Languages

Main menu

ကမ္ဘာ့နိုင်ငံများရှိ လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်နှင့် အခြားစီးပွားရေးသတင်းများ

Powered by Drupal

စင်ကာပူနိုင်ငံ

၁။      စင်ကာပူနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုအခြေအနေ အရ ၂၀၂၀ ခုနှစ် တတိယ(၃)လပတ်(ဇူလိုင်မှစက်တင်ဘာလအထိ)ကာလတွင် မျှော်မှန်းထားသည်ထက် အနည်းငယ်တိုးတက်ခဲ့ကြောင်း၊ အီလက်ထရောနစ် ပစ္စည်းပို့ကုန်နှင့် အခြားပြည်တွင်းထုတ်ကုန်တို့ ဆက်လက်တိုးတက်ခဲ့ပြီး စက်သုံးဆီကုန်သွယ်မှုမှာ ကျဆင်းမှု နှေးကွေးသော်လည်း ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့ဝယ်လိုအားအခြေအနေမှာ ယခင်နှစ်ထက် ကျဆင်းလျှက်ရှိ၍ စက်သုံးဆီ ဈေးနှုန်းကျဆင်းမှုနှင့်အတူ စက်သုံးဆီကုန်သွယ်မှုနှေးကွေးခြင်းတို့ကြောင့် ကုန်သွယ်မှုတစ်ခုလုံး ကျဆင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

၂။       ၂၀၂၀ ခုနှစ် ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုတို့နှင့် ပတ်သက်၍ နောက်ဆုံးခန့်မှန်းချက် များအရ အနည်းငယ်တိုးတက်လာကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က နိုင်ငံ အသီးသီးတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်ခွင့်ပြုပေးလျှက်ရှိသဖြင့် ကမ္ဘာ့ စီးပွားရေးမှာ ၂၀၂၀ ခုနှစ်တွင်  ၄.၄ % သာကျဆင်းမည်ဟုခန့်မှန်းကြောင်း၊ စင်ကာပူ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများဖြစ်သော တရုတ်၊အမေရိကန် ၊အီးယူနှင့်ဂျပန်စသည့် နိုင်ငံတို့ ၏ စီးပွားရေး အခြေအနေများမှာလည်း ယခင်ခန့်မှန်းချက်များလောက် ကျဆင်းမှု မဖြစ်ပေါ် နိုင်ကြောင်း၊ ကုန်သွယ်မှုပိုင်းအနေဖြင့် ၂၀၂၀ ခုနှစ်ကမ္ဘာ့ကုန်သွယ်မှုသည် ယခင်အစောပိုင်း ထက် ၁၂.၉% ကျဆင်း နိုင်သည့်အခြေအနေမှ ၉.၂% သာ ကျဆင်းနိုင်သည်ဟုခန့်မှန်းထားရာ ၂၀၂၀ ခုနှစ် စီးပွားရေး ကျဆင်းမှုနှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် ကမ္ဘာ့စီးပွားရေးမှာ ၅.၂% ပြန်လည် တိုးတက်လာနိုင်မည်ဟု IMF က ခန့်မှန်းထားကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံ

