Main menu

Bali ရှိ အထူးစီးပွားရေးဇုန်ကို AI သုတေသနနှင့် ဆီမီးကွန်ဒတ်တာ ဖွံ့ဖြိုးရေးဗဟိုချက်အဖြစ် ဖော်ဆောင်မည့် အင်ဒိုနီးရှား

Powered by Drupal

        အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နည်းပညာ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာမှုကို အခြေခံ၍ Bali ကျွန်းရှိ Kura-Kura Bali အထူးစီးပွားရေးဇုန် (SEZ) ကို ဉာဏ်ရည်တုနည်းပညာ (AI) သုတေသနနှင့် ဆီမီးကွန်ဒတ်တာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟိုချက်တစ်ခုအဖြစ် ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

     အမျိုးသားအထူးစီးပွားရေးဇုန်ကောင်စီ၏ ယာယီအထွေထွေအတွင်းရေးမှူးနှင့် စီးပွားရေးရာ ပူးပေါင်းညှိနှိုင်းရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ညှိနှိုင်းရေး ဒုတိယအတွင်းဝန် Ali Murtopo Simbolon က အဆိုပါဇုန်သည် နည်းပညာဆန်းသစ်တီထွင်မှုများ ဖော်ဆောင်ရာတွင် မဟာဗျူဟာအရ အရေးပါကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ချက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

        ကမ္ဘာ့နိုင်ငံများအကြား ပြိုင်ဆိုင်မှုနှင့် မရေရာမသေချာမှုများ မြင့်တက်နေသည့်အချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ရပ်ကို ပံ့ပိုးပေးနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် Tsinghua Southeast Asia Center (TSEA) သည် တရုတ်နိုင်ငံ၊ အရှေ့တောင်အာရှဒေသနှင့် ကမ္ဘာ့အခြားဒေသများအကြား ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားကြောင်း သိရသည်။

         Kura-Kura Bali အထူးစီးပွားရေးဇုန်၌ Tsinghua Southeast Asia Center သည် ရူပဗေဒနှင့် အာရုံကြောသိပ္ပံဆိုင်ရာ အခြေခံသုတေသနအစီအစဉ်များကို စတင်မိတ်ဆက်ထားပြီး တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Tsinghua University နှင့် ပူးပေါင်းကာ ဆီမီးကွန်ဒတ်တာဆိုင်ရာ သီးသန့်ဖိုရမ်တစ်ခုကိုလည်း စတင်ဖွဲ့စည်းထားကြောင်း သိရသည်။

         ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များတွင် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ခြင်း၊ ဉာဏ်ရည်တုနည်းပညာ အသုံးချမှုများ ဖော်ဆောင်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ စီမံကိန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

         အင်ဒိုနီးရှားနိုင်ငံရှိ အထူးစီးပွားရေးဇုန်များအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများ ပိုမို ပါဝင်လာခြင်းသည် နည်းပညာဆိုင်ရာ လုပ်ငန်းဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိသည်။ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အထိ အင်ဒိုနီးရှားနိုင်ငံရှိ အထူးစီးပွားရေးဇုန်များတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီနှင့် လုပ်ငန်းအဖွဲ့အစည်း ၄၈၁ ခုအနက် ၉၇ ခုမှာ တရုတ်စီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

        အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် အထူးစီးပွားရေးဇုန် ၂၅ ခု ဖွင့်လှစ်ထားပြီး စုစုပေါင်းဧရိယာ ၂၃,၇၉၇ ဒသမ ၈၈ ဟက်တာခန့် ကျယ်ဝန်းသည်။ အဆိုပါဇုန်များ၌ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇ ဘီလီယံ ရရှိထားပြီး လုပ်ငန်းအဖွဲ့အစည်း ၄၈၁ ခု ပါဝင်လုပ်ကိုင်လျက်ရှိကာ အလုပ်အကိုင် ၂၈၃,၀၀၀ ကျော် ဖန်တီးပေးထားကြောင်း သိရသည်။

         တစ်ဖက်တွင်လည်း Kura-Kura Bali အထူးစီးပွားရေးဇုန်၌ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အထိ အမှန်တကယ်အကောင်အထည်ဖော်ပြီးသော ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ရူပီး ၁ ဒသမ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၁၂ သန်းခန့်) ရှိခဲ့သည်။ ထို့ပြင် အလုပ်အကိုင် ၂,၁၇၃ ခု ဖန်တီးပေးနိုင်ခဲ့ပြီး လာရောက်လည်ပတ်သူ ၁၃၁,၆၅၇ ဦးကိုလည်း လက်ခံနိုင်ခဲ့ကြောင်း သိရသည်။

        စက်မှုလုပ်ငန်းများအကြား ပိုမိုခိုင်မာသည့် ချိတ်ဆက်ပေါင်းစည်းမှု ရရှိစေရန် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့နှင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တို့သည် Two Countries Twin Parks (TCTP) အစီအစဉ်မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လျက်ရှိကြောင်း သိရသည်။

      အဆိုပါအစီအစဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ သဘာဝသယံဇာတပေါကြွယ်ဝမှုနှင့် ဈေးကွက် အရွယ်အစားကြီးမားမှုတို့ကို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအရင်းအနှီးနှင့် နည်းပညာကျွမ်းကျင်မှုတို့ဖြင့် ပေါင်းစပ်ကာ တန်ဖိုးမြင့်ကုန်ထုတ်လုပ်မှုနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

         အနာဂတ်တွင် အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများသည် ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းအပေါ် အခြေခံခြင်းထက် နည်းပညာလွှဲပြောင်းပေးခြင်း၊ ပူးတွဲသုတေသနပြုလုပ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အထိ တိုးချဲ့ဆောင်ရွက်သင့်ကြောင်း Ali Murtopo Simbolon က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)