးရိမ်ဖွယ်ဖြစ်ပြီး ကောင်းမွန်မှုမရှိနိုင်ဟု ဟောင်ကောင်ဒေသရှိ ကုမ္ပဏီများမှ ပြောကြားလျှက်ရှိကြောင်းကို South China Morning Post သတင်းစာတွင် ရေးသား ဖော်ပြထားကြောင်း၊ဟောင်ကောင်အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်းမှလည်း ငွေ ကြေးအချက်အချာကျသည့် ဟောင်ကောင်ဒေသအနေဖြင့် နိုင်ငံတကာခရီးသွားလုပ်ငန်းများ မကြာမီ ပြန်လည်ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း၊ ပေကျင်းမှ တရုတ်ပြည်မကြီးနှင့် နယ်စပ်မှ ခရီးသွားလာမှုများ ပြန်လည်ဖွင့်လှစ်နိုင်ရန် နေ့စဉ်အရေးကြီးလုပ်ငန်းများ ဆောင်ရွက် မည့်သူစာရင်းတွင် သတ်မှတ်ပါဝင်သူအများစုအား ကန့်သတ်စောင့်ကြည့်ရေး ကင်းလွတ်ခွင့်ပေး ထားမှုအား ရပ်ဆိုင်းမည်ဟု ဟောင်ကောင်‌ဒေသအုပ်ချုပ်ရေးမှူးချုပ်၏ကြေငြာချက်အား စီးပွားရေး လုပ်ငန်းအဖွဲ့များမှ တုံ့ပြန်ပြောကြားမှုများရှိခဲ့ကြောင်း၊ယခုနှစ်အစောပိုင်း ပထမ(၇)လအတွင်းတွင် လစဉ်လူဉီးရေ(၃၈၀၀၀)ဉီးအား ကန့်သတ်စောင့်ကြည့်ရေး ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း၊ နေ့စဉ် လုပ်ငန်းများဆောင်ရွက်ရန် အရေးကြီးသူများနှင့် စီပွားရေးလုပ်ငန်းများအတွက် အရေးကြီးသူများ အား အုပ်စု(၃၆)ခုခွဲ၍ ယခုလက်ရှိတွင် ကန့်သတ်စောင့်ကြည့်ရေး ကင်းလွတ်ခွင့်ပေးထားကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ကိုဗစ် -၁၉ ကူးစက်မှုနှင့် သေဆုံးမှု အနည်းဆုံးအခြေအနေတွင် ထိန်းထားနိုင်သော်လည်း တရုတ်ပြည်မကြီး၏ တင်းကြပ်သည့်သတ်မှတ်ချက်ဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းသုညဖြစ်စေရန် ဟောင်ကောင်အနေဖြင့်လိုက်ပါဆောင်ရွက်ရမည်ဖြစ်ရာ နိုင်ငံတကာ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ရုန်းကန်ဆောင်ရွက်လျှက်ရှိကြောင်း၊ နယ်စပ်ဖြတ်ကေျာ် စီးပွားရေးလုပ်ငန်းများမှာ Online မှ ဆောင်ရွက်နိုင်သော်လည်း လုပ်ငန်းမိတ်ဖက်အသစ်များ ရှာဖွေရန် အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုခက်ခဲလာပြီး တိုးတက်မှုများ ရပ်တန့် သွားနိုင်ကြောင်း၊ဟောင်ကောင်ဒေသရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းများမှာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် ထိခိုက်လျှက်ရှိသောကြောင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ အထူး အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။
နည်းပညာအချက်အချာကျသည့်ရှန်းကျန့်မြို့၌ ကျင်းပပြုလုပ်မည့် ကုန်စည်ပြပွဲများ ပယ်ဖျက်ခြင်း