3။      နန်နင်းမြို့တွင် 19.12.2020 မှ 21.12.2020 ထိ Nanning International Convention and Exhibition Center (NICEC) ပြုလုပ်ရာတွင် The Sugar All Export တွင် မူဝါဒများ၊ စံနှုန်း သတ်မှတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ ရုပ်ပုံများပြသခြင်း၊ အမှတ်တံဆိပ်လုပ်ငန်း လုပ်ပိုင်ခွင့်များပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှု နည်းပညာများ အသုံးပြုခြင်း၊ ဉာဏ်တုအသုံးပြု၍ စိုက်ပျိုးခြင်း၊ နည်းပညာဖွံ့ဖြိုးရေးနှင့် တီထွင်ဆန်းသစ်မှုများနှင့် စားသောက်ကုန်စိတ်ချလုံခြုံစေသည့် သကြား ထုတ်လုပ်မှုကွင်းဆက် အားလုံးအပေါ် ခြုံငုံပြသသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း သကြားလုပ်ငန်းရင်းမြစ်များကို စုစည်းပြသသွားရန် ရည်ရွယ်ကြောင်း၊ Sugar All Expo တွင် သကြားစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သည့် စက်ပစ္စည်းများ၊ နည်းပညာများနှင့် အသုံးအဆောင်များ၊ သကြားနှင့် လုပ်ငန်းသုံးသကြား စသည့် ထွက်ကုန်များ၊ ချောကလက်၊ သကြားလုံး၊ ပျားရည်၊ ဘီစကစ်၊ နို့မှုန့်၊ သကြားပါဝင်သည့်  ဆေးဝါးများ၊ စိုက်ပျိုးရေး ထွက်ကုန်များ စသည့် သကြားဖြင့်ထုတ်လုပ်ထားသည့် စားသောက်ကုန်များနှင့် ယမကာများ၊ အထောက်အကူပြု ပံ့ပိုးပေးမည့် ဝန်ဆောင်မှုများဟူ၍ အပိုင်း(5)ပိုင်းဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ၎င်းပြပွဲကာလအတွင်း မြန်မာနိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုအား ပါဝင်ပြသရန်အတွက် (36)စတုရန်းမီတာ ကျယ်ဝန်းသည့် ပြခန်းနေရာပေးမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ကိုရိုနာကပ်ရောဂါကျရောက်နေသည့်အတွက် တရုတ်နိုင်ငံသို့ မြန်မာလုပ်ငန်းရှင်များ ကိုယ်တိုင်လာရောက်ပြသရန် ခက်ခဲနေကြသဖြင့် မြန်မာနိုင်ငံ အတွက် ရရှိမည့်စတုရန်းမီတာအကျယ်အဝန်းရှိနေသော နေရာတွင် နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

၄။      ကမ္ဘာ့ထိပ်တန်းရေနံတင်သွင်းသော  တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွက် အစိုးရ မဟုတ်သောလုပ်ငန်းများ၏ ရေနံစိမ်း တင်သွင်းခွင့်ပမာဏအား ယခင်နှစ်ကထက် (၂၀) ရာခိုင်နှုန်းတိုးမြှင့်ကာ တန်ချိန်(၂၄၃)သန်းထိ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ကိုရိုနာ ကပ်ရောဂါ အမြင့်ဆုံးကျရောက် ဖြစ်ပွားခဲ့သည့်အချိန်၌ လောင်စာဆီစျေးနှုန်းများ ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး လောင်စာဆီများ အလွန်အမင်းပိုလျှံစုပုံနေခဲ့ရာ ရေနံ စျေးကွက်ရှိ ထုတ်လုပ်သူများအတွက် အလွန်ခက်ခဲခဲ့သည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယမန်နှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပိုမိုမြင့်မားလာသော ဝယ်လိုအားများဖြင့် ရေနံစိမ်းအဓိက ဝယ်ယူခဲ့သောနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ရေနံစိမ်းများအား စံချိန်တင်လောက်အောင် သိုလှောင်ထားရှိမှုများနှင့် ပြည်တွင်း လောင်စာဆီ ဝယ်လိုအား ပြန်လည် အားကောင်းလာသဖြင့် စျေးသက်သာသော ရေနံစိမ်းများအား ရေနံသန့်စင်သူများက ဝယ်ယူမှုများကြောင့် (၂၀၂၀)ခုနှစ် ပထမ(၄)လပတ်များအတွင်း တရုတ်နိုင်ငံ အတွင်းသို့ ရေနံစိမ်း တန်ချိန် သန်းပေါင်း (၄၁၆) သန်း တင်သွင်းခဲ့ပြီး၊ ယခင်နှစ်က ထက် (၁၂.၇)ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း သိရှိရပါသည်။ 

