Main menu

ဟင်းခတ်အမယ်တစ်မျိုးဖြစ်သောအာပူရွက်

Powered by Drupal
Fri, 02/17/2023 - 11:42 -- consumer_admin

       အာပူရွက်သည် ရခိုင်လူမျိုးများ အများဆုံးအသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်ဖြစ်ပါသည်။ အာပူရွက်ကို Urtica dioica ဟုခေါပြီး လက်တင်စကားလုံး Uro မှတစ်ဆင့် ဆင်းသက်လာပါသည်။ ပူနွေးခြင်းဟုအဓိပ္ပါယ်ရပါသည်။ အာပူရွက်ကို ထိလျှင်သော်လည်းကောင်း၊ စားမိလျှင်သော်လည်းကောင်း ခေတ္တခဏပူနွေးစေသော ခံစားမှုကိုရရှိစေမည်ဖြစ်ပါသည်။ အာပူရွက်အပင်သည် ရခိုင်ရိုးမလမ်းမပေါ်ရှိ ချင်းရွာနှင့် ပုဂံကွဲရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိပါသည်။ အာပူရွက်သည် တစ်ရာသီအပင်ဖြစ်ပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးလျှင် ဖြစ်ထွန်းမှုမရှိသေ ာအပင်ဖြစ်ကြောင်းသိရှိရပါသည်။ အာပူရွက်ပင်သည် ပင်စိမ်းပင်နှင့် ပုံစံတူပါသည်။ အာပူရွက်ကို ရှေးယခင်ကတည်းက သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပါသည်။ အာပူရွက်ကို အခြောက်ခံရာတွင် အရိပ်အောက်၌ လေအေးအေးနှင့် အခြောက်ခံရခြင်းဖြစ်ပါသည်။ အာပူရွက်၌ အမွေးပါးလေးများပါပြီး ထိမိလျှင် ယားယံသလို ခံစားရနိုင်ပါသည်။ အာပူရွက်တွင် အရွက်ရောအမြစ်ပါ အာဟာရဓာတ်များပါဝင်ပါသည်။ အာပူရွက်သည် ဗီတာမင်အနေဖြင့် A, C, K, B ဓာတ်များပါဝင်နေပါသည်။ သတ္တုဓာတ်နေဖြင့် ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုရီယမ်ဓာတ်တို့ပါဝင်ပါသည်။ အဆီဓာတ်၊ အမိုင်နိုအက်ဆစ်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပမာဏကို တိုးစေနိုင်ပါသည်။ နာကျင်ကိုက်ခဲမှုကို သက်သာစေပါသည်။ ဆီးကျိတ်ရောင်ခြင်းကိုသက်သာစေပြီး ဆီးကျိတ်ထပ်မံကြီးထွားမှုမှလည်း ကာကွယ်ပေးပါသည်။ နှာခေါင်းတွင်းနံရံများကို ရောင်ရမ်းစေသည့် နှာခေါင်းဓာတ်မတည့်မှုကို သက်သာစေပါသည်။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးပါသည်။ အာပူရွက်သည် nitric oxide ထွက်ရှိစေရန် လှုံဆော်ပေးပြီး သွေးကြောနံရံတွေကို ဖြေလျော့စေပြီး သွေးကြောများကိုပွင့်စေရန် အကူအညီပေးနိုင်ပါသည်။ ဆေးဖြစ်ဝါးဖြစ်စားလေ့ရှိသောအာပူရွက်သည် ယခုကဲ့သို့သော ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းပါသည်။ အာပူရွက်သည် ကျန်းမာရေးအတွက်အထောက်အကူပြုသော်လည်း “တန်ဆေး လွန်ဘေး”ဟူသောစကားကို မမေ့စေချင်ပါ။ ဈေးကွက်တွင် အာပူရွက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဈေးဆိုင်များတွင် (၂၀၀)တန် (၃၀၀)ကျပ်တန် အထုပ်များထုပ်၍လည်း ရောင်းချကြောင်းတွေ့ရှိရပါသည်။ Super Market များတွင် တံဆိပ်များတပ်၍ သေသပ်လှပသောအထုပ်များထုပ်ပိုး၍လည်း ရောင်းချနေပြီဖြစ်ကြောင်းတွေ့ရှိရပါသည်။ ထိုသို့ ထုတ်ပိုးရောင်းချသော အာပူရွက်တစ်ကျပ်သားတစ်ထုပ်လျှင် (၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ထို့ကြောင့် အာပူရွက်ကို စီးပွားရေးဈေးကွက်တွင် Packing လှလှဖြင့် စနစ်တကျထုပ်ပိုးရောင်းချလျှင် ဝင်ငွေတိုးနိုင်မည်ဖြစ်သော ဟင်းခတ်အမယ်တစ်မျိုးဖြစ်ကြောင်းလေ့လာသိရှိရပါသည်။ အာပူရွက်ကို ရခိုင်ကြက်သောက်ဆမ်း၊ ငါးသောက်ဆမ်း၊ ရခိုင်မုန့်တီ၊ ငါးငါးပိချက်၊ ဆင်ခရမ်းချဉ်သီးချက်တို့တွင်ထည့်၍ ချက်ပြုတ်စားသောက်ကြပါသည်။

DOCA(ပဲခူး)