Main menu

HighLight News

Powered by Drupal

ဆေးဖက်ဝင် ဒန့်ဒလွန်ပင်

       ဒန့်ဒလွန်ပင်သည် အပူပိုင်းဒေသသီးနှံဖြစ်သော်လည်း တောင်ပေါ်/မြေပြန့်မရွေးဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးစိုက်ပျိုးနိုင်သော အပင်လည်းဖြစ်ပါသည်။ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်ကို မြန်မာလူမျိုးများ နှစ်သက်စွာ ချက်ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ ဟင်းချိုချက်၍သော် လည်းကောင်း စားသုံးကြပြီး အရွက်၊ အဖူး၊ အသီးအထိစား၍ရသော အပင်လည်း ဖြစ်သည်။ ဒန့်ဒလွန်သီးကိုမူ သီးစုံပဲကုလားဟင်းအနေဖြင့်သော်လည်းကောင်း၊ အတွင်းမှ အနှစ်များကို ခြစ်ကာကြော်ချက်၍သော်လည်းကောင်း စားသုံးလေ့ရှိပြီးအများအားဖြင့် ဟင်းရည်သောက်အနေဖြင့် ချက်ပြုတ်စားလေ့ရှိသည်။

        ဒန့်ဒလွန်ပင်ကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝင်းများ၌ တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စီးပွားဖြစ် စိုက်ပျိုးကြခြင်းမရှိသေးပေ။ ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့တွင် အာဟာရဓါတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့် ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓါတ်များ ကြွယ်ဝစွာပါဝင်ပါသည်။ ဒန့်ဒလွန်အရွက်တွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အမိုင်နိုအက်ဆစ်လည်း ပါဝင်ပါသည်။ အဆိုပါ အက်စစ်သည် ခန္ဓာကိုယ်၏ ဖွဲ့စည်းမှုလုပ်ငန်းစဉ်များ ပုံမှန်လည်ပတ်စေရန် အထောက်အကူပြုသည်။ ဗီတာမင်အေ ၊ B1၊ B2၊ B3၊ B6၊ ဗီတာမင်စီ၊ ပရိုတိန်း၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ အိုင်းရွန်း၊ မက်ဂနီဆီယမ်၊ ဖော့စ်ဖောရပ်စ် တို့လည်းကြွယ်ဝစွာပါဝင်ပါသည်။ ဒန့်ဒလွန်အသီးနှင့်ဒန့်ဒလွန်အရွက်တွင် ဗီတာမင်ပါဝင်မှုများမတူညီကြပါ။ အသီးတွင် အရွက်ထက်အခြားဗီတာမင်ပါဝင်မှု အားနည်းသော်လည်း ဗီတာမင်အေ ပါဝင်မှုနှုန်းမှာ ပိုမိုမြင့်မားသည်။ သွေးထဲရှိသကြားပမာဏကိုလည်း လျော့ချပေးသဖြင့် ဆီးချို၊ သွေးချိုရောဂါရှိသူများ စားသုံးပေးသင့်သည်။ ထို့ပြင် နာတာရှည်ရောဂါများ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါ အစရှိသည့်ရောဂါများကိုလည်း သက်သာစေသည်။ သွေးဖိအားကိုလည်း လျော့ကျပေးသဖြင့် သွေးတိုးရောဂါ ရှိသူများလည်း စားသုံးသင့်ပါသည်။ သွေးတိုးကိုကျစေပြီး မျက်လုံးကိုကျန်းမာစေပါသည်။ အဆိပ် အတောက်ဖြစ်မှုကိုလည်း ကာကွယ်ပေးသည်။ ဒန့်ဒလွန်တွင် ကိုလက်စထရောဓါတ် ပါဝင်မှုမရှိသလောက် နည်းပါသဖြင့် အဆီများကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်သွယ်လျစေသည်။ နေ့စဉ်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ဇီဝတွင်း ဖြစ်ပျက်မှုကို လှုံ့ဆော်ပေးခြင်းဖြင့် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေသောကြောင့် ဝိတ်ချချင်သူများလည်း ဒန့်ဒလွန်အား များများစားသုံးပေးသင့်ပါသည်။ ဒန့်ဒလွန်ရွက်တွင် သံဓါတ်ရောင်ရမ်းမှုကို လျော့ကျစေသည့်အာနိသင်နှင့် ရောဂါပိုးများကို သေစေနိုင်သည့် အစွမ်းသတ္တိများလည်းရှိသည်။ ထိခိုက်နာ၊ အပူလောင်ခြင်းစသည့် ဒဏ်ရာကဲ့သို့သော အသေးစားဒဏ်ရာများကို သက်သာစေသည့်အပြင် အနာကို အကျက်မြန်စေပါသည်။ နို့တိုက်မိခင်များ နို့ထွက်စေရန် ဒန့်ဒလွန်ရွက်ကိုစားသုံးပေးသင့်သည်။ ဒန့်ဒလွန်သည် သွေးတွင်းသကြားဓါတ်ကို လျော့ချပေးနိုင်သဖြင့် ဆီးချိုသမားများအတွက်လည်း အထူးသင့်တော်သည်။

