မြန်မာ့လက်မှုပန်းပုပညာကိုထိန်းသိမ်းမြှင့်တင်၍ ကမ္ဘာ့အလယ်တွင်ဝင့်ကြွားစေခြင်း
မြန်မာနိုင်ငံသည် ရှည်လျားလှသောသမိုင်းကြောင်း၊ ကြွယ်ဝသောယဥ်ကျေးမှုအမွေအနှစ်များ နှင့် ရိုးရာအနုပညာများပေါကြွယ်ဝလှသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိုရိုးရာအနုပညာများအနက် လက်မှုပန်းပုပညာရပ်သည် မြန်မာလူမျိုးတို့၏ ဖန်တီးနိုင်စွမ်း၊ အနုပညာအမြင်၊ ယဥ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်များကို ထင်ဟပ်ဖော်ပြပေးနိုင်သည့် အရေးပါသောအနုပညာတစ်ခုဖြစ် သည်။ ပန်းပုပညာဆိုသည်မှာသစ်သား၊ ကျောက်၊ သတ္တု၊ မြေသား၊ ဆင်စွယ်နှင့် အခြားသဘာဝ ပစ္စည်းများကို အသုံးပြု၍လက်ဖြင့်ထုဆစ်၊ ဖြတ်တောက်၊ ပုံဖော်ကာအနုပညာလက်ရာအဖြစ် ဖန်တီး ခြင်းဖြစ်သည်။
မြန်မာ့ပန်းပုလက်ရာများကို ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ နန်းတော် များ၊ ရှေးဟောင်းအဆောက်အအုံများနှင့် ရိုးရာအိမ်များတွင် တွေ့မြင်နိုင်သည်။ အထူးသဖြင့် သစ်သားပန်းပုသည် မြန်မာ့ရိုးရာလက်မှုပညာတွင် ထင်ရှားသောနေရာတစ်ခုကိုရယူထားသည်။ သစ်သားတံခါးများ၊ ပြတင်းပေါက်များ၊ တိုင်များ၊ ဘုရားစင်များ၊ ပလ္လင်များနှင့်အဆောက်အအုံ အလှဆင်ပစ္စည်းများတွင် အနုစိတ်လှပသော ပန်းပုလက်ရာများကို တွေ့ရသည်။ ပန်းပုဆရာ တစ်ဦးသည် ပစ္စည်းတစ်ခုကိုအလွယ်တစ်ကူထုဆစ်ရုံဖြင့် ပန်းပုလက်ရာတစ်ခုဖြစ်ပေါ် လာခြင်း မဟုတ်ပေ။ ပစ္စည်း၏သဘာဝ၊ ပုံသဏ္ဍာန်၊ အချိုးအစား၊ အလင်းအမှောင်၊ လက်ရာ၏အဓိပ္ပါယ်နှင့် အလှအပတို့ကိုနားလည်ကျွမ်းကျင်ရသည်။ ထို့ကြောင့် မြန်မာ့လက်မှုပညာရပ်သည် လက်အား သာမက စိတ်ရှည်မှု၊ အနုပညာအမြင်၊ အတွေ့အကြုံနှင့်ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်ထားသော ပညာရပ်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် ပန်းပုပညာသည်ရှေးခေတ်ကတည်းကပင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ မြန်မာ့သမိုင်းတွင် ပုဂံခေတ်သည်ဗုဒ္ဓဘာသာအနုပညာနှင့် ဗိသုကာပညာထွန်းကားခဲ့သည့် ခေတ်တစ် ခေတ်ဖြစ်သည်။ ပုဂံဒေသရှိဘုရား၊ စေတီနှင့် ဂူဘုရားများ၏ အဆောက်အအုံများတွင် ပန်းပု၊ ပန်းချီနှင့် အလှဆင်အနုပညာများကို အမျိုးမျိုးတွေ့ရှိနိုင်သည်။ ကျောက်သား၊ အုတ်သားနှင့် သစ်သားတို့ကို အသုံးပြု၍ဘာသာရေးဆိုင်ရာအကြောင်းအရာများကို ဖော်ပြခဲ့ကြသည်။ ရှေးခေတ် မြန်မာ့ပန်းပုလက်ရာများတွင် ဗုဒ္ဓရုပ်ပွားတော်များသည် အရေးကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်သည်။ ဗုဒ္ဓရုပ်ပွားတော်များကို ထုဆစ်ရာတွင် မျက်နှာတော်၏အေးချမ်းမှု၊ ကိုယ်ဟန်အနေအထား၊ လက် ဟန်၊ သင်္ကေတအဓိပ္ပါယ်များကို သတ်မှတ်ထားသောအနုပညာစံနှုန်းများနှင့်အညီ ဖော်ပြခဲ့ကြသည်။ ထိုလက်ရာများမှတစ်ဆင့် ရှေးမြန်မာလူမျိုးတို့၏ ဘာသာရေးယုံကြည်ချက်နှင့် အနုပညာအမြင် တို့ကိုသိရှိနိုင်သည်။ ပုဂံခေတ်နှောင်းပိုင်းတွင်လည်း အင်းဝ၊ အမရပူရ၊ မန္တလေးစသည့်ခေတ်များတွင် ပန်းပုပညာသည် ဆက်လက်ဖွံ့ဖြိုးခဲ့သည်။ နန်းတော်များ၊ ဘုန်းကြီးကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများကို သစ်သားပန်းပုများဖြင့်အလှဆင်ခဲ့ကြသည်။ အထူးသဖြင့် မန္တလေးနှင့် အမရပူရဒေသများတွင် အနုပညာလက်ရာများကိုတွေ့မြင်နိုင်သည်။
မြန်မာ့ပန်းပုအနုပညာတွင် ပစ္စည်းအမျိုးမျိုးကိုအသုံးပြုကြသည်။ ထိုပစ္စည်းများသည် မိမိတို့၏အရည်အသွေးနှင့် သဘာဝလက္ခဏာအလိုက်ပန်းပုလက်ရာ၏ ပုံစံနှင့်အရည်အသွေးကိုသက် ရောက်စေသည်။
(က)သစ်သား။ သစ်သားသည် မြန်မာ့ရိုးရာပန်းပုအနုပညာတွင်အများဆုံးအသုံးပြုသော ပစ္စည်းများထဲမှတစ်ခုဖြစ်သည်။ ကျွန်းသစ်၊ ပိတောက်သစ်၊ သစ်မာအမျိုးအမျိုးတို့ကို ပန်းပု လုပ်ငန်းတွင် အသုံးပြုကြသည်။ သစ်သားသည် ထုဆစ်ရလွယ်ကူပြီးခိုင်ခံ့သည့်အတွက် တံခါး၊ ပြတင်းပေါက်၊ ပလ္လင်၊ ဘုရားစင်နှင့် အဆောက်အအုံအလှဆင်ပစ္စည်းများ ပြုလုပ်ရာတွင် သင့်လျော် သည်။ သစ်သားပန်းပုတွင် ပန်းပွင့်၊ အရွက်၊ နွယ်ပင်၊ ငှက်၊ တိရိစ္ဆာန်နှင့် ဒဏ္ဍာရီဆိုင်ရာရုပ်ပုံများကို အနုစိတ်ထုဆစ်လေ့ရှိသည်။ သစ်သား၏အကြမ်းထည်ကိုမပျက်စီးစေဘဲ သဘာဝအလှကိုထိန်းသိမ်း နိုင်ခြင်းသည် သစ်သားပန်းပု၏ထူးခြားချက်တစ်ခုဖြစ်သည်။
(ခ)ကျောက်။ ကျောက်ပန်းပုသည် သစ်သားထက်ပိုမိုခိုင်မာပြီး ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိ သည်။ ထို့ကြောင့် ဘုရားဆင်းတုတော်၊ ကျောက်စာ၊ အဆောက်အအုံအလှဆင်ပစ္စည်းများနှင့် အထိမ်းအမှတ်လက်ရာများတွင် အသုံးပြုကြသည်။ ကျောက်ကို ထုဆစ်ရန်အချိန်နှင့် အားထုတ်မှု များစွာ လိုအပ်သော်လည်းပြီးစီးသွားသောလက်ရာသည် နှစ်ပေါင်းများစွာ တည်တံ့နိုင်သည်။
(ဂ)။သတ္တု။ ကြေး၊ ကြေးဝါ၊ ကြေးနီ၊ ငွေ၊ ရွှေနှင့်သံစသည့်သတ္တုများကိုလည်း ပန်းပုနှင့် အနုပညာလက်မှုပစ္စည်းများပြုလုပ်ရာတွင် အသုံးပြုကြသည်။ အထူးသဖြင့် ဘုရားရုပ်ပွားတော်များ၊ ဘာသာရေးဆိုင်ရာပစ္စည်းများနှင့် အလှဆင်ပစ္စည်းများတွင် သတ္တုပန်းပု များကို တွေ့မြင်နိုင်သည်။
