အရည်အသွေး မပြည့်မီသော ဓာတ်မြေဩဇာဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်မှု

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နေ၊ ဦးxxxxxx သည် xxxxx စိုက်ပျိုးရေးအရောင်းဆိုင်မှ ဓာတ်မြေဩဇာအား ဝယ်ခဲ့ရာ ယင်းမြေဩဇာများသည် ယခင်အသုံးပြုခဲ့သော ပစ္စည်းပုံသဏ္ဍာန်များကွဲလွဲမှုရှိခြင်း၊ အရောင်အသွေးကွဲလွဲမှုရှိခြင်းနှင့် အမဲရောင်လုံးများ ရောနှောနေခြင်းတို့ကို တွေ့ရှိရသဖြင့် ၎င်းကိုယ်တိုင် ဝယ်ယူသည့်ဆိုင်သို့ သွားရောက်၍ ယခင်သုံးစွဲခဲ့သော မြေဩဇာနှင့်မတူကွဲလွဲနေကြောင်း ပြောခဲ့မှုအပေါ် ရောင်းချသူမှ အဆိုပါ မြေဩဇာသည် နောက်ဆုံးထွက်မြေဩဇာဖြစ်သဖြင့် ယင်းကိုသာအသုံးပြုရန် ပြောကြားခဲ့ကြောင်းနှင့် အိတ်အသစ်ထပ်မံ ဝယ်ယူရန် ပိုက်ဆံမလုံလောက်သောကြောင့် ကုမ္ပဏီပစ္စည်းအစစ်ကိုသာလဲ ပေးရန်တောင်းဆိုခဲ့သော်လည်း လဲလှယ်ပေးခြင်းမရှိသည့်အတွက် နစ်နာမှုများရှိခဲ့ပါသောကြောင့် သတိပေးနိုင်ပါရန် လာရောက်တိုင်ကြားလာခဲ့ပါသည်။

      တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် တိုင်ကြားခံရသူအား ခေါ်ယူမေးမြန်းရာတွင် ဓာတ်မြေဩဇာများကို တဆင့်ဝယ်ယူရောင်းချခြင်းကြောင့် အရည်အသွေးပြည့်မီခြင်းမရှိသော မြေဩဇာများပါရှိလာသည်ကို မသိရှိပါကြောင်းနှင့် ဝယ်ယူသူ၏ ပြောကြားချက်များအရ အဆိုပါမြေဩဇာသည် အရည်အသွေးပြည့်မီခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ နောင်အခါတွင် အရည်အသွေးပြည့်မီခြင်းမရှိသောမြေဩဇာများကို ရောင်းချခြင်း မပြုလုပ် တော့ပါကြောင်း ပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ (၃၀.၄.၂၀၂၄)ရက်နေ့တွင် တိုင်ကြားခံရသူအား ခေါ်ယူ၍  အရည်အသွေးပြည့်မီခြင်းမရှိသောမြေဩဇာများရောင်းချခြင်းကြောင့် တိုင်ကြားခံရမှုနှင့် ပတ်သက်၍ နောင်အခါတွင် ရောင်းချခြင်းမပြုလုပ်တော့ပါကြောင်းနှင့် တောင်သူများနစ်နာဆုံးရှုံးမှု မရှိစေရန် မှန်ကန်ပြီး အရည် အသွေးပြည့်ဝသော အာမခံချက်ရှိသည့် မြေဩဇာများကိုသာ ရောင်းချသွားမည်ဖြစ်ကြောင်းကို ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း၊        ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် တိုင်ကြားခံရသူ xxxx စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင် သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဆ)ကို ဖောက်ဖျက်သည့်အတွက် စားသုံးသူကာကွယ်ရေးပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၄)အရ လွှဲအပ်ထားသော အခွင့်အာဏာများ ကို ကျင့်သုံး၍  တိုင်ကြားခံရသူအား ပုဒ်မ၅၂၊ ပုဒ်မခွဲ(က)အရ နောင်အခါတွင် အရည်အသွေးပြည့်မီခြင်းမရှိသော မြေဩဇာများကို ရောင်းချခြင်းမပြုရန် သတိပေးအမိန့်ချမှတ်ပြီး တိုင်ကြားသူမှလည်း လက်ခံကျေနပ်သဖြင့် အမှုကို ပိတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)