      ထို့ပြင် ဆံသားကို ကျန်းမာသန်စွမ်းစေသည့် ဗီတာမင်များပါဝင်သဖြင့် ဦးရေပြားသွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်များကိုသန်စွမ်း နက်မှောင်စေပါသည်။ ဒန့်ဒလွန်ရွက်သည် အာရုံကြောစနစ်ကို အထူးကောင်းမွန်စေသဖြင့် ခေါင်းတခြမ်းကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အခြားအာရုံကြောဆိုင်ရာဝေဒနာများကို သက်သာစေနိုင်ပါသည်။ အစာချေဖျက်ခြင်းကို အထောက်အကူပြုသည့်အပြင် ခန္ဓာတွင်းမှ အဆိပ်အတောက်များကို ပြေစေပြီးသွေးသန့်စေပါသည်။ ခန္ဓာကိုယ်စွမ်းအင်ကို ပြည့်ဝစေပြီး အရေပြားကိုနုပျိုစေပါသဖြင့် ဝက်ခြံနှင့် အမဲစက်ဖြစ်ပေါ်မှုကို သက်သာစေပါသည်။ ဒန့်ဒလွန်ရွက်တွင် Polyphenols များပါဝင်သဖြင့် အသည်းအဆိပ်အတောက်ဖြစ်ခြင်းနှင့် အသည်းပျက်ဆီးခြင်းများ မဖြစ်အောင် ကာကွယ်ပေးပါသည်။ အရိုးကို ကျန်းမာသန်စွမ်းစေပြီး ရောင်းရမ်းမှုကို လျော့ကျစေသဖြင့် အဆစ်ရောင်၊ အရိုးအဆစ်နာကျင်ခြင်း၊ အရွတ်နာခြင်းမျာကို သက်သာစေနိုင်သည့် အစွမ်းများလည်းရှိသည်။ ကျောက်ကပ်၊ ဆီးအိမ်နှင့်သားအိမ်ထဲ ကျောက်တည်တာမျိုးများမဖြစ်အောင် ကာကွယ်ပေးပါသည်။ ဒန့်ဒလွန်အား စားသုံးခြင်းဖြင့် ကောင်းကျိုးများစွာရှိသော်လည်း အခြားဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ဒန့်ဒလွန်သည် ဝမ်းပျော့ပျော့သွားစေနိုင်သည့် အစွမ်းသတ္တိရှိသောကြောင့် များများ စားသုံးပါက ဗိုက်နာစေခြင်း၊ ဝမ်းလျှောစေခြင်း၊ ရင်ပူစေခြင်းတို့ဖြစ်ပေါ်စေပါသည်။ ဒန့်ဒလွန်သည် သွေးအားနည်းစေသောကြောင့် သွေးအားနည်းသူများ အလွန်အကျွံမစားသုံးသင့်ပေ။ ဒန့်ဒလွန်အရွက်နှင့် အသီးတွင်ပါဝင်သော Alkaloids ကွန်ပေါင်းသည် နှလုံးခုန်နှုန်းအား နှေးကွေးစေနိုင်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ ဒန့်ဒလွန်ကို စားသုံးပါက မီးဖွားရာတွင်ခက်ခဲစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များ မီးမဖွားမီ ဒန့်ဒလွန်စားသုံးခြင်းကို ရှောင်ကြဉ်သင့်သည်။

စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

“မြန်မာ့ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ ၂၀၂၂-၂၀၂၄ (၃) နှစ်သက်တမ်းကာလအတွက် အလုပ်အမှုဆောင် ရွေးချယ်ခြင်း”

     ရန်ကုန်၊ ၂၅ - ၁၁ - ၂၀၂၁ စိုက်ပျိုးရေးလုပ်ငန်းအား အဓိကထားလုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံတွင် ပဲ၊ နှမ်း စိုက်ပျိုးခြင်းသည် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲရသည်အထိ အဓိက လုပ်ငန်းများတွင်လည်း ပါဝင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ပဲနှမ်းစိုက်ပျိုးထုတ်လုပ်ရာမှ နိုင်ငံခြားပို့ကုန်အဖြစ် တင်သွင်းနိုင်သည်အထိ ပတ်သက်ဆက်နွယ်နေကြသော စိုက်ပျိုးသူ၊ ကုန်သည်၊ နိုင်ငံခြား တင်ပို့သူများနှင့် နိုင်ငံတော်အတွက်ပါ အကျိုးရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းအား ဖွဲ့စည်းခဲ့ပြီး (၃)နှစ် တစ်ကြိမ် အလုပ်အမှုဆောင် အသစ်များ ရွေးချယ်၍ (ပဲ၊ နှမ်း၊ ပြောင်း) ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

    ပဲမျိုးစုံကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးရှေးရှု၍ (၂၀၂၂-၂၀၂၄) (၃)နှစ် သက်တမ်းကာလအတွက် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ အလုပ်အမှုဆောင် အသစ်များ ကြိုတင်ရွေးချယ်နိုင်ရေးဆောင်ရွက်ခဲ့ပြီး ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်ရေးကော်မရှင် အဖွဲ့အား ဖွဲ့စည်းခဲ့ရာ ဦးတိုးအောင်မြင့်၊ အမြဲတန်းအတွင်းဝန်(ငြိမ်း)၊ စီးပွားနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဥက္ကဌအဖြစ်လည်းကောင်း ဦးမြင့်လွင်၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ စားသုံးသူရေးရာဦးစီးဌာနမှ အဖွဲ့ဝင်၊ ဦးရဲထွဋ်နိုင်၊ ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းထားရှိခဲ့ပြီး ကြီးကြပ်ရေးကော်မရှင်အဖွဲ့အား အသင်းမှ ရွေးချယ်တင်မြောက်ပွဲအတွက် စီစဉ်ထားရှိမှုအခြေအနေများနှင့် မဲစိစစ်ရွေးချယ်မှုစနစ်အား တင်ပြခြင်း၊ ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်ခြင်းများကို Zoom Online Meeting ဖြင့် ၂၄.၁၁.၂၀၂၁ နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)

ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ မုန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၃.၁၁.၂၀၂၁ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဝေယံကျော်၊ ဒုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဦးရဲလင်းဦး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မင်္ဂလာကုန်းလမ်း၊ အမှတ်(၂) ရပ်ကွက်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ မုန့်မျိုးစုံလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် မုန့်မျိုးစုံလုပ်ငန်းများအနေဖြင့် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိ နှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများမှ ၎င်းတို့ချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ တို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