မြန်မာ့လက်မှုပန်းပုအနုပညာဟုဆိုရာတွင် သစ်သားပန်းပုသည်အထူး ထင်ရှားသည်။ မြန်မာနိုင်ငံတွင် သစ်တောများပေါများခဲ့ခြင်းနှင့် သစ်သားကိုအဆောက်အအုံများတွင် ရှေးကတည်း ကပင် အသုံးပြုခဲ့ခြင်းတို့ကြောင့် သစ်သားပန်းပုပညာသည် အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သစ်သားပန်းပုဆရာသည် သစ်သား၏အကြော၊ အမာ၊ အပျော့၊ အစိုဓာတ်နှင့်သစ်သား၏ သဘာဝ ပုံစံတို့ကို သိရှိနားလည်ရသည်။ သစ်သားကို မှားယွင်းသောနေရာမှ ထုဆစ်မိပါက အက်ကွဲခြင်း၊ ကျိုးပဲ့ခြင်း သို့မဟုတ် ပုံစံပျက်ခြင်းတို့ဖြစ်နိုင်သည်။ ထို့ကြောင့် ပန်းပုဆရာတစ်ဦးအနေဖြင့် ပစ္စည်းကို လေ့လာခြင်းသည် ပန်းပုပညာ၏အခြေခံကျသော အဆင့်တစ်ခုဖြစ်သည်။ မြန်မာ့သစ်သားပန်းပုတွင် ပန်းနွယ်ပုံ၊ အရွက်ပုံ၊ ကြာပန်းပုံ၊ ငှက်ပုံ၊ တိရိစ္ဆာန်ပုံနှင့် နတ်ဒဏ္ဍာရီဆိုင်ရာပုံများကို တံခါး၊ ပြတင်းပေါက်၊ အမိုးအစွန်း၊ တိုင်နှင့် နံရံများတွင် ထည့်သွင်းဖန်တီးကြသည်။ အနုစိတ်သော သစ်သားပန်းပုတ်တစ်ခုကိုပြုလုပ်ရန် အချိန်ကြာမြင့်စွာ လိုအပ်တတ်သည်။ ပန်းပုဆရာသည် ပထမဦးစွာ ပုံကြမ်းဆွဲပြီးနောက်သစ်သားပေါ်တွင် အမှတ်အသားပြုလုပ်ကာ အကြမ်းထည်ထုဆစ် ရသည်။ ထို့နောက် အသေးစိတ်အပိုင်းများကို တစ်ဆင့်ချင်းပြုပြင်ပြီးနောက်ဆုံးတွင် ချောမွေ့အောင် ပြုလုပ်ကာ အရောင်တင်ခြင်း၊ ဆေးသုတ်ခြင်း သို့မဟုတ် သဘာဝသစ်သားအလှကို ထားရှိခြင်းတို့ပြု လုပ်ကြသည်။
မြန်မာ့ပန်းပုပညာသည် ဗုဒ္ဓဘာသာနှင့်နက်ရှိုင်းစွာ ဆက်စပ်နေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်သည့်အတွက် ဘုရားရုပ်ပွားတော်များ၊ ဗုဒ္ဓဘာသာဆိုင်ရာ အကြောင်းအရာများကို ပန်းပုဖြင့်ဖန်တီးခဲ့ကြသည်။ ဘုရားရုပ်ပွားတော်တစ်ဆူကို ပြုလုပ်ရာတွင် မျက်နှာတော်၊ နားရွက်၊ လက်ဟန်၊ ကိုယ်ဟန်နှင့်သင်္ကန်းပုံစံတို့ကို သတ်မှတ်ထားသောအချိုး အစားများနှင့် ကိုက်ညီအောင်ပြုလုပ်ရသည်။ ထိုသို့ပြုလုပ်ခြင်းသည် အလှအပအတွက်သာမက ဘာသာရေးအဓိပ္ပါယ်များကိုလည်း ဖော်ပြပေးသည်။ ပန်းပုအနုပညာသည် ဘာသာရေးယုံကြည် ချက်များကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ပို့ဆောင်ပေးရာတွင်လည်း အရေးပါသည်။ စာမဖတ်တတ်သူများပင် ရုပ်ပုံများမှတစ်ဆင့်ဘုရားရှင်၏ဇာတ်တော်များ၊ ဇာတ်ကြောင်းများနှင့် ဘာသာရေးဆိုင်ရာအယူအဆများကို နားလည်နိုင်ကြသည်။ ထို့ကြောင့် ပန်းပုပညာသည် အနုပညာ တန်ဖိုးရှိရုံသာမက ယဥ်ကျေးမှုနှင့်ဘာသာရေးအသိပညာကို ထိန်းသိမ်းပေးသော ကြားခံတစ်ခုလည်း ဖြစ်သည်။