တရုတ်နိုင်ငံ၏ အခြားသောဒေသများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု မြင့်တက်လျှက်ရှိသော ကြောင့် ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ဆီလီကွန်တောင်ကြားဖြစ်သည့် တရုတ် နိုင်ငံတောင်ပိုင်းရှိ နည်းပညာအချက်အချာကျသည့် ရှန်းကျန့်မြို့၌ကျင်းပပြုလုပ်မည့် ကုန်စည်ပြပွဲ များကို ယာယီရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းများပြုလုပ်ခဲ့သည်ဟု South China Morning Post သတင်းစာတွင် ရေးသားဖော်ပြထားကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနည်းပါးစေရန် စီးပွားရေး လုပ်ငန်းများနယ်မြေဖြစ်သည့် ဖူရှင်းခရိုင်ရှိ Shenzhen Convention & Exhibition Centre- SZCEC)၌ ကျင်းပပြုလုပ်မည့်ပြပွဲများကို ပယ်ဖျက်ခဲ့ကြောင်း၊ လူဉီးရေ(၂၀၀၀၀)ခန့် လာရောက်ရန် ခန့်မှန်းထားသော China Public Security Expo အား ယခုနှစ် ဒီဇင်ဘာလကုန်(သို့)လာမည့်နှစ် ဇန်နဝါရီလအစောပိုင်းသို့ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း၊ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် ပြပွဲများအားလုံးကို ယာယီရပ်ဆိုင်းရန် SZCEC မှ ဆုံးဖြတ်ခဲ့ပြီး ကျင်းပပြုလုပ်လျှက်ရှိသည့်ပြပွဲများ ကိုလည်း ၂၅-၁၀-၂၀၂၁ ရက်နေ့က နောက်ဆုံးရက်သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ရှန်းကျန့်မြို့ရှိ ပြပွဲကြီးမှူးကျင်းပပြုလုပ်သည့် အဖွဲ့အစည်း(၁၀)ခုမှလည်း အောက်တိုဘာလနောက်ဆုံးပတ်နှင့် နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်ရန်စီစဉ်ထားသော ပြပွဲများကိုလည်း ယာယီရပ်ဆိုင်းခဲ့သော် လည်း တရုတ်နိုင်ငံ၏ အကြီးဆုံးသိပ္ပံနှင့်နည်းပညာပြပွဲများမှ တစ်ခုဖြစ်သည့် China Hi-Tech Fair အား SZCEC ၌ အစီအစဉ်ရေးဆွဲထားသည့်အတိုင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၁) ရက်နေ့အတွင်း ကျင်းပပြုလုပ်ရန်မျှော်မှန်းထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ကူမင်းမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါးစိုက်တောင်သူနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီး သာယာဝတီခရိုင်အနေဖြင့် မိုးစပါးစိုက်ဧကမှာ (၆၇၅၅၉၂)ဧက မင်းလှမြို့အနေဖြင့် (၇၆၁၃၉) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ သာယာဝတီခရီုင်ဦးစီးမှူးနှင့် အတူ မင်းလှမြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၁၀ . ၁၁ .၂၀၂၁ ) ရက်နေ့တွင် မင်းလှမြို့နယ် ၊စာနီစုကျေးရွာအုပ်စု ၊ ‌စာနီစုကျေးရွာရှိ ဆင်းသုခစပါးစိုက်ကွင်း၊ စိုက်ဧက (၁၇) ဧက စိုက်ပျိုးသော တောင်သူ ဦးချမ်းသာ၏ လယ်သို့ ကွင်းဆင်းရာတွင် စပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၇၀) တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။