သုံးစွဲရန် စိတ်ချရမှုမရှိသော ကုန်စည်များအား မီးရှို့ဖျက်ဆီး

မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် မော်လမြိုင်မြို့နယ်တာဝန်ခံတို့သည် မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ‌ရေးကော်မတီအဖွဲ့ဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ၂၄.၁၁.၂၀၂၁ ရက်နေ့ ၉:၃၀ နာရီချိန်တွင် မော်လမြိုင်မြို့နယ် မုယောင်း အမှိုက်ကျင်းတွင် မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခြင်းတွင် သက်တမ်းလွန်ဆေးဝါးများ၊ သက်တမ်းလွန်အလှကုန်နှင့် လူသုံးကုန်များ၊ သက်တမ်းလွန်စားသောက်ကုန်များ၊ ဆေးဆိုင်များနှင့် ကုမ္ပဏီများမှ လာရောက်အပ်နှံသော ဆေးဝါးများ၊ အလှကုန်၊ လူသုံးကုန်များ စုစုပေါင်း အမယ် (၄၀၇) မျိုး ခန့်မှန်းတန်ဖိုး (၂၆,၀၇၃,၉၂၃) ကျပ်ခန့်အား မီးရှို့ဖျက်ဆီးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံရုံးမှ ဦးမောင်မောင်အေး၊ ဒု-ကြီးကြပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် (၂၂.၁၁.၂၀၂၁) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဝေယံကျော်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့ ပူးပေါင်း၍ ဗိုလ်ချုပ်လမ်း၊ အမှတ်(၂) ရပ်ကွက်၊ ဇမိရတနာဈေးအတွင်း လက်လီ/ ကားရောင်းချ နေသောဆိုင်များ၊ စားသောက်ကုန်၊ မုန့်မျိုးစုံနှင့်ကုန်မျိုးစုံဆိုင်များအား ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် သက်တမ်းလွန် ကုန်ပစ္စည်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့်မဖြစ်မနေ ဖော်ပြရမည့် အချက်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါဝင်သည့် ကုန်ပစ္စည်းများရောင်းချခြင်း ရှိ/ မရှိ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ “ပတတံတားအား”ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှ တက်ရောက် ဖွင့်လှစ်ခြင်း

၂၄.၁၁.၂၀၂၁ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့ (၁၄)မှ တာဝန်ယူ တည်ဆောက်ခဲ့သော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်လမ်းပေါ်ရှိ “ ပတတံတားအား ” ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ KNU/KNLA(PC) ဥက္ကဌ ဦးစောထော့လေးနှင့် ဒုဥက္ကဌ ဒေါက်တာနော်ကပေါ်ထူး၊ နယ်ခြားစောင့်တပ်များ၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အမှတ် (၂) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ KNU (ကရင်အမျိုးသားအစည်း အရုံး)နဘူးဥက္ကဌ ပဒိုတာစော ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး တို့မှ ပတတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်မှ တံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပြီး အမွှေးနံသာရေများ ပက်ဖျန်းပေးခဲ့ကြပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာသည့် ကရင်တိုင်းရင်းသားလူငယ်များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကရင်ပြည်နယ်)

“မြန်မာ့ပဲများ EU စံချိန်စံညွှန်း၊ အရည်အသွေးကိုက်ညီစေရေး တောင်သူများအား GAP Training သင်တန်းများ ပို့ချနိုင်ရေး ညှိနှိုင်းဆွေးနွေး”