မြန်မာ့ရိုးရာအဆောက်အအုံများတွင် ပန်းပုအလှဆင်မှုသည် မရှိမဖြစ်အရေးပါသည်။ ရှေးခေတ်ဘုန်းကြီးကျောင်းများနှင့် နန်းတော်ဆိုင်ရာအဆောက်အအုံများတွင် သစ်သားပန်းပုများကို လွန်စွာအသုံးပြုခဲ့ကြသည်။သစ်သားပန်းပုနှင့် ဗိသုကာပညာတို့ပေါင်းစပ်ထားသည့်ပုံစံသည်လည်း ထူးခြားလှသည်။ အဆောက်အအုံကို တည်ဆောက်ပြီးနောက်အလှဆင်ခြင်းမျှမဟုတ်ဘဲ ပန်းပု လက်ရာသည်အဆောက်အအုံ၏ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေတတ်သည်။ ထို့ကြောင့်ပန်းပု ပညာရှင်နှင့် ဗိသုကာပညာရှင်တို့၏ ပူးပေါင်းဖန်တီးမှုသည် မြန်မာ့ရိုးရာဗိသုကာကို ထူးခြားလှပ စေသည်။ ယဥ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ ယခင်မျိုးဆက်များထံမှ လက်ဆင့်ကမ်းရရှိလာပြီး နောင်မျိုးဆက်များထံဆက်လက်ပေးအပ်ရမည့် တန်ဖိုးရှိသောအရာများဖြစ်သည်။ မြန်မာ့ပန်းပု ပညာသည် ထိုအမွေအနှစ်များအနက်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပန်းပုလက်ရာ တစ်ခုသည် ရုပ်ပုံတစ်ခုသာမဟုတ်ပေ။ ထိုလက်ရာအတွင်းတွင် ဖန်တီးသူ၏ အတွေးအမြင်၊ ထိုခေတ်၏လူမှုဘဝ၊ ဘာသာရေးယုံကြည်ချက်၊ အနုပညာအမြင်နှင့် နည်းပညာဆိုင်ရာအသိပညာတို့ ပါဝင်နေသည်။ ထို့ကြောင့် ရှေးဟောင်းပန်းပုလက်ရာများကို လေ့လာခြင်းအားဖြင့် မြန်မာ့သမိုင်း နှင့်ယဥ်ကျေးမှုကို ပိုမိုနားလည်နိုင်သည်။ ဥပမာအားဖြင့် ရှေးဟောင်းဘုန်းကြီးကျောင်းတစ် ကျောင်း၏ သစ်သားတံခါးတွင်ထုဆစ်ထားသော ပန်းနွယ်ပုံများသည် ထိုခေတ်၏အလှဆင်အနု ပညာကို ဖော်ပြနိုင်သည်။ ဘုရားရုပ်ပွားတစ်ဆူသည်လည်း ထိုခေတ်က လူတို့၏ဘာသာရေးအမြင် နှင့် ပန်းပုလက်ရာများသည် သမိုင်းမှတ်တမ်းများအဖြစ်ပင် တန်ဖိုးရှိသည်။
ယနေ့ခေတ်တွင် နည်းပညာများတိုးတက်လာသော်လည်း လက်မှုပန်းပုပညာသည် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ သို့သော်ခေတ်သစ်လူနေမှုပုံစံနှင့်အတူ ပန်းပုလက်မှုပညာရှင်များ ကြုံတွေ့နေရသော စိန်ခေါ်မှုများလည်းရှိလာသည်။ စက်ဖြင့်အလွယ်တကူထုတ်လုပ်နိုင်သော အလှဆင်ပစ္စည်းများ ပေါများလာခြင်းကြောင့် လက်ဖြင့်အချိန်ကြာမြင့်စွာပြုလုပ်ရသော ပန်းပု လက်ရာများ၏ စျေးကွက်မှာပြောင်းလဲလာသည်။ ထို့အပြင် ရိုးရာပညာကိုသင်ယူလိုသူလူငယ် များလျော့နည်းလာပါက အတွေ့အကြုံရှိပန်းပုဆရာများထံ ရိုးရာနည်းစနစ်များကိုနောင်မျိုးဆက်သို့ လက်ဆင့်ကမ်းရန်ခက်ခဲလာနိုင်သည်။ သို့သော်လည်းတစ်ဖက်တွင် ခေတ်သစ်အနုပညာနှင့် ရိုးရာ ပန်းပုပညာကိုပေါင်းစပ်၍ ဖန်တီးမှုအသစ်များ ပေါ်ပေါက်လာသည်။ ပန်းပုဆရာများသည် ရိုးရာ ပုံစံများကိုအခြေခံ၍ခေတ်မီအလှဆင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် အနုပညာ လက်ရာများကို ဖန်တီးလာကြသည်။ ထိုသို့ပြောင်းလဲဖန်တီးခြင်းသည် ရိုးရာအနုပညာကိုခေတ်နှင့် အညီအသက်ဝင်နေစေရန် အထောက်အကူပြုနိုင်သည်။ လက်မှုပန်းပုပညာသည် ယဥ်ကျေးမှုတန်ဖိုး ရှိရုံသာမ စီးပွားရေအရလည်း အရေးပါသည်။ ပန်းပုပစ္စည်းများ၊ အလှဆင်ပစ္စည်းများ၊ ဘာသာရေး ဆိုင်ရာပစ္စည်းများနှင့် အနုပညာလက်ရာများကို ပြည်တွင်းပြည်ပတွင်ရောင်းချနိုင်သည်။ ပန်းပု ပညာကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သူများသည် မိသားစု၏စားဝတ်နေရေးကို ထောက်ပံ့ပေးနိုင်သကဲ့သို့ ရိုးရာပညာကိုလည်း ဆက်လက်ထိန်းသိမ်းပေးနေကြသူများဖြစ်သည်။ ထို့ပြင် လက်မှုပညာနှင့် ခရီးသွားလုပ်ငန်းတို့ကိုပေါင်းစပ်နိုင်ပါက ဒေသခံများအတွက်အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိနိုင်သည်။
မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအတွက်လည်း ရိုးရာ ပန်းပုလက်ရာများသည် စိတ်ဝင်စားစရာဖြစ်သည်။ ရိုးရာပန်းပုလုပ်ငန်းကို လက်တွေ့ပြသခြင်း၊ ပန်းပုအလုပ်ရုံများကို လေ့လာခွင့်ပေးခြင်းနှင့် ရိုးရာလက်မှုပစ္စည်းများရောင်းချခြင်းတို့သည် ယဥ် ကျေးမှုကိုမိတ်ဆက်ပေးနိုင်သကဲ့သို့ ဒေသစီးပွားရေးကိုလည်းအထောက်အကူပြုနိုင်သည်။ မြန်မာ့ လက်မှုပန်းပုပညာသည် ယဥ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သကဲ့သို့ စီးပွားရေးအရလည်း တန်ဖိုးရှိ သောအသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်သည်။ ပန်းပုလက်ရာများကို ဘာသာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဟိုတယ်နှင့်စားသောက်ဆိုင်အလှဆင် ပစ္စည်းများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အနုပညာစုဆောင်းပစ္စည်းများအဖြစ် အသုံးပြု ကြသည်။ ထို့ကြောင့် မြန်မာ့ပန်းပုလုပ်ငန်းကိုစနစ်တကျဖွံ့ဖြိုးတိုးတက်စေနိုင်ပါက ပြည်တွင်း စျေးကွက်သာမက နိုင်ငံတကာစျေးကွက်တွင်ပါ အခွင့်အလမ်းများရရှိလာနိုင်သည်။ ပန်းပုလက်ရာ တစ်ခု၏စျေးနှုန်းကို သတ်မှတ်ရာတွင်အသုံးပြုသည့်ပစ္စည်း၊ အရွယ်အစား၊ လက်ရာအနုစိတ်မှု၊ ပြုလုပ်ရသည့်အချိန်၊ ပန်းပုဆရာ၏ကျွမ်းကျင်မှုနှင့်လက်ရာ၏ ထူးခြားမှုတို့အပေါ်မူတည်သည်။ ဥပမာအားဖြင့် သစ်သားဖြင့်ပြုလုပ်ထားသောပန်းပုအလှဆင်ပစ္စည်းငယ်တစ်ခု၏ စျေးနှုန်းသည် ရိုးရှင်းသောပုံစံဖြစ်ပါက သက်သာနိုင်သော်လည်း အနုစိတ်လက်ရာများစွာ ပါဝင်သည့်သစ်သားပန်းပု တစ်ခု၊ အရွယ်အစားကြီးမားသောဘုရားရုပ်ပွားတော်တစ်ဆူသို့မဟုတ် အဆောက်အအုံတစ်ခုလုံး အတွက်အထူးအော်ဒါဖြင့် ပြုလုပ်ထားသောပန်းပုလက်ရာတစ်ခု၏တန်ဖိုးမှာပိုမိုမြင့်မားနိုင်သည်။