၅။      ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းကောက်ပဲသီးနှံ ထုတ်လုပ်မှုမှာ ကီလိုဂရမ် (၆၆၉၅)ဘီလီယံသို့ ရောက်ရှိခဲ့ကာ၊ ယခင်နှစ်ကထက် ကီလိုဂရမ် (၅.၆၅)ဘီလီယံ (သို့မဟုတ်) (၀.၉)ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ကောက်ပဲသီးနှံ ထုတ်လုပ်မှုမှာ (၆)နှစ် ဆက်တိုက် တန်ချိန် (၆၅၀) ဘီလီယံ ကျော်လွန်သဖြင့် တရုတ်နိုင်ငံ၏ စားသုံးမှု ဝယ်လိုအားကို ပြည့်မီသည့်အဆင့်ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံထုတ်လုပ်မှုတွင် ဆန်၊ ဂျုံ ၊ ပြောင်းစသည့် အဓိကသီးနှံများ၏ စုစုပေါင်း ရိတ်သိမ်းမှုမှာ ကီလိုဂရမ် (၆၁၆.၇၅) ဘီလီယံ ထိရှိခဲ့ကာ (၂၀၁၉)ခုနှစ်ကထက် (၀.၅) ရာခိုင်နှုန်း  ပိုမိုခဲ့ကြောင်း၊ ဆန်ထုတ်လုပ်မှု တွင် (၁.၁) ရာခိုင်နှုန်း၊ ဂျုံထုတ်လုပ်မှုတွင် (၀.၅) ရာခိုင်နှုန်ုး တိုးတက်လာသော်လည်း ပြောင်း ထုတ်လုပ်မှု ကီလိုဂရမ် (၀.၁)ဘီလီယံခန့် အနည်းငယ် ကျဆင်းခဲ့ကြောင်း၊ ပဲပုပ် စိုက်ပျိုးရေး မှာ အစိုးရမူဝါဒများဖြင့် ပံ့ပိုး ပေးမှုကြောင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၅.၉) ရာခိုင်နှုန်း တိုးတက်လာကာ စိုက်ပျိုးမြေ ဟက်တာ (၅၉.၉၀)သန်းသို့ ရောက်ရှိခဲ့ပြီး အထွက်နှုန်း မှာလည်း(၈.၃)ရာခိုင်နှုန်း တိုးတက်လာ၍  ကီလိုဂရမ် (၁၉.၆)ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

၆။      တရုတ်နိုင်ငံ၌ စားသောက်ကုန်များရောင်းချသော e-commerce ပလက်ဖောင်းများ သည် ၎င်းတို့ပလက်ဖောင်းမှရောင်းချသည့် စားသောက်ကုန်များအတွက် အစားအစာ ဘေးကင်းလုံခြုံမှုကို ဥပဒေအရ တာဝန်ယူသင့်ကြောင်း၊ ထိုကဲ့သို့တာဝန်ယူခြင်းဖြင့် အွန်လိုင်းမှ အစားအစာဝယ်ယူမှုများကျော်ကြားမှု ဆက်လက်မြင့်တက်နိုင်မည်ဖြစ်ကြောင်း၊ လာမည့်နှစ်မှ စတင်၍ e-commerce ပလက်ဖောင်းလုပ်ကိုင်ဆောင်ရွက်သူများသည် စားသောက်ကုန်များ ရောင်းချရန်နှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းလိုင်စင်များကို စစ်ဆေးနိုင်ရန် အမည်အရင်းဖြင့် မှတ်ပုံတင် စာရင်းပေးသွင်းရန်လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ e-commerce ပလက်ဖောင်းမှ ရောင်းချသူများနှင့် စားသောက်ကုန်ထုတ်လုပ်သူတို့ကို ပူးတွဲ၍ ဥပဒေအရ တာဝန်ယူခိုင်းနိုင်ကြောင်းသိရှိပါသည်။