ရန်ကုန်၊ ၂၄ - ၁၁ - ၂၀၂၁
၂၀၂၁-၂၀၂၂ ပဲရာသီတွင် EU နိုင်ငံများသို့ Bean Sprouting အတွက် မြန်မာ့ပဲများ တင်ပို့ရာ၌ EU နိုင်ငံ၏ သတ်မှတ်ချက် စံချိန်စံညွှန်း၊ အရည်အသွေးများ ကိုက်ညီစေရေးနှင့် သီနှံများ လိုအပ်ချက်များနှင့်အညီ စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ကျွမ်းကျင်ပညာရှင်များမှ တောင်သူများအား သက်ဆိုင်ရာ မြို့နယ်အလိုက် GAP Training သင်တန်းများ ကွင်းဆင်း ပို့ချနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ၂၄.၁၁.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူး၊ ဦးရွှေဖြူ မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်စင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တင်စိုး နှင့် ပဲတင်သွင်းသည့် ကုမ္ပဏီများ ဖြစ်ကြသော Pyei Phyo Aung Co.,Ltd, Arkar Oo Co.,Ltd, Aung Kyun Thar Co.,Ltd, Bright Light Co.,Ltd, New Golden Gate (1991) Co.,Ltd, United Dragon Co.,Ltd, Trade Canal Group Co.,Ltd တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တောင်သူပညာပေးသင်တန်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် သန်လျင်မြို့နယ် ၌လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင် ခရမ်းမြို့နယ် ၌ လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၌ လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် သုံးခွမြို့နယ်၌ လည်းကောင်း တောင်သူစုစုပေါင်း (၃၂၅)ဦးအား သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)

