Main menu

ယုံကြည်အားထား ကုန်အညွှန်းအမှတ်အသား

Powered by Drupal
Wed, 02/08/2023 - 13:36 -- consumer_admin

       ခေတ်မှီဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ စားသုံးသူပြည်သူများ အသုံးပြုနေသည့် ကုန်စည်နှင့် အစားအသောက်များသည် အသင့်စားအစားအသောက်များ ( Ready Made ) များကို အသုံးပြုမှု ပိုမိုများပြားလာခဲ့ပြီဖြစ်ပါသည်။ Ready Made အစားအစာများသည် အချိန်ကုန်သက်သာခြင်း၊ လွယ်ကူထုပ်ပိုးသယ်ယူရန်အတွက် လွယ်ကူခြင်း၊ သင့်တင့်မျှတသော အနံ့၊ အရသာနှင့် ပြည့်စုံခြင်းတို့ကြောင့် စားသုံးသူပြည်သူများ အသုံးပြုမှုပိုမိုများလာခဲ့ခြင်းဖြစ်ပါသည်။

       ရှေးယခင်က မြန်မာ့ရိုးရာမုန့်များကိုသာ လတ်ဆတ်စွာ စားသုံးလေ့ရှိကြပြီး ထမင်းဟင်းများကို ထုပ်ပိုးရာတွင်လည်း အင်ဖတ်များ၊ ငှက်ပျောဖတ်များဖြင့် ထုပ်ပိုး၍ သယ်ယူလေ့ရှိကြပါသည်။

       ယခုအခါတွင် Ready Made အစားအစာများကိုအသုံးပြုမှု ပိုမိုများပြားလာပြီး Ready Made အစားအစာတစ်ခုတွင် ရေးသားထားသည့် စာသားလေးမှာ “ ခေတ်မှီသူတိုင်း Ready Made ကို သုံးစွဲကြသည် ” ဟု ရေးသားဖော်ပြထားသည်ကို မြင်တွေရပါသည်။

     စားသုံးသူပြည်သူများသည် Ready Made အစားအစာ၊ အသုံးအဆောင်များကို ယခင်က အသုံးပြုရာတွင် “ ဒီအမှတ်တံဆိပ်ကတော့ စားကောင်းတယ်၊ ဈေးနှုန်းသင့်တယ် ” “ ဒီတံဆိပ်ကတော့ မကောင်းဘူး ” စသည်ဖြင့် တဆင့်စကားများဖြင့်သာ ဝယ်ယူအသုံးပြုလေ့ ရှိကြပြီး၊ အရောင်းဝန်ထမ်းများ၏ ရှင်းလင်းပြောကြားခြင်း၊ ကြေညာခြင်း စသည်များဖြင့်သာ ဝယ်ယူအသုံးပြုကြရပါသည်။

      ယခင်က Ready Made အစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ မပြည့်စုံခြင်း၊ စားသုံးသူပြည်သူများ နားလည်လွယ်သည့် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းမျိုး မရှိသည့် အတွက် မိမိတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူရန်အတွက် ဆုံးဖြတ်ချက်ချရန်ခက်ခဲပြီး ဝယ်ယူ အသုံးပြု ကြရပါသည်။

    အစားအ​သောက်များကို အနံ့၊ အရသာ မြည်းစမ်း၍ ကောင်းခြင်း၊ မကောင်းခြင်းကို ဆုံးဖြတ်၍ ရသော်လည်း အလှကုန်ပစ္စည်းများတွင်မူ အခက်အခဲပေါင်းစုံနှင့် ကြုံကြိုက်ခဲ့ကြ ရပါသည်။  ယခင်က အလှကုန်ပစ္စည်းများတွင် ကုန်ပစ္စည်းအမှတ်တံဆိပ်ပင်မကဘဲ ကုန်အညွှန်း အမှတ်အသားများကိုပင် အခြားဘာသာစကားများဖြင့် ရေးသားဖော်ပြထားသည့်အတွက် မိမိနှင့် သင့်လျော်သည့် အလှကုန်ပစ္စည်းများကို ရွေးချယ်ရန်ခက်ခဲသည့်အတွက် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများဖြင့် ကြုံတွေ့ခဲ့ကြရပါသည်။