ထို့အပြင်ကုန်ကြမ်းစျေးနှုန်း၊ လုပ်သားခ၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ထုပ်ပိုးစရိတ်နှင့် ရောင်းချသည့်နေရာတို့သည်လည်း စျေးနှုန်းကိုသက်ရောက်စေသည်။ ပြည်တွင်းစျေးကွက်တွင် ရောင်းချသည့်ပစ္စည်းနှင့်နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့်ပစ္စည်းတို့၏ စျေးနှုန်းများသည်ကုန်ကျ စရိတ်နှင့် စျေးကွက်အခြေအနေအလိုက် ကွာခြားနိုင်သည်။ မြန်မာ့ပန်းပုလက်ရာများကို စျေးကွက် တွင်တန်ဖိုးမြင့်မားစွာရောင်းချနိုင်ရန် အရည်အသွေးကိုထိန်းသိမ်းခြင်း၊ ဒီဇိုင်းအသစ်များဖန်တီးခြင်း၊ ကုန်ပစ္စည်း၏မူရင်းဒေသနှင့် ပြုလုပ်သည့်နည်းစနစ်ကို ဖော်ပြခြင်းတို့လိုအပ်သည်။ ထို့ပြင် ပန်းပု ဆရာ၏အမည်၊ လက်ရာ၏ထူးခြားချက်နှင့်ပြုလုပ်ရန် အသုံးပြုခဲ့သည့်အချိန်တို့ကို မှတ်တမ်းတင် ထားခြင်းသည်လည်း ဝယ်ယူသူများ၏ယုံကြည်မှုကိုရရှိစေသည်။ လက်မှုပန်းပုလုပ်ငန်းရှင်များ အနေဖြင့် စျေးနှုန်းသတ်မှတ်ရာတွင်ကုန်ကျစရိတ်ကိုသာ ကြည့်၍မရောင်းချသင့်ပေ။ မိမိတို့၏ လက်ရာတွင်ပါဝင်နေသော အနုပညာတန်ဖိုး၊ ရိုးရာပညာတန်ဖိုးနှင့် လက်ရာဖန်တီးရန်လိုအပ် သောအချိန်တို့ကိုပါ ထည့်သွင်းစဥ်းစားသင့်သည်။ ထိုသို့ပြုလုပ်နိုင်ပါက ပန်းပုဆရာများအနေဖြင့် မိမိတို့၏ ကြိုးစားအားထုတ်မှုနှင့် ကိုက်ညီသောဝင်ငွေကိုရရှိနိုင်မည်ဖြစ်သည်။
မြန်မာ့လက်မှုပန်းပုပညာသည် မိမိတို့နိုင်ငံ၏ယဥ်ကျေးမှုကို ကမ္ဘာသို့မိတ်ဆက်ပေးနိုင်သော အနုပညာရပ်တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရိုးရာလက်မှုပစ္စည်းများ၊ သဘာဝပစ္စည်းများ ဖြင့်ဖန်တီးထားသော အနုပညာလက်ရာများနှင့် လက်ဖြင့်ပြုလုပ်ထားသောထူးခြားသည့်ပစ္စည်း များကိုစိတ်ဝင်စားသူများရှိကြသည်။ မြန်မာ့ပန်းပုပညာရှင်များသည် မိမိတို့၏ရိုးရာနည်းစနစ်များကို ထိန်းသိမ်းရင်းခေတ်မီဒီဇိုင်းများနှင့် ပေါင်းစပ်ဖန်တီးနိုင်ပါက နိုင်ငံတကာစျေးကွက်တွင် ပိုမိုထင်ရှား လာနိုင်သည်။ မြန်မာ့ပန်းပုလက်ရာ၏အားသာချက်မှာ ရိုးရာယဥ်ကျေးမှုနှင့်အနုပညာအဓိပ္ပါယ် တို့ပေါင်းစပ်ပါဝင်နေခြင်း ဖြစ်သည်။ ပုဂံခေတ်အနုပညာပုံစံများ၊ ဗုဒ္ဓဘာသာဆိုင်ရာရုပ်ပုံများ၊ ပန်းနွယ်အလှဆင်ပုံများနှင့် မြန်မာ့ရိုးရာအဆောက်အအုံများမှ ရရှိလာသောဒီဇိုင်းများသည် အခြား နိုင်ငံများ၏အနုပညာပုံစံများနှင့် မတူညီသည့်ကိုယ်ပိုင်လက္ခဏာကိုဖော်ပြပေးနိုင်သည်။ သို့သော် ကမ္ဘာ့စျေးကွက်တွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် ရိုးရာလက်ရာရှိရုံမျှဖြင့် မလုံလောက်ပေ။ အရည် အသွေး၊ ထုတ်ကုန်စံနှုန်း၊ ထုပ်ပိုးမှု၊ ပို့ဆောင်ရေးနှင့်ဝယ်ယူသူများ၏ယုံကြည်မှုတို့ကိုလည်းတည် ဆောက်ရန်လိုအပ်သည်။ မြန်မာ့ပန်းပုလက်ရာများကို နိုင်ငံတကာလက်မှုပညာပြပွဲများ၊ အနုပညာ ပြပွဲများနှင့် ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းသည်ကမ္ဘာ့စျေးကွက်သို့ဝင်ရောက်နိုင်မည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ထိုပြပွဲများတွင် ပန်းပုလက်ရာများကိုပြသရောင်းချနိုင်သကဲ့သို့ နိုင်ငံခြားဝယ်ယူသူများ၊ အနုပညာစုဆောင်းသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေး လုပ်ငန်းရှင်များနှင့်လည်း ချိတ်ဆက်နိုင်သည်။