ကုန်ကျစရိတ်များအနေဖြင့် သွင်းအားစုသုံးစွဲမှုမှာ ယခင်နှစ် မျိူးစပါးစျေးနှုန်း ၁အိတ်လျှင် ၈၅၀ဝိ၊ ယခုနှစ် ၁အိတ်လျှင် ၁၇၀၀ဝိ၊ ယခင်နှစ် မိုးစပါးရာသီတွင် ပုလဲမြေဆီ ၁ အိတ်လျှင် ၂၇၀၀ဝိ/ ယခုနှစ်စျေးနှုန်း ၁အိတ်လျှင် ၅၀၀၀ဝိ မှ ၇၀၀၀ဝိ ထိ၊ ယခင်နှစ် ၁၅ပတ်လည်မြေဆီ ၁အိတ်လျှင် ၃၈၀၀ဝိ/ ယခုနှစ်စျေးနှုန်း ၆၀၀၀ဝိ/ ထိစျေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲရပါကြောင်း သိရှိရပါသည်။
စပါးစျေးနှုန်းများအနေဖြင့် အစိုဓါတ် ၂၀% မှ ၂၅% ရှိ ဆင်းသုခစပါး ၅၀ပေါင် စျေးနှုန်းမှာ ၅၉၀,၀၀၀ကျပ် (၄၆ပေါင်စျေးနှုန်း=၅၄၂၈၀ဝိ/ကျပ်) ဖြစ်ပါသည်။ အခြောက်ခံစက်သို့ တင်ပို့ပြီး အခြောက်ခံလျှင် အခြောက်ခံခ (၁) တင်းစျေးနှုန်းမှာ ၃၅၀ကျပ်၊ စပါး (၁၀၀) တင်းလျှင် ၃၅၀၀ဝိ/ ကုန်ကျမည် ဖြစ်ကြောင်း ၊ ၁၃% ထိ အခြောက်ခံပြီး ၅၀ပေါင် စပါးစျေးနှုန်းမှာ ၆၅၀၀၀ဝိ (၄၆ပေါင်စျေးနှုန်း= ၅၇၅၀၀ဝိ)/ စျေးရရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ဖျာပုံမြို့နယ်တွင် ဈေးကွက်ဝင်အုန်းချိုမွှေးများကိုစိုက်ပျိုးလျက်ရှိ

ဖျာပုံမြို့နယ်သည်စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်လျက်ရှိသော မြို့ တစ်မြို့ဖြစ်ပြီး ယခုအခါတွင် ထိုင်းမျိုးဖြစ်သည့် အုန်းချိုမွှေး(အရေသောက်အုန်းပင်)များကို စိုက်ပျိုး လာကြသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် အုန်းချိုမွှေးများ စိုက်ပျိုးထားသည့် ကျုံတာကျေးရွာသို့ သွားရောက်၍ စိုက်ခင်းတာဝန်ခံ ဦးမောင်အေးနှင့် တွေ့ဆုံပြီး စိုက်ခင်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပါသည်။
စိုက်ခင်းတာဝန်ခံက အုန်းချိုမွှေး စိုက်ဧက(၄)ဧကစိုက်ပျိုးထားရှိကြောင်း၊ တစ်ဧကလျှင် အပင်(၈၀)နှင့် တစ်ပင်နှင့်တစ်ပင်အကြား (၁၅)ပေ ခြား၍ တစ်ဘောင်နှင့် တစ်ဘောင်ကြား (၁၀)ပေအကွာအဝေးဖြင့် စိုက်ပျိုးထားရှိပါကြောင်း၊ ပျိုးပင်များကို ရန်ကုန်မြို့တိုက်ကြီးမှဝယ်ယူပြီး တစ်ပင်လျှင်(၇၀၀၀)ကျပ် ဈေးဖြင့်ဝယ်ယူရကြောင်း၊ ခြံလုပ်သားများအား ကိုယ့်စားရိတ်ကိုယ်စားစနစ်ဖြင့် တစ်နေ့လျှင် လုပ်ခကျပ်(၇၀၀၀ မှ ၁၀၀၀၀) ထိပေးချေရကြောင်း၊ စိုက်ခင်းဘောင်ပေါ်တွင် စက်ဖွဲပြာ၊ သဘာဝ ကြက်ချေး၊ တီစူပါအနက်၊ ပုလဲဓါတ်မြေဩဇာ နွာချေးတို့အား အချိုးအစားအတိုင်း ထည့်ပေးကြောင်း၊ အုန်းချိုမွှေး သီးချိန်ကတော့(၂)နှစ်ဆိုလျှင် သီးကင်း လိုက်ပြီး (၃) နှစ်တွင် ဈေးကွက် တင်ရောင်းလို့ရပြီဖြစ်ကြောင်း၊ အုန်းပင် တစ်ပင်လျှင် ၃/၄ခိုင် သီးပြီး အုန်းသီး တစ်ခိုင်လျှင် (၂၅-၃၀) လုံးခန့်သီးကာ ဈေးကွက်အနေဖြင့် တစ်လုံးလျှင် ကျပ်(၄၀၀-၅၀၀) ကျပ်ရရှိကြောင်း သိရှိရပါသည်။