ဆိပ်ဖြူကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီ အဓိက စိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်ဖြစ်ပြီး နှစ်စဉ် ကြက်သွန်နီစိုက်ဧက (၆၀၂၄)ခန့် စိုက်ပျိုးပါသည်။ ဆိပ်ဖြူမြို့နယ်၏လူဦးရေမှာ (၁၁၃၇၈၅)ဦးဖြစ်ပြီး မြို့နယ်လူဦးရေ၏ ၈၀ % မှာ ကြက်သွန်နီကို အားထားပြီး စိုက်ပျိုးထုတ်လုပ်ကြသော တောင်သူများဖြစ်ပါသည်။ ကြက်သွန်နီအပြင် အခြားသီးနှံများ စိုက်ပျိုးသော်လည်း အလွန်နည်းပါးပါသည်။
နှစ်စဉ်ကြက်သွန်နီစိုက်ပျိုးရာတွင် ဆောင်းကြက်သွန်(ပင်စိုက်)နှင့် မိုးကြက်သွန်(ဥစိုက်)ဟူ၍ နှစ်မျိုးရှိပြီး ဆောင်းကြက်သွန်(ပင်စိုက်)ကို အဓိကထား စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်လျက်ရှိပြီး ယခုအချိန် ကာလအတွင်း ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်တွင် နေ့စဉ်ကုန်ချိန်အဝင် ပျမ်းမျှပိဿာ (၅၀၀၀၀) ခန့် အဝင်ရှိပါသည်။ ကြက်သွန်နီတစ် ပိဿာလျှင် ဆိပ်ဖြူကုန်စည်ဒိုင်ပြတ်ဈေးသည် တစ်ပိဿာလျှင် ထိပ်စ (၃၂၅)ကျပ်၊ အလတ်စ(၂၅၀) ကျပ်၊ အနိမ့်စ(၁၀၀)ကျပ်ဖြစ်ပြီး ယခင်နှစ် ကုန်စည်ဒိုင်ပြတ်ဈေးသည် တစ်ပိဿာလျှင် ထိပ်စ(၄၃၀) ကျပ်၊ အလတ်စ(၃၉၀) ကျပ်၊ အနိမ့်စ(၁၅၀) ကျပ်ဈေးနှုန်းဖြစ်ပါ၍ စိုက်ပျိုးထုတ်လုပ်တောင်သူများအနေဖြင့် ဈေးနှုန်းများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း သိရှိရပါသည်။
ဈေးနှုန်းများပြန်လည်မြင့်တက်လာမည်လားဟူသော မျှော်လင့်ချက်များဖြင့် မိမိတို့စိုက်ပျိုး ထားသော ကြက်သွန်နီဆောင်းစိုက်(ပင်စိုက်)သည် သက်တမ်းကုန်ဆုံးချိန် နီးနေပြီဖြစ်သော်လည်း အကုန်မရောင်းသေးဘဲ ဖြေးဖြေးချင်းထုတ်ရောင်းနေသောကြောင့် တောင်သူလက်ကျန်များစွာရှိနေ သေးကြောင်း၊ ကျန်ရှိနေသေးသော ကြက်သွန်နီများမှာလည်း (ဥ)ပုပ်ခြင်း၊ အညှောင့်များထွက်ခြင်း၊ အခွံကွာအရေလန်ဖြစ်ခြင်းများဖြစ်ပြီး မိမိတို့စိုက်ပျိုးထားသော မူလအထွက်နှုန်းထက် သုံးပုံတစ်ပုံ သာ ကျန်ရှိပြီး အလေအလွင့်ဆုံးရှုံးမှုများစွာရှိနေပါကြောင်း၊ ယခုနှစ်၌ ကြက်သွန်နီရောင်းဝယ် ဖောက်ကားမှုပြုလုပ်ရာတွင် မိမိတို့ပြည်တွင်း၌ ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားနေမှုကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့်ကြုံတွေ့ရခြင်း၊ ဒေသတွင်းဈေးကွက်များ၌ ကြက်သွန် ဝယ် လိုအား ကျဆင်းနေခြင်းတို့ကြောင့် အရောင်းအဝယ်မဖြစ်ဘဲ ကြက်သွန်နီဈေးနှုန်းများ ကျဆင်း၍ စိုက်ပျိုးတောင်သူများ အရှုံးပေါ်မှုများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကြက်သွန်စိုက်ပျိုး တောင်သူများထံမှ သိရှိရပါသည်။ ယခုနှစ်ကြက်သွန်စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ် ရာတွင် အလုပ်သမားရှားပါးခြင်း၊ လုပ်ခဈေးနှုန်းများအဆမတန်ကြီးနေခြင်း၊ သွင်းအားစုအမျိုးမျိုး ဈေးကြီးခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် နှစ်နှစ်ဆက်တိုက်အရှုံးပေါ်မှုများ ကြုံတွေ့နေရပါသဖြင့် ယခင်နှစ် မိုးစိုက်(ဥစိုက်)ကြက်သွန်နီများ စိုက်ပျိုးချိန်တွင် နှစ်စဉ်ဧက (၂၀၀၀)ခန့်စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် ကြက်သွန်နီဧက (၁၀၀၀)ခန့်သာ လျော့နည်းစိုက်ပျိုး လာနိုင်ကြောင်း တောင်သူများ၊ ကုန်သည်ပွဲစားများမှတစ်ဆင့် သိရှိရပါသည်။
ယခုအချိန်တွင် မကွေးတိုင်းဒေသကြီးအတွင်း ဆိပ်ဖြူမြို့တွင် ကြက်သွန်နီလက်ကျန် ပိဿာ ချိန်သိန်း(၄၀) ခန့်ကျန်ရှိနေသေးကြောင်းနှင့် စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် လုပ်အားခ နှင့် သွင်းအားစုဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် စိုက်ပျိုးစရိတ်မကာမိဘဲ အရှုံးပေါ်လာပါက ကြက်သွန်စိုက်ပျိုးတောင်သူများအနေဖြင့် စိုက်ပျိုးမည့် ဧကရာခိုင်နှုန်းလျော့နည်းလာနိုင်ကြောင်း၊ ရောင်းဝယ်ဖောက်ကားသူကုန်သည်၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများမှတစ်ဆင့် လေ့လာသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေး ( CTQM)သို့ လေ့လာရေးခရီးစဉ်သွားရောက်

