Languages

ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ထိုင်းနိုင်ငံ

SMEs များကိုကူညီရန်အဆင့်သစ်များကိုအစိုးရက အတည်ပြုသည့်သတင်း

၁။      ထိုင်းနိုင်ငံဝန်ကြီးချုပ်သည် ထိုင်းကုန်သည်ကြီးများအသင်းဝင်များ၊ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ထိုင်းဘဏ်များအသင်း၊ထိုင်း SMEs လုပ်ငန်းရှင်များအသင်းတို့နှင့်ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသော SMEs များကို ကူညီနိုင်ရေးအတွက် ပိုမိုထိရောက်မည့်နည်းလမ်းများရှာဖွေနိုင်ရန် ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်ပိုင်း၌ ပူးတွဲအစည်းအဝေးပြုလုပ်သွားရန်စီစဉ်ခဲ့ကြောင်း၊ကပ်ရောဂါကြောင့်ထိခိုက်ခံစားခဲ့ရသော SMEs များအတွက် စိုးရိမ်လျှက်ရှိရာ SMEs များစွာသည်  အစိုးရ၏ဘတ်ဂျက်ဘီလီယံ(၂၅၀) တန်ဖိုးရှိ ထိုင်းဘဏ်၏ပြင်ဆင်ထားသောချေးငွေ(soft loan) စီမံကိန်းကဲ့သို့သော အစိုးရ၏ လက်ရှိအကူ အညီပေးရေး အစီအစဉ်များကို ရရှိခြင်းမရှိသေးကြောင်း၊ အခြားသော SMEs များ အနေဖြင့်လည်း အစိုးရအား ဘဏ္ဍာရေးအထောက်အပံ့အပြင် အခြားသောအထောက်အပံ့များ ထောက်ပံ့ကူညီပေးကြစေလို ကြောင်း၊ ကုမ္ပဏီကြီးများအနေဖြင့် SMEs များမှ ချေးငွေလျှောက်ထားတောင်းခံလာပါက SMEs များအတွက် အာမခံကုမ္ပဏီကြီးများ အဖြစ် ဆောင်ရွက်ပေးရန်တောင်းဆိုနိုင်ကြောင်း၊ ပထမအနေဖြင့် SMEs များ၏ငွေဖြစ်လွယ်မှုကို ပိုမိုအားကောင်းလာစေရန်နှင့်၎င်းတို့အား အရောင်းလမ်းကြောင်းများကို ကမ်းလှမ်းနိုင်ရန်အတွက် ဦးဆောင်လက်လီစီးပွားရေးလုပ်ငန်း ကုမ္ပဏီကြီးများနှင့်စီးပွားရေးဘဏ်များအကြား ပူးပေါင်း‌ဆောင်ရွက်မှုဖြစ်ကြောင်း ၊ ၎င်းအစီအစဉ်အရ လက်လီ‌ရောင်းချသူများသည် ၎င်းတို့၏ SMEs များအနေဖြင့် ယုံကြည်စိတ်ချရသူများဖြစ်ကြောင်း ပြသနိုင်ရန်အတွက် စစ်ဆေးရန်နှင့် သတင်းအချက် အလက်များပေးဝေနိုင်ရန်နည်းပညာများကိုအသုံးပြုကြကြောင်း၊၎င်းက SMEs များအတွက်ဘဏ်ချေးငွေရယူရန် စဉ်းစား ဆောင်ရွက်ရသောလုပ်ငန်းစဉ်ကို မြန်ဆန်စေခြင်းနှင့် ချေးငွေရယူရန် အခွင့်အလမ်းတို့ ကို တိုးပွားစေသည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ဥရောပသမဂ္ဂနိုင်ငံများ

၂၀၂၀ ပြည့်နှစ်တွင် အော်ဂဲနစ်စိုက်ပျိုးရေးစားသောက်ကုန် တန်ချိန်(၂.၇၉)သန်းတင်သွင်းခဲ့သည့် အီးယူသတင်း

