Main menu

ဆေးဖက်ဝင်သောရဲယိုပင်အကြောင်း သိကောင်းစရာ

Powered by Drupal
Thu, 01/12/2023 - 14:47 -- consumer_admin

     ရဲယိုပင်သည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ပစိဖိတ်ကျွန်းများ၊ အရှေ့တောင်အာရှနိုင်ငံများ ၊ ဩစတေးလျနှင့် အိန္ဒိယနိုင်ငံတို့မှာ အများဆုံးပေါက်ရောက်ကြပါသည်။ ရဲယိုပင်သည် မြန်မာနိုင်ငံနေရာ အနှံအပြားတွင်ပေါက်ရောက်ပါသည်။ အထူးသဖြင့် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်မိုးများ သောဒေသများ၌ အများဆုံးပေါက်ရောက်ပါသည်။ ရဲယိုပင်သည် အမြဲတမ်းစိမ်းနေသော အပင်တစ်မျိုး ဖြစ်သည်။  ရဲယိုပင်ကို ရှေးယခင်ကာလများကတည်းက ဆေးဖတ်ဝင်အပင်အဖြစ်အသုံးပြုခဲ့ကြပြီး အသီး နှင့် အရွက်တင်သာမက အပွင့်၊ အခေါက်နှင့် အမြစ်များပါဆေးဖက်ဝင်ပါသည်။

      ရဲယိုပင်ကို အင်္ဂလိပ်လို Morinda ဟုခေါ်ပြီး ရုက္ခဗေဒအမည်အရ (Morinda Angustifolia Roxb)ဟုခေါ်၍ ပုဏ္ဏရိပ် (Rubiaceca) မျိုးရင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိအပင်များထဲတွင် ရဲယိုပင်သည် (XERONINE)ခေါ်ဆေးဖက်ဝင်ဓာတုပစ္စည်းအမြင့်မားဆုံးဖြစ်ပြီး နာနတ်သီးတွင်ပါဝင်မှုထက် ရှစ်ဆပိုများ ပါသည်။

        ဟာဝိုင်အီကျွန်းသည် ကမ္ဘာပေါ်တွင် ရဲယိုသီးကိုကုန်ကြမ်းအနေဖြင့် အများဆုံးထုတ်လုပ်ရာဒေသ ဖြစ်ပြီး ရဲယိုသီးအဆီနှင့်ရဲယိုမှုန့်တို့ကို စံချိန်ကိုက်သိပ္ပံနည်းကျထုတ်လုပ်ထားသောကြောင့် ရဲယိုဆေးဝါး မှာ ထင်ရှားပါသည်။ ဂျပန်ဆေးပညာရှင်များကလည်း ရဲယိုသီး၊ ရဲယိုရွက် နှင့် ရဲယိုပင်အစိတ်အပိုင်း အားလုံးသည် လူ့ခန္ဓာကိုယ်၏ ကျန်းမာရေးအတွက် အလွန်အစွမ်းထက်သော သဘာဝဆေးဖြစ်သည်ဟု အတည်ပြုထားကြသည်။ အချို့နိုင်ငံများတွင် ရဲယိုသီး၏ အစေ့နှင့် အဆီကိုထုတ်၍ အရေပြားအစိုဓာတ် ကိုထိန်းသိမ်းပေးနိုင်သည့် အလှကုန်အဖြစ် ထုတ်လုပ်၍ အသုံးပြုကြပါသည်။

        မြန်မာဆေးကျမ်းတွင်လည်း ရဲယိုအရွက်၊ အသီး၊ အမြစ်အားလုံးဆေးဖက်ဝင်၍ ရဲယိုအရွက်အရသာသည် အနည်းငယ်ခါး၍ပူသည်။ လေရွှင်ပြီးသွေးကိုတက်ကြွစေသည်။ ဝမ်းလည်းကောင်းစေသည်။ ရဲယိုသီးသည် ပူစပ်သောအရသာရှိ၍ ချဉ်သောအရသာလည်းရှိပါသည်။ သွေး၊ သည်းခြေ၊ လေ၊ သလိပ်နှင့် ပတ်သက်သောရောဂါများ ပျောက်ကင်းပါသည်။ အမြစ်ကိုလည်း ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုနိုင်သည် ဟုဆိုထားပါသည်။

