မော်တော်ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မကွေးမြို့မှအောင်လံသို့ xxxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ (၅) ဖာအား တန်ဆာခ စုစုပေါင်း ငွေကျပ် ၂၃,၅၀ဝ/- ပေးချေပြီး ပေးပို့စေခဲ့ရာတွင် ဆိုင်(၄)ဆိုင်သို့ဂျပ်ဖာများ ရောက်ရှိသော်လည်း ဆေးဆိုင်(၁) ဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဖိုးငွေကျပ် ၆၃၀,၀၀ဝ/- မှာ ရောက်ရှိခဲ့ခြင်းမရှိသည့်အတွက် ဂိတ်မှတာဝန်ရှိသူသို့ ပြောကြားခဲ့ရာ လမ်းတွင်ကျပျောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားလာပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူနှင့် သွားရောက်ညှိနှိုင်းခဲ့ရာ ငွေကျပ် ၄၀၀,၀၀ဝ/-သာ ပေးလျော်နိုင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဆုံးရှုံးနစ်နာခဲ့သည့် တန်ဖိုးငွေအပေါ်တွင် ယာဉ်လိုင်းမှတာဝန်ယူမှု အပြည့်အဝမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါ သည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက  စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး ၂၀-၁၁-၂၀၂၃ ရက်နေ့တွင် အမြန်ယာဉ်အသင်းမှ တာဝန်ရှိသူထံသို့ အကြောင်းကြားစာ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ ၂၂-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ စေ့စပ်ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဦးစီးမှူးရုံး၏ စေ့စပ်ညှိနှိုင်းမှုအပေါ် ပြေလည်မှု မရရှိခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မ ၂၇ တို့ကို လိုက်နာရန်ပျက်ကွက်သဖြင့် ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)အရ ၂၈-၁၁-၂၀၂၃ ရက်နေ့တွင် ဦးစီးမှူးရုံးမှ စီမံခန့်ခွဲရေးပြစ်ဒဏ်အဖြစ် xxxxမော်တော်ယာဉ်လိုင်းအား သတိပေးခြင်းပြစ်ဒဏ်နှင့် ငွေကျပ် ၅၀၀,၀၀ဝ/- ပေးလျော်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ ချမှတ်ခဲ့သည့်အမိန့်အပေါ် ၃၀-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်ကြားခံရသည့်ယာဉ်လိုင်းမှ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ် ကွပ်ကဲရေးကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် တိုင်ကြားသူအား ငွေကျပ် ၅၀၀,၀၀ဝ/ ပေးလျော်ခဲ့သည့်အတွက်  တိုင်ကြားသူမှလည်း ကျေနပ်မှုရရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စားသုံးသူရေးရာဌာနခွဲ)