၂။       အီးယူ၏အော်ဂဲနစ်စားသောက်ကုန်ဈေးကွက် တိုးတက်လာမှုနှင့်အတူ ၂၀၂၀ ပြည့်နှစ်တွင် အီးယူသည်အော်ဂဲနစ်စိုက်ပျိုးရေးစားသောက်ကုန် တန်ချိန်(၂.၇၉)သန်း တင်သွင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက(၁.၉%)ကျဆင်းခဲ့ကြောင်း၊ဥရောပကော်မရှင်ကထုတ်ပြန်ခဲ့သည့် အော်ဂဲနစ်စိုက်ပျိုးရေးစားသောက်ကုန်များ တင်သွင်းမှုအချက်အလက်များအရ  အပူပိုင်းဒေသထွက် သစ်သီးဝလံများနှင့် ဟင်းခတ်အမွှေးအကြိုင်များကိုအဓိကတင်သွင်းခဲ့ရာတင်သွင်းမှု၏(၃၀%)ရှိခဲ့ပြီး Oilcakes များကို(၈%)၊ မုံလာဥသကြားနှင့် ကြံသကြားကို (၇%)နှင့် ဟင်းသီးဟင်းရွက်ကို (၅%)တင်သွင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဟင်းသီးဟင်းရွက်ဆီ၊ ဆီထွက် သီးနှံ၊သကြား၊နို့မှုန့်၊ထောပတ်၊ကော်ဖီစေ့နှင့်ကိုကိုးစသည်တို့အပါအဝင် အော်ဂဲနစ်စိုက်ပျိုးရေးထွက်ကုန်စည်များတင်သွင်းမှုသည်ပမာဏအနေဖြင့်(၄၈%)၊ အသား၊ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်၊နို့၊ဒိန်ချဉ်၊ပျားရည် စသည်တို့အပါအဝင် အခြေခံကုန်စည်များတင်သွင်းမှု သည်ပမာဏအားဖြင့်(၄၂%)ရှိခဲ့ကြောင်း၊ ပျားရည်သည် အီးယူသို့အဓိကတင်သွင်းသည့်တိရစ္ဆာန်ထွက်ကုန်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် မက္ကဆီကိုနှင့်တရုတ်နိုင်ငံတို့မှ တင်သွင်းမှုလျော့ကျခဲ့သဖြင့် (၇%)ခန့် တင် သွင်းမှုကျဆင်းခဲ့သော်လည်း ဘရာဇီးလ်နိုင်ငံမှ ပျားရည်တင်သွင်းမှုမြင့်တက်ခဲ့ကြောင်း၊ အီးယူ၌အော်ဂဲနစ်စိုက်ပျိုးရေးစားသောက်ကုန်များတင်သွင်းမှုတွင် နယ်သာလန်နိုင်ငံက (၃၁%)ဖြင့် အဓိကတင်သွင်း နေပြီးဂျာမနီနိုင်ငံက(၁၈%)၊ဘယ်လ်ဂျီယံနိုင်ငံက(၁၁%)၊ပြင်သစ်နိုင်ငံက(၁၀%)တင်သွင်းခဲ့ကြကြောင်း၊အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ အီကွေဒေါ(၁၂%)၊ဒိုမီနီကန်နိုင်ငံ(၉%)၊တရုတ်နိုင်ငံ(၈%) နှင့်ယူကရိန်း နိုင်ငံ(၈%)တို့ဖြစ်ကြောင်းသိရှိရပါသည်။

အီလက်ထ‌ရောနစ်ချစ်ပ်များပြတ်လပ်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံရှိ မော်တော်ကားကုမ္ပဏီများ၏ ထုတ်လုပ်မှု ယာယီဆိုင်းငံ့ထားရသည့်သတင်း