       ရဲယိုရွက်တွင် အများဆုံးပါဝင်သောအဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်ပြီး ကစီဓာတ်မှာ ဒုတိယ အဟာရအများဆုံးဖြစ်ပါသည်။ ရေငွေ့ဓာတ်သည် လူ့ခန္ဓာကိုယ်အတွင်း အရည်ဓာတ်ပြည့်ဝစေပြီး အောက်ဆီဂျင်ဓာတ်ဖြည့်တင်းပေးနိုင်ပါသည်။ ယနေ့ကာလ ကိုဗစ်-၁၉ ရောဂါဖြစ်စေသော ကိုရိုနာ ဗိုင်းရပ်များကြောင့် အဆုတ်ပျက်စီးခြင်းနှင့် ကိုယ်တွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းသွားခြင်းတို့အတွက် အလွန်အကျိုးရှိပါသည်။ အရွက်ကိုစားသုံးခြင်းဖြင့် အဆုတ်ကင်ဆာဆဲလ်များကို သေစေနိုင်ပြီး အဆုတ်ကောင်းနေသူများ စားသုံးရာမှာလည်း ဘေးအန္တရာယ်မဖြစ်စေနိုင်ပေ။ ခန္ဓာကိုယ်ထဲရှိ ကျန်းမာစေသည့် ဆဲလ်များကို ပိုမိုထုတ်လွတ်ပေးပြီး ခန္ဓာကိုယ်အတွက်မကောင်းသော ဆဲလ်များကိုတိုက်ဖျတ်၍ လျော့ နည်းအောင်လုပ်ဆောင်ပေးပါသည်။  

       ရဲယိုသီးကိုစားသုံးခြင်းဖြင့် သွေးကြောများကျယ်စေပြီး သွေးလည်ပတ်မှုကောင်းစေပါသည်။ တီဘီရောဂါ၊ ချောင်းဆိုး၊ ပန်းနာ၊ ဝမ်းဖော၊ ဝမ်းရောင်၊ ရင်ပြည့်ရင်ကယ်၊ အစာမကြေဖြစ်ခြင်းများကို ပျောက်ကင်း၍ ရင်ချောင်စေပါသည်။  အမျိုးသမီးများအတွက် မီးယပ်သွေးချုပ်ခြင်း၊ သွေးငုပ်ခြင်းနှင့် သွေးဆုံကိုင်ခြင်းများအတွက် ရဲယိုသီးကိုစားသုံးခြင်းဖြင့် မီးယပ်သွေးပုံမှန်ဆင်းစေပါသည်။ အမျိုးသား များအတွက် ဒူလာဖြစ်ခြင်းနှင့် အဖောရောဂါတို့ကို ပျောက် ကင်းစေနိုင်ပါသည်။ ရဲယိုပွင့်သည် မျက်စေ့စွန်၊ အရေပြားအနာ၊ ပြည်တည်နာများသက်သာပျောက်ကင်းစေပါသည်။ အခေါက်သည် အသားဝါရောဂါ၊ အသည်းရောင်ရောဂါ၊ သွေးတိုးရောဂါများကိုသက်သာစေနိုင်ပါသည်။ ရဲယိုအမြစ်သည် နာကျင်ကိုက်ခဲခြင်းများကိုသက်သာစေပါသည်။

       လူတို့ကျန်းမာရေးအတွက် ရဲယိုရွက်နှင့် ရဲယိုသီးကိုစားသုံးသင့်ပြီး ရဲယိုပါဝင်သောဖျော် ရည်များကိုလည်းသောက်သုံးသင့်ပါသည်။ ရဲယိုတွင်ပါဝင်သော Xeronine ဓာတ်များကို အစာခြေရည် များကပျက်စီးစေနိုင်သောကြောင့် Xeronine ဓာတ်အာနိသင်အပြည့်အဝရရှိစေရန် ထမင်းမစားမီ နာရီဝက်အလိုကြိုတင်၍ သုံးစွဲသင့်ပါသည်။

DOCA(ကယား)