ပြပွဲများတွင်ပါဝင်ပြသရာ၌ ပန်းပုလက်ရာတစ်ခုချင်းစီ၏အမည်၊ ပြုလုပ်သည့်ဒေသ၊ အသုံး ပြုသောပစ္စည်း၊ ဖန်တီးသည့်နည်းစနစ်နှင့်ယဥ်ကျေးမှုဆိုင်ရာအဓိပ္ပါယ်တို့ကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နိုင်ငံခြားသားများသည် ပစ္စည်း၏ အလှအပကိုသာမက ၎င်း၏နောက်ခံသမိုင်းနှင့်အနုပညာတန်ဖိုးကိုပါ နားလည်နိုင်လာမည်ဖြစ်သည်။ ကမ္ဘာ့စျေးကွက်တွင် ရောင်းချနိုင်ရန်အရည်အသွေးကို တစ်သမတ်တည်းထိန်းသိမ်းရန် အရေးကြီး သည်။ ပန်းပုလက်ရာများသည် အနုစိတ်ပြီးလှပရုံသာမကခိုင်ခံ့မှုရှိခြင်း၊ အက်ကွဲမှုနည်းခြင်း၊ သန့်ရှင်း သပ်ရပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင်ပျက်စီးမှုနည်းခြင်းတို့လည်း လိုအပ်သည်။ မြန်မာ့ရိုးရာ ပုံစံများကို မပျောက်ပျက်စေဘဲခေတ်မီလူမှုဘဝနှင့် လိုက်လျောညီထွေသောပစ္စည်းများကို ဖန်တီး နိုင်ရန်လည်း ကြိုးစားသင့်သည်။ ဥပမာအားဖြင့် စားပွဲတင်အလှဆင်ရုပ်တုငယ်များ၊ နံရံကပ် ပန်းပုများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများနှင့် ဟိုတယ်များအတွက်အထူးဒီဇိုင်းများကို ဖန်တီးနိုင် သည်။ ထိုသို့ပြုလုပ်ခြင်းသည် ရိုးရာအနုပညာကိုခေတ်မီစျေးကွက် နှင့်ချိတ်ဆက် ပေးနိုင်မည် ဖြစ်ပေ သည်။ သို့သော်ဒီဇိုင်းသစ်များဖန်တီးရာတွင် ရိုးရာပုံစံများ၏မူလအဓိပ္ပါယ်နှင့် ယဥ်ကျေးမှု တန်ဖိုးကို လေးစားထိန်းသိမ်းရန်လိုအပ်သည်။
မြန်မာ့ပန်းပုလက်ရာများကို နိုင်ငံခြားစျေးကွက်သို့တင်ပို့ရောင်းချနိုင်ပါက ပန်းပုပညာ ရှင်များ၏ ဝင်ငွေတိုးတက်လာနိုင်ပြီး ပြည်တွင်းတွင်အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးပွား လာနိုင်သည်။ သို့သော် တင်ပို့ရောင်းချရာတွင် နိုင်ငံအလိုက်သတ်မှတ်ထားသော ကုန်သွယ်ရေးစည်း မျဥ်းများ၊ အကောက်ခွန်လိုအပ်ချက်များ၊ သစ်သားနှင့် အခြားကုန်ကြမ်းဆိုင်ရာစည်းမျဥ်းများကို လိုက်နာရန်လိုအပ်ပေသည်။ ထို့အပြင် ပန်းပုလက်ရာများကို ပို့ဆောင်ရာတွင်ထိခိုက်ပျက်စီး မှုမရှိစေရန် ခိုင်ခံ့သောထုပ်ပိုးမှုများ ပြုလုပ်သင့်သည်။ ကုန်ပစ္စည်းတစ်ခုချင်းစီအတွက် အမှတ်တံ ဆိပ်၊ ထုတ်လုပ်သူအမည်နှင့် မူရင်းဒေသကိုဖော်ပြထားခြင်းသည် မြန်မာ့လက်မှုပစ္စည်းများ၏ ကိုယ်ပိုင်အမှတ်အသားကိုတည်ဆောက်ပေးနိုင်သည်။ အထူးသဖြင့် မြန်မာ့ရိုးရာပန်းပုလက်ရာ များကို အခြားနိုင်ငံများမှထုတ်လုပ်သည့် သာမန်အလှဆင်ပစ္စည်းများနှင့် မတူညီစေရန်အနုပညာ လက်ရာ၏ မူလအရင်းအမြစ်နှင့်ဖန်တီးသူ၏ကျွမ်းကျင်မှုကို ထင်ရှားစွာဖော်ပြသင့်သည်။ မြန်မာ့ လက်မှုပန်းပုပညာသည် ဘိုးဘွားများထံမှလက်ဆင့်ကမ်းရရှိလာသော အဖိုးတန်အမွေအနှစ်တစ်ခု ဖြစ်ပြီး နိုင်ငံ၏ယဥ်ကျေးမှု၊ သမိုင်းနှင့် အနုပညာလက္ခဏာကို ကမ္ဘာသို့မိတ်ဆက်ပေးနိုင်သော အရေးပါသည့်ပညာရပ်တစ်ခုလည်းဖြစ်သည်။ ပန်းပုလက်ရာတစ်ခုချင်းစီတွင် ဖန်တီးသူ၏အချိန်၊ အားထုတ်မှုနှင့်ကျွမ်းကျင်မှုများ ပါဝင်နေသဖြင့်၎င်းတို့ကို သာမန်ကုန်ပစ္စည်းတစ်ခုအဖြစ်သာမမြင် သင့်ပေ။ စျေးကွက်နှင့်စျေးနှုန်းကိုစနစ်တကျ သတ်မှတ်ခြင်း၊ အရည်အသွေးကိုမြှင့်တင်ခြင်း၊ ခေတ်မီ ဒီဇိုင်းများဖန်တီးခြင်းနှင့် နိုင်ငံတကာစျေးကွက်သို့ချိတ်ဆက်ခြင်းတို့သည် မြန်မာ့ပန်းပုပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသောလုပ်ငန်းစဥ်များဖြစ်သည်။ ထို့အပြင်လူငယ်များကို ရိုးရာပညာ သင်ကြားပေးခြင်းနှင့်ပန်းပုဆရာများ၏ အနုပညာတန်ဖိုးကို အသိအမှတ်ပြုခြင်းတို့သည်လည်း မရှိမဖြစ်လိုအပ်သည်။
မြန်မာ့ပန်းပုပညာကို ကမ္ဘာ့အလယ်တွင်ဝင့်ကြွားစေရန် အခြားနိုင်ငံများ၏အနုပညာကို အတုယူရုံမျှဖြင့် မလုံလောက်ပေ။ မိမိတို့၏ရိုးရာလက္ခဏာကိုထိန်းသိမ်းထားရင်း အရည်အသွေးနှင့် ဖန်တီးမှုအသစ်များကိုမြှင့်တင်ရမည် ဖြစ်ပေသည်။ ထိုသို့ကြိုးစားဆောင်ရွက်နိုင်ပါက မြန်မာ့ပန်းပု လက်ရာများသည်နိုင်ငံတကာတွင်အသိအမှတ်ပြုခံရမည့်အပြင် ပန်းပုပညာရှင်များ၏ လူမှုစီးပွား ရေးဘဝကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့လက်မှု ပန်းပုပညာကို ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းနှင့်ကမ္ဘာ့စျေးကွက်သို့ ဖြန့်ချိခြင်းတို့သည် ပန်းပုဆရာ တစ်ဦးချင်းစီ၏တာဝန်သာမက မြန်မာ့ယဥ်ကျေးမှုကို တန်ဖိုးထားသူတိုင်း၏ပူးပေါင်းဆောင်ရွက် ရမည့် တာဝန်တစ်ရပ်ဖြစ်သည်။ မြန်မာ့လက်မှုပန်းပုပညာကို ထိန်းသိမ်းခြင်းသည် ပန်းပုလက်ရာ အချို့ကိုသာ ထိန်းသိမ်းခြင်းမဟုတ်ဘဲ ဘိုးဘွားများ၏အနုပညာအမွေအနှစ်၊ ယဥ်ကျေးမှုနှင့် မြန်မာ့အမျိုးသားရေးလက္ခဏာကိုထိန်းသိမ်းခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့မျိုးဆက်မှစတင်၍ မြန်မာ့ပန်းပုပညာကို တန်ဖိုးထားကာလေ့လာ၊ ထိန်းသိမ်း၊ မြှင့်တင်ပြီး နောက်လာမည့်မျိုးဆက် များထံသို့ ဂုဏ်ယူဝင့်ကြွားလက်ဆင့်ကမ်းပေးသင့်ပါကြောင်းရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)
- Log in to post comments

