၃။      ဘယ်လ်ဂျီယံနိုင်ငံ၊Ghent မြို့ရှိ Volvo မော်‌တော်ကားထုတ်လုပ်သည့်စက်ရုံနှင့် ဘရပ်ဆဲလ်မြို့ရှိ Audi စက်ရုံတို့သည် မော်တော်ယာဉ်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အီလက်ထရောနစ်ချစ်ပ် (electronic chips)များ မလုံလောက်မှုကြောင့် ထုတ်လုပ်ရေးလုပ်ငန်းများကို ယာယီဆိုင်းငံ့ထားရကြောင်း၊ မော်တော်ကားများ၊Smart Phone များ၊Laptop Computer များ စသည်တို့တွင် အသုံးပြုသည့် အဆိုပါ Micro Chips လိုအပ်ချက်မှာ ကမ္ဘာတစ်ဝန်း Covid-19 ကပ်ရောဂါကြောင့် လူအများစု နေအိမ် တွင်သာနေထိုင်ရခြင်း၊ Work from Home ဆောင်ရွက်ရခြင်းတို့ကြောင့် ပိုမိုမြင့်တက်လာခဲ့ကြောင်း၊ ရောဂါပိုးထိန်းချုပ်ရေး ဆိုင်ရာအသွားအလာကန့်သတ်ထားရှိခြင်း၊ Covid-19 ကပ်ရောဂါကြောင့် သယ် ယူပို့ဆောင်စရိတ် မြင့်တက်လာမှုအပါအဝင် ကမ္ဘာ့ကုန်စည်စီးဆင်းမှုတွင် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၎င်းကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် အဟန့်အတားဖြစ်ပေါခဲ့ရာမှ ပြတ်လပ်မှု ပြဿနာကိုကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း၊ အီလက်ထရောနစ်ချစ်ပ်များ မလုံလောက်မှုကြောင့် ကမ္ဘာ တစ်ဝန်းအတိုင်းအတာဖြင့်မော်တော်ယာဉ်ထုတ်လုပ်မှုအစီးရေ(၅)သိန်းခန့်နှောင့်နှေးခဲ့ရာယင်းပြဿနာ၏ သက်ရောက်မှုများကို ၂၀၂၂ ခုနှစ်အထိ ဆက်လက်ကြုံတွေ့ရနိုင်ကြောင်း ၊ အီးယူ၏မော်တော်ကားထုတ်လုပ်မှုကဏ္ဍယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းလာစေရေးနှင့် ဥရောပနိုင်ငံသားများစွာတို့၏အလုပ်အကိုင် များကို အကာအကွယ်‌‌‌ပေးရန်အတွက် ယင်းအီလက်ထရောနစ်ချစ်ပ် ပြတ်လပ်မှုအကျပ်အတည်းကို မြန်မြန်ဆန်ဆန်တုံ့ပြန်ရန်လိုအပ်ကြောင်း၊အီလက်ထရောနစ်ချစ်ပ်များရရှိနိုင်မှုသည် လာမည့်လအနည်းငယ်အတွင်း ဆက်လက်ခက်ခဲနေဉီးမည်ဖြစ်သဖြင့် စက်ရုံ၏ထုတ်လုပ်မှုကို ချိန်ညှိရန် ဖြစ်နိုင်မည်မဟုတ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွား‌ရေးသံမှူး ပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ

ကွမ်တုံးပြည်နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အသေးစားကုန်ထုတ်လုပ်သူများ စိုးရိမ်ပူပန်လျှက်ရှိသည့်သတင်း

