တနင်္သာရီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ ထားဝယ်မြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်သိပ္ပံများ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ၊ ဌာနဆိုင်ရာများတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများ၊ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိနိုင်စေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများမရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် (၁၀-၄-၂၀၂၄)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများစုစုပေါင်း (၇၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

      အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကာ တိုင်း‌ဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သင်းသင်းနိုင်က အစားအသောက်နှင့်ဆိုးဆေးများအကြောင်းတို့ကို ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

      ဆွေးနွေးရာတွင် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊  စီးပွား‌ရေးလုပ်ငန်းရှင်နှင့် စားသုံးသူတို့အကြား ဖြစ်ပေါ်လာသောပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ တိုင်ကြားနိုင်သောနည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးခဲ့ပြီး တက်ရောက်လာသူများအား အမေး၊ အဖြေများပြုလုပ်၍ အဖြေမှန်သူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၀၉း၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)