အုန်းချိုမွှေး (၁) ဧကစိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ် (၇၅) သိန်းခန့်ရှိပြီး အုန်းပင်ကြားတွင် မျိုး ကောင်းသော ကွမ်းသီးပင်များ အပင် (၁၀၀၀) ကြားညှပ်စိုက်ပျိုးထားရှိပါသည်။ ကျုံတာ ကျေးရွာတွင်လည်း အုန်းချိုမွှေးစိုက်ပျိုးသူ နောက်တစ်ဦးရှိပြီး ဒေးဒရဲမြို့နယ်တွင်လည်း အုန်းချိုမွှေး စိုက်ပျိုးသူများရှိကြောင်း ခြံတာဝန်ခံထံမှ သိရှိခဲ့ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)

အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးရန်စီစဉ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အညီ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးနှင့် ချိတ်ဆက်နိုင်မည့် ပညာပေး အစီအစဉ်များ ဖော်ဆောင်ရန်၊ အလုပ်လက်မဲ့နှင့် ကျပန်းလုပ်သားများအနေဖြင့် အလုပ်အကိုင် အတည်တကျရရှိခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီဥက္ကဌ တိုင်းဒေသကြီး သယံဇာတဝန်ကြီး ဦးတင်သန်းဝင်း ဦးစီးပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလ၈ ရက်နေ့က ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လုပ်ငန်းခွင် လုပ်သားခန့်ထားနိုင်မည့် အလုပ်ရုံများ လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးကာ လိုအပ်သည့် အတတ်ပညာသင်တန်းများပို့ချပေးရန် ဆွေးနွေးခဲ့ကြကြောင်း သင်တန်း ဆင်းပြီးနောက် လုပ်သားအဖြစ်လုပ်ကိုင်မည့်သူများအတွက် အလုပ်ရုံနှင့် ချိတ်ဆက်ပေးကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူများအတွက်လည်း နိုင်ငံတော်မှထုတ်ချေးပေး လျက်ရှိသော ချေးငွေအမျိုးအစားများနှင့် ချိတ်ဆက်ပေးနိုင်ရေးဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်း၍ (၆)လ ဘဏ္ဍာနှစ် အတွင်း သင်တန်းအမျိုးအစား(၄)မျိုးဖွင့်လှစ်ပေးရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင် အဖြစ်ပါဝင်သည့် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်အဖွဲ့သည် ပထမဆုံးဖွင့်လှစ်မည့် မုန့်မျိုးစုံထုတ်လုပ်နည်း သင်တန်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ဆုံကာ သင်တန်းဖွင့်လှစ်ပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ပေးခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းတို့ဖြင့် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန
စစ်ကိုင်းတိုင်းဒေသကြီး

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးစပါးစိုက်ဧက (၃၈၂၆၀၉) စိုက်ပျိုးနိုင်ခဲ့ပြီး ရွှေတောင်မြို့တွင် (၅၈၁၆၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။
