ပခုက္ကူဈေးကွက်တွင်အရောင်းအဝယ်ဖြစ်နေသော ဇီးဖြူသီးဈေးနှုန်းနှင့် ဇီးဖြူသီး၏ ကောင်းကျိုးများ
မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်အတွင်းရှိ မြိုင်၊ကမ္မ၊မြစ်ခြေမြို့ နယ်များတွင် ဇီးဖြူသီးနှင့် ဩဇာသီးများကို အဓိက စိုက်ပျိုးပါသည်။ ဇီးဖြူသီးပင်သည် နှစ်ရှည်ခံသီးနှံပင်ဖြစ်ပြီးတစ်နှစ်လျှင် တစ်ကြိမ်သာအသီးသီးသော အပင်ဖြစ်သည်။ ဇီးဖြူသီးကို နေအိမ်များနှင့် ခြံစည်ရိုးများတွင် စိုက်ပျိုးထား ကြပါသည်။ အညာဒေသတွင် အလေ့ကြပေါက်ရောက်သော အပင် လည်းဖြစ်ပြီး တစ်ပင်လျှင်အလုံးရေ (၉၀၀-၁၀၀၀)သီးသောအပင် ဖြစ်သည်။ ဇီးဖြူသီးများကို ဝါခေါင်လကုန် တော်သလင်းလဆန်းပိုင်းတွင် စတင်ပေါ်ပြီး ပေါ်ကာစတွင် ဇီးဖြူသီးတစ်ပိဿာလျှင် ကျပ် (၈၀၀၀)ရှိပါသည်။
ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့်အမှတ်(၂)တို့တွင် မြစ်ခြေ၊မြိုင် နှင့် ကျောက်ပန်းတောင်းဒေသ တို့မှနေ့စဉ်ဝင်ရောက်နေပြီး တစ်နေ့လျှင်ကုန်ချိန်ပိဿာ (၁၀၀-၂၀၀)အထိ ဝင်ရောက်နေကြောင်း သိရ ပါသည်။ ၂၀၂၆ခုနှစ်၊အောက်တိုဘာလ(တတိယပတ်)တွင် ဇီးဖြူသီးဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ် (၄၅၀၀)ဖြင့် ရောင်းချနေပြီး ယခင်ပေါ်စထက် တစ်ပိဿာလျှင်ကျပ် (၃၅၀၀) ဈေးကျနေကြောင်းသိ ရပါသည်။ ဇီးဖြူသီး၏ကျန်းမားရေးအတွက်အသုံးဝင်ပုံ ဇီးဖြူသီး၏ အရသာမှာလေးမျိုးရှိပါသည်။
အရသာမှာ ချို၊ ချဉ်၊ ဖန်၊ ခါး အရသာရှိပြီး ဗီတာ မင်( C) နှင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါဝင်ခြင်းတို့ကြောင့်နေ့စဉ် မှန်မှန် စားသုံးမည်ဆိုပါက သက်ရှည်ကျန်းမာစေပါသည်။ ရေဓာတ်၊ အဆီဓာတ်၊ ပရိုတင်း ဓာတ်၊အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်နှင့် ဖော့စဖရိတ်ဓာတ်တို့လည်း ပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါသည်။ လူသားများအတွက် အရိုးများကို ကြံ့ခိုင်သန်းစွမ်းစေခြင်း၊ အမြင်အာရုံကြည်လင်စေခြင်း၊ စိတ်ဖိစီးမှုကိုသက်သာစေခြင်း၊ စိတ်ကျန်းမာရေးကိုကောင်မွန်စေခြင်း၊ အသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါများကိုသက်သာစေခြင်း ၊ ကူးစက်ရောဂါများကို တိုက်ဖျက်ပေးနိုင်ခြင်း၊ကိုယ် အလေးချိန်ကိုကျစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကင်ဆာကို တိုက်ဖျက်ပေးခြင်း၊ ဆီးချိုကိုတိုက်ဖျက် ပေးခြင်း၊ အစာကြေစေနိုင်စွမ်းရှိခြင်း ၊ အရေပြားကိုကျန်းမာစေခြင်း ၊ ဆံသားများနက်မှောင်စေခြင်း၊ သွေးအားနည်းခြင်းကိုသက်သာစေခြင်း၊ သွေးသန့်စေခြင်းစသည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ ကိုရရှိကြောင်းသိရှိရပါသည်။
ထို့အပြင်ကြော်စားခြင်း၊ ဇီးဖြူသနပ်ပြုလုပ်၍ စားသုံးခြင်း၊ ဆားရေစိမ်၍ စားသုံးခြင်း၊ ဇီးဖြူသီး ကို ထောင်း၍ စားသုံးခြင်းတို့အပြင် ဖျော်ရည်အဖြစ်လည်း အသုံးပြု၍ (MSME)ပြပွဲများ တွင် ဖျော်ရည်ကို ခင်းကျင်းပြသကြပြီး လူကြီးများ၊ ရဟန်းသံဃာများလည်း ပို၍ သောက်သုံး မှုများလာကြောင်းလေ့လာ သိရှိရပါသည်။ DOCA(မကွေး)
- Log in to post comments

