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သီးနှံဆိုင်ရာ အရည်အသွေးစမ်းသပ်ခြင်းလုပ်ငန်းစဉ်များ လေ့လာနိုင်‌ရေး လှည်းကူးမြို့ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေး ဌာနစု ( CTQM) သို့ ၁၅.၁၁.၂၀၂၁ ရက်နေ့ ၊ နံနက် ၈ : ၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ အရာထမ်း (၃)ဦးနှင့် အမှုထမ်း (၁၂)ဦး ၊ စုစုပေါင်း (၁၅)ဦးဖြင့် (၁) ရက်တာလေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ပထမဦးစွာ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှု ဌာနစု ၊ဌာနမှူး ဦးသန့်စင်မှ ဌာန၏ နောက်ခံသမိုင်းအကျဉ်းနှင့် ကုန်ပစ္စည်း အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ ဆီနှင့် ဆီထွက်သီးနှံ ဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်သောအမျိုးအစားများ ၊ သီးနှံ (ဓာတု) ဓာတ်ခွဲခန်းတွင် စမ်းသပ် နိုင်သော အမျိုးအစားများ၊ ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်သော အမျိုးအစားများ၊ ပိုးမွှား ဓာတ်ခွဲခန်းတွင် စမ်းသပ်နိုင်သော အမျိုးအစားများ၊ ၊ CTQM တွင် ပို့ချပေးလျှက်ရှိသော သင်တန်းများ၊ မြန်မာ့ သဘာဝရော်ဘာ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ လက်ရှိ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆီနှင့် ဆီထွက် သီးနှံဓာတ်ခွဲခန်းမှူး ၊ ဒေါ်အိအိချောမှ ဆီထွက်သီးနှံများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များ ၊ ဆီနှင့် ဆီထွက်သီးနှံ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပေးနေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး သီးနှံ (ရူပဓာတ်ခွဲခန်း) တွင် စမ်းသပ်နိုင်သော အမျိုးအစားများနှင့်ပတ်သက်၍ ဓာတ်ခွဲခန်းမှူး ဦးအောင်ကျော်မိုးမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် လေ့လာရေးအဖွဲ့မှ ဓာတ်ခွဲခန်း (၇)ခုအား အဖွဲ့ (၂)ဖွဲ့ခွဲ၍ လိုက်လံလေ့လာခဲ့ကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

၂၀၂၁-၂၀၂၂ ခုနှစ်၊ သာယာဝတီခရိုင် ၊ဇီးကုန်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ ဇီးကုန်း မြို့နယ်၊ လယ်မအုပ်စု ၊ လယ်မကျေးရွာ ၊ စိုက်ကွင်းအမှတ် (၃၈၁) ၊ မှော်ဘီ-၃ မျိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း (၆) ဧကရှိသော တောင်သူ ဦးလှသိန်း၏ မိုးစပါး စံကွက်၌ ၁၇.၁၁.၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် မြေစာရင်းဦးစီးဌာန ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ တောင်သူများနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန ၊ဇီးကုန်း မြို့နယ် တာဝန်ခံမှ ပူးပေါင်းပါဝင် တက်‌ရောက်ခဲ့ပါသည်။
မိုးစပါးသွင်းအားစုအနေဖြင့် မှော်ဘီ-၃ မျိုးစပါး ၁တင်းခွဲအိတ် တစ်အိတ်လျှင် ၂၀၀၀ဝိ / ပုလဲမြေဆီ တစ်အိတ်လျှင် ၆၅၀၀ဝိ/ ၁၅ ပတ်လည် မြေဆီတစ်အိတ်လျှင် ၅၅၀၀ဝိ/ စျေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရပြီး ရိတ်သိမ်းထွက်ရှိသော အစိုဓာတ်၂၀ % ရှိ မှော်ဘီ -၃ စပါး ၅၀ ပေါင် စျေးနှုန်း ၆၀၀၀၀၀ ကျပ် ( ၄၆ပေါင် စျေးနှုန်း = ၅၅၂၀၀ဝိ) ရရှိ၍ မျိုးစပါးထုတ်လုပ်ရန်အတွက် အဓိကထားစိုက်ပျိုးပြီး တစ်ဧကလျှင် ပျှမ်းမျှ အထွက်နှုန်း (၁၁၀) တင်းခန့် ထွက်ရှိသော အရည်အသွေးကောင်းစပါးမျိုးဖြစ်ပြီး ရောင်းချရာတွင်လည်း မျိုးစပါးအဖြစ်ရောင်းချရသဖြင့် စျေးကောင်းရရှိကြောင်းသတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

Pages

Subscribe to RSS - HighLight News