(၉ . ၁၁ . ၂၀၂၁) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် မင်းကွန်းအုပ်စု ၊ မင်းကွန်း ကျေးရွာရှိ ကွင်းအမှတ် - B.43 ရှိ မှော်ဘီစပါး (၁၀) ဧက စိုက်ပျိုးသော တောင်သူ ဦးအောင်ဇော်မိုး ၏ လယ်သို့ ကွင်းဆင်းရာ စပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် (၆၅)တင်း ထွက်ရှိကြောင်း၊ စက်အရောက် စျေးမှာ (၄၆) ပေါင် တင်း (၁၀၀) လျှင် (၅၈၀၀၀၀) ကျပ်စျေးဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
စပါးစျေးနှုန်းများအနေဖြင့် ယခင်နှစ် မိုးစပါးပေါ်စတွင် (၄၆)ပေါင် တင်း (၁၀၀)လျှင် (၅၆၀၀၀၀) ကျပ်စျေးရှိပြီး ယခုနှစ်တွင် (၅၈၀၀၀၀) ကျပ်စျေးရှိ၍ ယခင်နှစ်ထက် စျေးပိုမိုရရှိသော်လည်း ယခုနှစ် အနေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာစျေးနှုန်းများ မြင့်လာခြင်း၊ စက်သုံးဆီ ၊ ဒီဇယ်ဆီ ၊ ဓာတ်ဆီစျေး မြင့်တက်ခြင်း ၊ စပါးရိတ်သိမ်းခြွေလှေ့ခများ ကြီးမြင့်လာခြင်းတို့ကြောင့် ယခုထက်ပိုမို၍ စျေးကောင်းပိုမိုရရှိနိုင်ရေး မျှော်လင့်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

ပန်းတောင်းမြို့နယ်တွင် မိုးပဲတီစိမ်းများစတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် ပဲတီစိမ်းများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပြည်ခရိုင်အနေဖြင့် ပဲတီစိမ်းစိုက်ဧကမှာ (၅၉၉၅) စိုက်ပျိုးနိုင်ခဲ့ပြီး ပန်းတောင်းမြို့အနေဖြင့် (၁၈၀၂) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပန်းတောင်း မြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၉ . ၁၁ .၂၀၂၁ ) ရက်နေ့တွင် ဒေါင်းမြတ်နားအုပ်စု ၊ ‌ဒေါင်းမြတ်နား ကျေးရွာရှိ ပဲတီစိမ်း စိုက်ဧက (၃.၅) ဧက စိုက်ပျိုးသော တောင်သူ ဦးခင်မောင်ဌေး၏ လယ်သို့ ကွင်းဆင်းရာတွင် ပဲတီစိမ်း ထွက်ရှိမှု အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် (၉-၁၀) တင်းထွက်ရှိပြီး စုစုပေါင်းအထက်မှာ ၃၁ တင်းမှ ၃၅ တင်းကြား ထွက်ရှိကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော ပဲတီစိမ်းမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်ပြီး မျိုးတစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ရကြောင်း သိရှိရပါသည်။
စျေးနှုန်းများအနေဖြင့် ယခုအချိန်ထွက်ရှိသော မိုးပဲတီစိမ်းစျေးနှုန်းမှာ တစ်တင်းလျှင် (၄၃၀၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ်တွင်လည်း တစ်တင်းလျှင် (၄၃၀၀၀) ကျပ်စျေးဖြင့် စျေးနှုန်းတူနေကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ်အတိုင်း စျေးတူသော်လည်း ယခုနှစ်အနေဖြင့် သွင်းအားစုများ ဖြစ်သည့် ပိုးသတ်ဆေး ၊ အပင်အားဆေးများ စျေးနှုန်းမြင့်တက်မှုကြောင့် ယခုထက်ပိုမို၍ စျေးကောင်းရရှိနိုင်ရေး ပဲစိုက်တောင်သူများမျှော်လင့်လျှက်ရှိပါကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - HighLight News