Main menu

စက်မှုဇုန်များကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအဖြစ် အရှိန်မြှင့်ဖော်ဆောင်မည့်

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံတွင် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (PSN) အဖြစ် သတ်မှတ်၍ အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြင့် ကုန်ကြမ်းမှ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်မှုကို တိုးမြှင့်ရန်၊ စက်မှုကဏ္ဍဖွဲ့စည်းပုံ ပိုမိုခိုင်မာလာစေရန်နှင့် နိုင်ငံတစ်ဝန်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမျှတစွာ ဖြန့်ကျက်နိုင်ရန် ရည်ရွယ်ထားကြောင်း စက်မှုဝန်ကြီး Muhammad Sarmuji က ပြောကြားခဲ့ကြောင်း သိရသည်။

      စက်မှုဇုန်များကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအဖြစ် ဖော်ဆောင်ခြင်းသည် ကုန်ကြမ်းအခြေပြု ထုတ်လုပ်မှုမှ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း ၎င်းက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။ ယင်းအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးကာ အဆိုပြုချက်များကို သုံးသပ်ပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

        ၂၀၂၇ ခုနှစ် အစိုးရလုပ်ငန်းစီမံချက်အောက်တွင် စက်မှုဇုန်အချို့ကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအဖြစ် သတ်မှတ်ရန် အဆိုပြုထားမှုကို စက်မှုဝန်ကြီးဌာနက ထောက်ခံကြောင်း ၎င်းက ပြောသည်။ အဆိုပါစက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် စက်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် စီးပွားရေးဗဟိုချက်အသစ်များ ပေါ်ပေါက်လာရေးအတွက် အရေးပါကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားကြောင်း သိရသည်။

       ယင်းအစီအစဉ်မှတစ်ဆင့် အရည်အသွေးမြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့်အပြင် ဒေသတွင်းစီးပွားရေးတွင် ထုတ်ကုန်တန်ဖိုးမြှင့်တင်နိုင်မှုကိုလည်း တိုးတက်စေမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ စက်မှုဝန်ကြီးဌာန၏ စက်မှုကဏ္ဍခံနိုင်ရည်ရှိရေး၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစက်မှုဈေးကွက်ဝင်ရောက်နိုင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Tri Supondy က စက်မှုဇုန်များကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းအဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံ၏ စက်မှုဖွဲ့စည်းပုံတွင် မဟာဗျူဟာအရ အရေးပါသည့် ဒေသများအတွက် အစိုးရ၏ ပံ့ပိုးကူညီမှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

        စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို စက်မှုလုပ်ငန်းများ အပြန်အလှန်ချိတ်ဆက်ပေါင်းစည်း ထားသည့် ဂေဟစနစ်တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း Tri Supondy က အလေးထားပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါစီမံကိန်းအဖြစ် သတ်မှတ်နိုင်ရေး အဆိုပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်း ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ ယင်းလုပ်ငန်းစဉ်မှတစ်ဆင့် စီမံကိန်းဦးစားပေးအစီအစဉ် များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်နိုင်မည်ဖြစ်ပြီး အဆိုပြုစက်မှုဇုန်များသည် နိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့် ကိုက်ညီကာ ပိုမိုကျယ်ပြန့်သည့် စီးပွားရေးအကျိုးကျေးဇူးများ ရရှိစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

        ၂၀၂၆ ခုနှစ် တတိယသုံးလပတ်အထိ အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော စက်မှုဇုန် ၁၈၁ ခုရှိပြီး ယင်းဇုန်များအတွင်း စက်မှုကုမ္ပဏီများအပါအဝင် လုပ်ငန်းရှင်နှင့် ကုမ္ပဏီပေါင်း ၁၂,၀၀၀ ကျော် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ အဆိုပါစက်မှုဇုန်များ၌ အမှန် တကယ် အကောင်အထည်ဖော်ပြီးသော ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ရူပီး ၆,၇၀၀ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၃၇၄ ဘီလီယံ) ရှိပြီး အလုပ်အကိုင် ၂ ဒသမ ၃ သန်းခန့် ဖန်တီးပေးထားကြောင်း သိရသည်။ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်ခြင်းအပြင် စက်မှု ဝန်ကြီးဌာနသည် စက်မှုဇုန်ဥပဒေကြမ်းကိုလည်း ဆွေးနွေးလျက်ရှိသည်။ ယင်းဥပဒေကြမ်းကို ၂၀၂၆ ခုနှစ် အမျိုးသားဥပဒေပြုရေးအစီအစဉ် (Prolegnas) တွင် ထည့်သွင်းထားကြောင်း သိရသည်။

           အဆိုပါဥပဒေကြမ်းသည် ဥပဒေရေးရာ သေချာမှုရှိစေရန်နှင့် စက်မှုဇုန်များ စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ထားပြီး ယင်းမှတစ်ဆင့် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ခြင်းနှင့် နိုင်ငံတစ်ဝန်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ပိုမိုမျှတလာစေရေးတို့ကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

        ထို့အပြင် စက်မှုဇုန်များ စီမံခန့်ခွဲရာတွင် ကြုံတွေ့နေရသည့် လုပ်ငန်းလိုင်စင် ဆိုင်ရာကိစ္စရပ်များ၊ မြေယာအသုံးချမှုနှင့် မြေယာအသုံးပြုရေးစီမံကိန်းများ၊ အခြေခံအဆောက်အအုံ ဖြည့်ဆည်းပေးရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)