ဟောင်ကောင်

၇။      COVID-19 ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသ၌ လာမည့်နှစ်အထိ ဘဏ္ဍာလိုငွေ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ ဟောင်ကောင်၏ စီးပွားရေးမှာ ဖိအားများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး အစောဆုံးအနေဖြင့်လာမည့် နှစ်ကုန်လောက်မှ ပြန်လည်နလန်ထူလာနိုင်ကြောင်း၊ ဟောင်ကောင် ဒေသအစိုးရအနေဖြင့် အလုပ်အကိုင် ဆုံးရှုံးသူများအတွက် ခံစားခွင့်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ခလစာအတွက် ထောက်ပံ့ကြေးပေးရန် အစီအစဉ် မရှိကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းထန်စွာ ထိခိုက်နေသော ကဏ္ဍများအား အဓိကထား၍ ပံ့ပိုးသွားရန် ပိုမို သင့်တော်ကြောင်း၊ ယခုနှစ် ဘဏ္ဍာလိုငွေမှာ ဟောင်ကောင် ဒေါ်လာ (၃၀၀) မီလီယံကျော်ရှိပြီး အရန်ဘဏ္ဍာငွေမှာ ဟောင်ကောင်ဒေါ်လာ (၈၀၀)ဘီလီယံ ကျဆင်းနိုင်ကြောင်းနှင့် ၂၀၀၃ ခုနှစ် SARs ရောဂါဖြစ်ပွားခဲ့စဉ်က အဆင့်နှင့်တူညီကြောင်း၊ အာရှငွေကြေးအကျပ်အတည်းဖြစ်စဉ် ၁၉၉၈ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အတွင်း ပြန်ကြည့်လျှင် အစိုးရမှ ကုန်ကျငွေများလျှော့ချရန် ပင်စင် စောယူသူများအတွက် ပင်စင်လစာပေးမှု ဖြတ် တောက်ခြင်းများပြုလုပ်ခဲ့ရာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ခဲ့သောကြောင့် ချင့်ချိန်၍ ချဉ်းကပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးကု ဆရာဝန် ဖြစ်ရန် ပြည်သူ့ဆေးရုံများတွင် လုပ်ကိုင်လျက်ရှိသော ဆေးကျောင်းသားများအပေါ် သက်ရောက်မှုများရှိနိုင်ပြီး ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အတွက် အရည်အချင်း ရှိသောဆရာဝန်များ ကွင်းဆက် ပြတ်နိုင်မှုနှင့်ရင်ဆိုင်ရနိုင်သည့် မျှော်လင့်မထားသောရလဒ်များ ကြုံတွေ့နိုင်ကြောင်းနှင့် ဆေးဝန်ထမ်းများ၏ ယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများအပေါ် သက်ရောက် မှုများဖြစ်နိုင်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ အောက်တိုဘာလအတွင်း (၁)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အိမ်ခြံမြေစျေးကွက်မှာ တည်ငြိမ်နေမည်ဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ

၈။      တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ဆောင်မှုဌာနက တောင်အာဖရိကနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွက် ကုန်စည်ကုန်သွယ်မှုစာရင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ တောင်အာဖရိကနိုင်ငံ၏ ကုန်စည်ကုန်သွယ်မှုသည် အောက်တိုဘာလတွင် ကုန်သွယ်မှုလိုငွေရန်း ၃၆.၁၃ ဘီလီယံအထိရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ အောက် တိုဘာလအထိ တစ်နှစ်ပတ်လုံး ကုန်သွယ်မှုသည်လည်း စုစုပေါင်းရန်း ၃၂.၇ ဘီလီယံအထိ ပို၍ ကုန်သွယ်မှုပိုငွေ ရရှိခဲ့ပါသည်။ အောက်တိုဘာလတွင် ပို့ကုန် ရန်း ၁၄၉.၁၆ ဘီလီယံ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် ရန်း ၁၁၃.၀၃ ဘီလီယံသာ တင်သွင်းနိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပိုငွေ ၃၆.၁၃ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ပို့ကုန်တစ်နှစ်ပတ်လုံး ၂၁.၅ % မြင့်တက်ခဲ့သော်လည်း သွင်းကုန် ၅.၇ % ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ တစ်လတည်းအတွက် ကုန်သွယ်မှုပိုငွေသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလထက် ရန်း ၂.၈၂ ဘီလီယံ ပိုငွေ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