၄။      ကွမ်တုံးပြည်နယ်၌ ကိုရိုနာဗိုင်းရ်စ်ကူးစက်မှုကြောင့် အသေးစားနှင့်အလတ်စားကုန်ထုတ်လုပ်သူ အချို့မှာ၎င်းတို့၏စက်ရုံများအား တရုတ်နိုင်ငံတစ်ဝန်းရှိအခြားသောစက်ရုံများနှင့်နှိုင်းယှဉ်လျှင် အမှာစာလျော့နည်းသွားမည်ကို စိုးရိမ်ပူပန်လျှက်ရှိကြောင်း၊ ကွမ်တုံးပြည်နယ်သည် တရုတ်နိုင်ငံစီးပွားရေး၏ (၁၀%) ပါ ဝင်လျှက်ရှိသော်လည်း မကြာမီကာလက Covid-19 ဖြစ်ပွားမှုနှင့်ဆက်စပ်လျှက်ရှိသည့် အသွားအလာ ကန့်သတ်မှုများချမှတ်ခြင်း၊ လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်း၊ သင်္ဘောခနှင့်ကုန်စည်ဈေးနှုန်းများ မြင့်တက်ခြင်း အစရှိသည်များဖြစ်ပွားခဲ့သဖြင့် စီးပွားရေးအခြေအနေမှာ ယိမ်းယိုင်ခဲ့ကြောင်း၊ အချို့သော လက်ကား အရောင်းဆိုင်များမှာလည်း ၂၀၂၁ ခုနှစ်၊ မေလကုန်မှ စတင်၍ ပိတ်ထားခဲ့ကြောင်း၊ ကွမ်တုံးပြည်နယ်ရှိ မြို့ကြီးအများစု၌ သုံးစွဲမှုများမှာ ၂၀၂၁ ခုနှစ်မေလမှ ဇူလိုင်လအထိ လေျာ့နည်းနေနိုင်ပြီး နွေရာသီအဝတ်အထည်ရောင်းချသည့်ရာသီကို ကျော်လွန်ခဲ့ပြီးဖြစ်သည့်အတွက် စက်ရုံများ၌ လက်ကျန် များမြင့်တက်လာနိုင်ကြောင်း၊ ဈေးကွက်အခြေအနေ ဆိုးရွားလာသောကြောင့် ပို့ကုန်တင်ပို့နိုင်မှုကို လည်းလျှော့တွက်ထားရမည်ဖြစ်ကြောင်း၊ Covid-19 ဗိုင်းရပ်စ်ရောဂါ မကူးစက်ရန် တင်းကျပ်သည့် ကန့်သတ်မှုများကြောင့် တရုတ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး ပြည်ပကုန်သွယ်ရေး ကုန်သေတ္တာများတင်ပို့မှု(၁၀.၅%)လုပ်ကိုင်လျှက်ရှိသည့် ရှန်းကျန့်ရှိ Terminal ၌ ပိတ်ဆို့မှုများဖြစ်ပေါ်လျှက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ၊ မေလမှစတင်၍ပိတ်ထားခဲ့သည့်ဆိပ်ကမ်းရှိ သင်္ဘောကျောက်ချရပ်နားသည့်(၃)နေရာအား ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ ပြန်လည်စတင်မည်ဖြစ်ကြောင်း၊ ကွမ်တုံးပြည်နယ်၌ Covid-19 ဗိုင်းရပ်စ် ရောဂါကူးစက်မှု ရက်သတ္တပတ်(၄)ပတ်ကြာဖြစ်ပွားလျှက်ရှိရာ လုပ်ငန်းများအပေါ် ပြင်းထန်စွာ သက်ရောက်လျှက်ရှိသောကြောင့် SME လုပ်ငန်းများမှာ စိုးရိမ်ပူပန်မှုများ လွန်ကဲစွာဖြစ်ပေါ်လျှက်ရှိရာ မတူကွဲပြားသောလုပ်ငန်းများအနေဖြင့် Covid-19 လှိုင်းအသစ်ဖြစ်ပွားမှုရိုက်ခတ်ခြင်းများကြောင့် ဆုံးရှုံးနိုင်ချေရှိသော ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များအတွက်  ပေါင်းစပ် ဆောင်ရွက်ရန်နှင့် ယခုနှစ်အတွက်ရရှိနိုင်သည့်အကျိုးအမြတ်များ၊ထိရောက်သော ကုန်ထုတ်လုပ်မှုအချိန်များနှင့် ကုန်ကျစရိတ်များကို ပြန်လည်ချင့်ချိန်တွက်ချက်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)