Main menu

ပိတ်စွယ်၏ အသုံးဝင်မှု ဂုဏ်သတ္တိအကြောင်း သိကောင်းစရာ

Powered by Drupal
Mon, 01/23/2023 - 14:26 -- consumer_admin

       လူမျိုးဘာသာမရွေးကြိုက်နှစ်သက်၍ ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော မျှစ်နှင့်ဆင်တူရိုး မှားရှိသော ပိတ်စွယ်သည်လည်း လူကြိုက်များသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပိတ်စွယ်ကိုရှမ်း အခေါ်(ပိတ်စီး)၊ အင်းသားအခေါ်(ပယား)၊ အညာဒေသအခေါ်(ပိတ်စွယ်) ဟုခေါ်ဝေါ်ကြပြီး အပင်အမြင့် ရေအပေါ်တွင် (၅) ပေ ၊(၄ )ပေခွဲ အမြင့် ရှိပြီး၊ အရွက်ပုံစံမှာ သေးရှည်ပြီး ၊ သစ္စာပန်းအရွက်မျိုးဖြစ်၍ အပင်ထိပ်ဖျားတွင် အပွင့်ပွင့်ပြီး ထိုအပွင့်မှရက်အနည်းငယ်ကြာသော် အသီးတောင့်ဖြစ်လာ၍ အရွယ်အစားမှာ(၄) လက်မခန့်ရှည်သည်။ အညာဒေသတွင် အများပြားတွေ့ရှိရပြီး လူသုံးကုန်အဖြစ်လည်း ရင့်မှည့်လာသောအသီးတောင့်အားမှို့အဖြစ်ထုတ်ယူ၍ ခေါင်းအုံးထဲတွင်ထည့်သွင်းအသုံးပြုကြကြောင်း၊ ပိတ်စွယ်၏အရွက်ကိုလည်း ယက်လုပ်၍အိမ်များ၊ တဲအိမ်များတွင် အမိုးအကာဖြင့်အသုံးပြု၍ရကြောင်း သိရှိရပါသည်။