၉။      တောင်အာဖရိကနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် တတိယသုံးလပတ်တွက် ၅% ထိ မြင့်တက်ခဲ့ပါသည်။ ထိုသို့ တိုးတက်မှုသည် ကိုဗစ်ရောဂါဖြစ်ပွားကတည်းက အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ အတူတကွ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုးရေး ထွက်ကုန်တင်ပို့မှု ဆက်လက်တိုးမြင့်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကတို့ ရေရှည်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ တောင်အာဖရိကနိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်သည် ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တွင် အမေရိကန် ဒေါ်လာ ၃.၂ ဘီလီယံ (ရန်း ၄၉.၃ ဘီလီယံ) အထိ တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ပတ်လုံးအတွက် ရာခိုင်နှုန်းအားဖြင့် ၅ % နှုန်းမြင့်တက်ခဲ့သည်။ ပိုမိုတင်ပို့နိုင်ခဲ့သည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများမှာ လိမ္မော်သီး ၊ ဝိုင်၊ ပြောင်း၊ အစေ့အဆံ ၊ သစ်သီးနှင့် ကြံတို့ဖြစ်သည်။ လာမည့် စတုတ္တ လေးပတ်အတွက် အဆိုပါသီးနှံများ ဆက်လက် အထွက်တိုးပြီး ပို့ကုန်ဆက်လက်တိုးမြင့် တင်ပို့နိုင်ရန်လည်း မျှော်မှန်းထားသည်။ အဆိုပါသီးနှံများထဲမှ လိမ္မော်သီး တင်ပို့နိုင်မှုသည် ၂.၅ မီလီယံ တန်အထိ မှတ်တမ်းတင်နိုင်သည်အထိ တိုးတက်လာမည်ဟုလည်း မျှော်မှန်းထားပါသည်။ အလားတူ ဝိုင်ထွက်ရှိမှုသည် ကိုဗစ်ရောဂါဖြစ်ပွားမှုကာလအတွင်း ပိုမိုထွက်ရှိခြင်းနှင့် ပြည်တွင်းရောင်းချမှု အကန့်အသတ်များကြောင့် ဝိုင်တင်ပို့မှု ပိုမို တိုးတက်လာခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အတွက် ဝိုင်အထွက် စပျစ်သီး အထွက်နှုန်းသည် ၁. ၃ မီလီယံတန်အထိ ရှိပြီး တစ်နှစ်ပတ်လုံးအတွက် ၈.၂ ရာခိုင်နှုန်းအထိ ထွက်ရှိရန် မျှော်မှန်းထားသည်။ အခြားသီးနှံများသည်လည်း အလားတူ ပိုမိုထွက်ရှိသည့်အတွက် တတိယသုံးလပတ်အတွင်း စိုက်ပျိုးရေးထွက်ကုန် ပိုမို တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း စီးပွားရေး ခေတ္တယာယီ ပိတ်ပင်သည့်ကာလအတွင်း အစိုးရနှင့် ပုဂ္ဂလိကတို့သည် စိုက်ပျိုးရေး ထွက်ကုန် တန်ဖိုးမြှင့်ကွင်းဆက်နှင့် ကုန်သွယ်မှု အထောက်အပံကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်းကြောင့် အဆိုပါစိုက်ပျိုးရေးသီးနှံများ ပိုမိုထွက်ရှိပြီး တင်ပို့နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဩစတြေးလျ

၁၀။    ဩစတြေးလျနိုင်ငံ၏ ပြည်နယ်များတွင် Covid-19 ဆိုင်ရာ ကန့်သတ်ချက်များ ဖယ်ရှားခဲ့ ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလ သုံးလပတ်အတွင်း ဩစတြေးလျ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး GDP မှာ ၃.၃ %  မြင့်တက်ခဲ့ကြောင်းနှင့် ၎င်း ၃.၃ ရာခိုင်နှုန်းမှာ ၁၉၇၆ ခုနှစ် မှစတင်၍ အများဆုံး တိုးတက်မှုဖြစ်ကြောင်း၊ ပြည်နယ်များအနက် ကိုဗစ် ဒုတိယလှိုင်းဒဏ် ခံစားခဲ့ရသည့် ဗစ်တိုးရီးယားပြည်နယ်များမှအပ ကျန်ပြည်နယ်များ၏ GDP များမှာလည်း ခိုင်မာစွာ တိုးတက်ခဲ့ကြောင်း Commonwealth of Australia ၏ (၂-၁၂-၂၀၂၀)ရက်နေ့ ထုတ် ပြန်ခဲ့သော သတင်းများအရ သိရှိရပါသည်။ ထို့အပြင် Reverse Bank of Australia ၏ (၂-၁၂-၂၀၂၀ ) ရက်နေ့က ထုတ်ပြန်ခဲ့ သော သတင်းများအရ သိရှိရပါသည်။