      စားသုံးသူပြည်သူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ်  စိတ်ကျေနပ်မှုရှိစေရန် မိမိစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ( ၁၅ ) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၉။ ဖြင့် ပြဌာန်းခဲ့သည်။ ယင်းဥပဒေသည် အခန်းပေါင်း (၂၅ ) ခန်းနှင့် ဥပဒေပုဒ်မ ( ၈၄ ) ခုဖြင့် ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။

     စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း ( ၁၈ ) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၃ ) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်းကြားချက်အမှတ် ( ၂/၂၀၁၉ ) ဖြင့် ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အတွက် ထုတ်ပြန် ကြေညာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ( ၁၆ ) ရက်နေ့မှစ၍ အာဏာတည်မည်ဖြစ်သည် ဟု ရုပ်သံ သတင်းများ၊ နိုင်ငံပိုင်သတင်းစာများနှင့် Online များတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်များရှိ ဝန်ထမ်းများအနေဖြင့် မြေပြင်ကွင်းဆင်း၍ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။

   ထိုကဲ့သို့ ပညာပေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံ၊ ဒေါင့်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြသည့်အတွက် ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယခုအခါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသည့် ကုန်စည်များကို ယခင်ကထက် ပိုမို မြင်တွေ့နေကြရသည် ဖြစ်ပါသည်။

      စားသုံးသူပြည်သူများအနေဖြင့်လည်း မိမိတို့ ဝယ်ယူအသုံးပြုနေသည့် အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်အမှတ်တံဆိပ်များကို ပိုမိုရွေးချယ်၍ ဝယ်ယူအသုံးပြုမှုများလာသည့်အတွက် တဆင့်ခံရောင်းချနေကြသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ ဝယ်ယူရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်အမှတ်တံဆိပ်များကိုသာ မှာယူရောင်းချလာကြသည်ကို တွေ့ရှိရပါသည်။

   စီးပွားရေးလုပ်ငန်းရှင်များသည်လည်း မိမိတို့ထုတ်လုပ်ရောင်းချနေသည့် ကုန်စည်သည် စားသုံးသူပြည်သူများ ကြိုက်နှစ်သက်စေရန်အတွက် အခြားကုန်စည်များကို ထိုးဖောက်နိုင်ရန်အတွက် အနံ့၊ အရသာနှင့် အရည်အသွေးကောင်းမွန်စေရုံသာမက၊ ဈေးနှုန်းချိုသာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြသော်လည်း ယခုအခါတွင် ကုန်အညွှန်းအမှတ်အသား မပြည့်စုံပါက စားသုံးသူပြည်သူများအကြား ရောင်းဝယ်ဖောက်ကားမှု နှောင့်နှေးလာသည်ကို တွေ့ရှိရပါသည်။

   ထိုကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်များ ဖြန့်ဖြူးရောင်းချရာတွင် နှောင့်နှေးမှုများဖြင့် ကြုံတွေ့ရသည့်အတွက် မိမိတို့ ထုတ်လုပ်သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  တင်ပြလျှောက်ထားခြင်းအပေါ် အတည်ပြုချက်များရယူပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအရ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိပါကြောင်းနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့် အကြောင်းပြန်ကြားပေးလျက်ရှိပါသည်။

    ယခုအခါတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အချင်းချင်း လက်ဆင့်ကမ်းကာ မိမိတို့ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အလေးထားဖော်ပြ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။

   စားသုံးသူပြည်သူအများ အရွယ်သုံးပါးလုံးအနေဖြင့် မိမိတို့ ဝယ်ယူအသုံးပြုသည့် ကုန်စည်များ ဝယ်ယူအသုံးပြုသည့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် ကုန်စည်၏ တံဆိပ်အမှတ်အသားများကို ဦးတည်၍ မေးမြန်းဝယ်ယူလာကြသည်ကို တွေ့ရှိရပါသည်။

  ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိလာမှုများကြောင့် ပြည်သူအများ စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ကြပြီး၊ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းကြောင့် ကောင်းကျိုးရလာဒ်ကောင်းများရရှိလျက်ရှိလာပြီး စားသုံးသူပြည်သူများ ယုံကြည်မှု၊ အားကိုးမှုနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူ အသုံးပြုခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် “ ယုံကြည်အားထား ကုန်အညွှန်းအမှတ်အသား ” ဆိုသည့် ခေါင်းစဉ်နှင့်အညီ ကောင်းကျိုးရလာဒ်ကောင်းများ ဖော်ဆောင်လာနိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)