        ဆေးဖက်ဝင် ဂုဏ်သတ္တိရှိ ဓာတ်စာဖြစ်၍ ကျန်းမာရေးအတွက်လည်း လွန်စွာအသုံးဝင်ပုံမှာ ပိတ်စွယ်နှင့် မုန့်ညှင်းဖြူကို ဆား၊ ဆီ ၊ ဟင်းခတ်မှုန့် အနည်းငယ်စီရောထည့်ပြုတ်ပြီး  ဟင်းချိုကဲ့သို့ပြုလုပ်၍ သောက်ပေးပါက အပူကြီး၍ အပြင်းဖျားနေသူများအား တစ်ရက်ကို မနက်(၁)ကြိမ်၊ ညနေ (၁) ကြိမ် တိုက်ပေးပါက ရေငတ်သက်သာပြီး အဖျားကျကြောင်း၊ ၎င်းအပြင် ဆီးရောဂါဝေဒနာခံစားရသူများ ၊ ဆီးနည်းပြီး ဆီးကျင်နေသူများ ပိတ်စွယ်ကိုဟင်းချိုချက်သောက်ခြင်းဖြင့်လည်း ဆီးရောဂါကို ဖြေရှင်းနိုင်ကြောင်း လေ့လာသိရှိရပါတယ်။ ပင်ပန်းနွမ်းနယ်မှုကိုလည်း ဖြေလျှော့ပေးကြောင်း၊ ကယ်လိုရီကီလိုဂရမ်နည်းစွာပါဝင်သောကြောင့် အစာလျှော့စားရန်မလိုပဲ အဝလွန်ခြင်းကိုလည်း တားဆီးပေးကြောင်း၊ စိတ်ပင်ပန်းမှုကြောင့် စိတ်တိုလာခြင်းများ၊ မျက်စိနီခြင်းများ၊ ဆီးရောဂါများ၊ ဝမ်းချုပ်သည့် လက္ခဏာများဖြစ်ပါက ပိတ်စွယ်ကိုစားသုံးခြင်းဖြင့် ဖြေရှင်းပေးနိုင်ကြောင်း ၊ အသဲရောဂါနှင့် ပတ်သက်သော အသားဝါရောဂါရှင်များ ပိတ်စွယ်ကို မကြာခဏချက်စားပေးခြင်းဖြင့် ရောဂါကို လျှော့ချပေးနိုင်ကြောင်း၊ နို့တိုက်မိခင်များနို့ကြောင်းပိတ်ဆို့မှုများခံစားရပါကလည်း စားသုံးပေး၍လမ်းကြောင်း ပွင့်စေသည့် အကျိုးအာနိသင်ရှိ ဆေးဖက်ဝင်ဓာတ်စာဟင်းလျာဖြစ်ပေသည်။ သွေးတိုးရောဂါခံစားနေရသော ဝေဒနာရှင်များ ပိတ်စွယ်ချောင်းအနေတော် (၁၀)ချောင်းလောက်နဲ့ ဟင်းချိုရည်ချက်ပြီး တရုတ်နံနံပင် (၃) ပင်လောက်ထည့်ပြုတ်ပါ။ ပြုတ်ပြီးသားအရည်ကို ရေနွေးကြမ်းသောက်သကဲ့သို့ ကုန်စင်အောင်သောက်ပေးပါက သွေးတိုးရောဂါကို ထိန်းညှိသက်သာစေပါကြောင်း ၊ ပိတ်စွယ်ပင်ကို သွားရောဂါနှင့် စပ်လျဉ်း၍ သွားနာခြင်းများ၊ သွားကိုက်ခြင်းများ၊ ဝမ်းချုပ်ပီး သွားခြေများနာခြင်း၊ သွားဖုံးများရောင်ရမ်းပြီး သွေးထွက်ခြင်းများစသော ဝေဒနာများခံစားရပါက (ပဥ္စငါးပါးပြုတ်ဆေးရည်ကို  မကြာခဏငုံပေးပါက သိသိသာသာသက်သာပျောင်းကင်းစေပါသည်။ ကိုယ်ခန္ဓာဖောရောင်ရောဂါတွင် လည်း ပိတ်စွယ်ပင်၏ အပင်အမြစ်၊အရွက်ပါ တစ်ပင်လုံးရေစင်အောင်ဆေးကြောပြီး ပြုတ်၍ ရေချိုး ပေးပါကအရောင်ကျစေပါသည်။ ပိတ်စွယ်ပင်သည် ဆည်မြောင်းအစပ်များ၊ ရေအိုင်အစပ်များ၊ ချောင်း စပ်များ၊ အညာဒေသတွင် နွေ၊ မိုး ၊ ဆောင်း ရေမပြတ်၍ ရွံ့နွံ့များထူထပ်သော လယ်ထဲတွင် အများဆုံး အစုလိုက်အပြုံလိုက်အုပ်စုဖွဲ့၍ ပေါက်သောအပင်တစ်မျိုးဖြစ်ကြောင်းနှင့် ရာသီဥတု၊ နေရာဒေသမရွေး အများအပြားတွေ့ရှိရပြီး၊ ၎င်းအစားအစာကို ကြော်ချက်၍သော်လည်းကောင်း၊ အသားနှင့်ရောချက်၍သော်လည်းကောင်း၊ ချည်ပေါင်ရွက်နှင့်ရော၍ အချည်ရည်ဟင်းချက်၍သော်လည်းကောင်း၊အမျိုးမျိုးအဖုံဖုံချက်ပြုတ်စားသောက်၍ ရသောအစားအစာဖြစ်ပါသည်။ ပိတ်စွယ်ပင်၏ ဂုဏ်သတ္တိမှာ အံ့မခန်းဖွယ် ဆေးဖက်ဝင်၍ လူတိုင်းစားသုံးရန် သင့်တော်သော ဓာတ်စာဖြစ်ကြောင်း သိရှိရပါတယ်။

DOCA(ကယား)