၁၁။    ထို့အပြင် Reverse Bank of Australia ကလည်း လတ်တလော စာရင်းအင်းအချက်အလက်များအရ စီးပွားရေးပြန်လည် နာလန်ထူလာပြီး မျှော်မှန်းထားသည်ထက် အခြေအနေ ကောင်းမွန်ကြောင်းနှင့် လာမည့်နှစ် ၂၀၂၁ ခုနှစ်အတွက် GDP တိုးတက်မှုနှုန်း ၅% မျှော်မှန်းထားပြီး၊ ၂၀၂၂ ခုနှစ် အတွက် ၄% မျှော်မှန်းထားပါသည်။ လေးနှစ်တာကာလအတွင်း အလုပ်လက်မဲ့နှုန်းသည် Covid-19 မတိုင်မီ အဆင့်သို့ ပြန်ရောက်သွားနိုင်ပြီး ၁၉၈၀ နှင့် ၁၉၉၀ခုနှစ်များတွင် စီးပွားရေး ကျဆင်းမှုများထက် အလုပ်အကိုင်များ ပြန်လည်နာလန်ထူလာမည်ဟု ခန့်မှန်းထားပါသည်။ အလုပ်လက်မဲ့နှုန်းသည် နိုဝင်ဘာလတွင် ၆.၈% ရှိခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်လယ်ပိုင်း နောက်ဆုံးခန့်မှန်းချက် ဖြစ်သည့် ဒီဇင်ဘာလ သုံးလပတ်တွင် ၉.၂၅ % ဝန်းကျင်ခန့်မှန်းထားခြင်းမှ လျော့ကျခဲ့ခြင်းဖြစ်ပါသည်။ သံသတ္တုရိုင်းဈေးနှုန်းများ မြင့်တက်လာရန်နှင့် စားသုံးမှုအတွက် ပိုမိုမြင့်မားလာသော ခန့်မှန်းချက်များကြောင့် GST ကောက်ခံရရှိမှု တိုးတက်မည်ဟု မျှော်မှန်းထားသည့်အပြင် ယခု ဘဏ္ဍာရေးနှစ်တွင် အခွန်ကောက်ခံ ရရှိမှုအတွက် ဒေါ်လာ ၉.၅ ဘီလီယံ ရရှိရန် မျှော်မှန်းထားပါသည်။ ယခုနှစ်တွင် သံယံဇာတ တင်ပို့မှု ၅% မြင့်တက်လာမှုနှင့်အတူ လယ်ယာထွက်ကုန်တင်ပို့မှု ၂.၅% မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားပါသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် အစိုးရသည် ကုန်စည်ဈေးကွက်ပေါက်ဈေးနှုန်းများအပေါ် မူတည်၍ သတိရှိရှိ ချဉ်းကပ်ကာ ဆက်လက် ထိန်းသိန်းကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း ဘဏ္ဍာရေးဝန်ကြီး ကမူ အစိုးရသည် တရုတ်၏ ဆုံးဖြတ်ချက်များကြောင့် တစ်သီးပုဂ္ဂလ စီးပွားရေးလုပ်ငန်းများနှင့် ကဏ္ဍများအပေါ်တွင် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လျှော့မတွက်ရန် သတိပေး ထားပါသည်။ ယင်းသို့ စီးပွားရေးပြန်လည် နာလန်ထူလာမှုမှာလည်း အစိုးရ၏ ဒေါ်လာ ၂၅၇ ဘီလီယံတန်ဖိုးရှိ စီးပွားရေးဆိုင်ရာ အထောက်အပံ့များကြောင့် အဓိက ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများကပြောကြားထားပါသည်။

ထိုင်းနိုင်ငံ

၁၂။     ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ပို့ကုန်ဈေးကွက်ရှာဖွေခြင်း၊ မိတ်ဖက်နိုင်ငံများနှင့် ဆွေးနွေးမှုများကို တိုးတက်အောင်ဆောင်ရွက်လျှက်ရှိရာတွင် နိုင်ငံတစ်ခုလုံး၌ ဈေးကွက် ရှာဖွေရေးလှုပ်ရှားမှု Marketing Activities ပေါင်း(၃၄၃)ခု၊ စုစည်းလွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA)များကို  ဉရောပသမဂ္ဂ(EU)၊ UK၊ ယူရိုအာရှ စီးပွားရေးသမဂ္ဂ (EAEU)၊ ဥရောပစီးပွားရေးသမဂ္ဂ (European Free Trade Association-Efta) တို့အပါအဝင် အခြားသော အလားအလာရှိသည့် မိတ်ဖက်နိုင်ငံများနှင့် အရှိန်မြှင့်တင် ဆောင်ရွက်သွားရန်ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်အတူ ဈေးကွက်ရှာဖွေရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေး သဘောတူညီချက်ကိစ္စရပ်များပါဝင်သည့် ပြည်ပပို့ကုန်အတွက် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် အားပေးလှုံ့ဆော်သည့် အစီအစဉ်များကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီစဉ်ထားသော ဈေးကွက် ရှာဖွေရေးပွဲ (၃၄၃)ခု အနက် (၁၃၅)ခု ကို ထိုင်းနိုင်ငံတွင် ကျင်းပသွားပြီး ကျန်(၂၀၈)ပွဲအား နိုင်ငံခြား တိုင်းပြည်များတွင် ပြုလုပ်သွားရန်စီစဉ်ထားကြောင်း၊ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းကုန်ပစ္စည်းများကို ဈေးကွက်ပြိုင်ဆိုင်မှုအတွက် ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျှက် ရှိကြောင်းသိရှိရပါသည်။

၁၃။    ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားတိုင်းပြည် များရှိ ကူးသန်းရောင်းဝယ်ရေး(ကုန်သွယ်ရေး) သံမှူးများ(Commercial Counsellors) များ ကို အကယ်၍ ၎င်းတို့အနေဖြင့် အရောင်းသမားများကဲ့သို့ ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပ ပို့ကုန်အတွက် အဟန့်အတားအခက်အခဲများကို ကောင်းစွာဖြေရှင်းကိုင်တွယ်နိုင်စွမ်း မရှိပါက ထိုင်းနိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားမှုရှိနေသော်လည်း ထိုင်း ကုန်သွယ်မှုစင်တာရုံးများရှိ ညွှန်ကြားရေးမှူးချုပ်များနှင့် ကမ္ဘာတစ်လွှားရှိ ကူးသန်းရောင်းဝယ်ရေး (ကုန်သွယ်ရေး) သံမှူးရုံး (၅၈)ရုံးမှ သံမှူးများအားလုံးအတွက် လုပ်ငန်းဆိုင်ရာ မူဝါဒများ ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း၊ Covid-19 ကပ်ရောဂါ ကာကွယ်ဆေးများကိုလည်း ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ ၎င်းသံမှူးများအနေဖြင့် ပို့ကုန်တင်ပို့နိုင်ရေး မြန်ဆန် သွက်လက်စေရန်အတွက် ၎င်းတို့၏ ပို့ကုန်စီမံချက်များကို ပြန်လည်ချိန်ညှိရန် လိုအပ်ကြောင်း၊ မိမိတိုင်းပြည်၏ ထွက်ကုန်ပစ္စည်းများကို ရောင်းချမှုအတွက် နိုင်ငံခြားရှိ ကူးသန်းရောင်းဝယ်ရေး (ကုန်သွယ်ရေး)သံမှူးများ တစ်ဉီးချင်းစီ၏ စွမ်းဆောင်ချက်များကို အညွှန်းကိန်းများဖြင့် တိုင်းတာသွားရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။