Main menu

ကြက်ဥမှုန့်နှင့် အသားမှုန့်ထုတ်လုပ်သည့် စက်ရုံသုံးရုံ တည်ဆောက်မည့် အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal

      အင်ဒိုနီးရှားနိုင်ငံ၏ မွေးမြူရေးကဏ္ဍတစ်ရပ်လုံး ပိုမိုခိုင်မာလာစေရန် ကြက်ဥမှုန့်နှင့် အသားမှုန့် ထုတ်လုပ်သည့် စက်ရုံသုံးရုံ တည်ဆောက်ရန် အစိုးရက ပြင်ဆင်လျက်ရှိကြောင်း စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားကြောင်း သိရသည်။

       အဆိုပါစက်ရုံများ တည်ဆောက်ခြင်းသည် မွေးမြူရေးထွက်ကုန်များအတွက် ဈေးကွက်ချဲ့ထွင်ရန်၊ ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် ပြည်ပမှ တင်သွင်းသည့် ထုတ်ကုန်များအပေါ် မှီခိုနေရမှုကို လျှော့ချရန် ရည်ရွယ်ကြောင်း ၎င်းက အောက်တိုဘာလ ၁၀ ရက်နေ့ကထုတ်ပြန်ချက်မှတစ်ဆင့် ပြောကြားခဲ့ကြောင်း သိရသည်။

       စက်ရုံတည်ဆောက်ရေးအစီအစဉ်သည် တိရစ္ဆာန်အစာကုန်ကြမ်းများ ဖြည့်ဆည်းပေးခြင်း၊ လယ်သမားများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းမှသည် ထွက်ကုန်များ ဝယ်ယူစုဆောင်းခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းအထိ ချိတ်ဆက်ထားသည့် မွေးမြူရေးကဏ္ဍဆိုင်ရာ ဂေဟစနစ်တစ်ရပ် တည်ဆောက်ရေး အစိုးရ၏ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့ကြောင်း သိရသည်။

         ယင်းအစီအစဉ်နှင့်ပတ်သက်၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရေးအေဂျင်စီ (BP BUMN) နှင့် ကုန်သွယ်ရေးဝန်ကြီးတို့ကို ခေါ်ယူဆွေးနွေးခဲ့ပြီး အထူးသဖြင့် ကြက်ဥမှုန့်နှင့် အသားမှုန့် ထုတ်လုပ်သည့်စက်ရုံများ တည်ဆောက်ခြင်းဖြင့် မွေးမြူရေးကဏ္ဍတစ်ရပ်လုံးကို ချိတ်ဆက်ပေါင်း စည်းရန် သဘောတူညီခဲ့ကြောင်း Andi Amran Sulaiman က ပြောကြားကြောင်း သိရသည်။

         စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို လာမည့်နှစ်တွင် စတင်နိုင်ရန် မျှော်မှန်းထားပြီး တည်ဆောက်မှုပြီးစီးရန် တစ်နှစ်ခွဲခန့် သတ်မှတ်ထားကာ အများဆုံး နှစ်နှစ်အတွင်း အပြီးသတ်နိုင်ရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။ စက်ရုံသုံးရုံအတွက် ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှု များကို မကြာမီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ စက်ရုံတစ်ရုံလျှင် ကနဦးရင်းနှီးမြှုပ်နှံမှု ရူပီး ၂၀၀ ဘီလီယံခန့် လိုအပ်မည်ဟု အစိုးရက ခန့်မှန်းထားပြီး အသားပြုပြင်ထုတ်လုပ်သည့် အဆောက်အအုံများပါဝင်ပါက ရူပီး ၂၅၀ ဘီလီယံအထိ မြင့်တက်နိုင်ကြောင်း သိရသည်။

     မွေးမြူရေးကဏ္ဍ၏ ကုန်ကြမ်းထုတ်လုပ်မှုမှ နောက်ဆုံးထုတ်ကုန်အထိ ချိတ်ဆက်ပေါင်း စည်းထားသည့် စနစ်ကို ခိုင်မာအောင် တည်ဆောက်ခြင်းဖြင့် အဆင့်ဆင့်သော အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဝန်ကြီးက သုံးသပ်သည်။ ယင်းစနစ်အရ လယ်သမားများသည် မိမိတို့ စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းဖူးများအတွက် ဈေးကွက်ရရှိမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းရှင် များအနေဖြင့် တိရစ္ဆာန်အစာ ပုံမှန်ရရှိနိုင်မည့် အာမခံချက်ရှိလာမည်ဖြစ်သည်။ ထို့ပြင် ကြက်ဥနှင့် အသားထုတ်လုပ်မှု များပြားလာသည့်အခါ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများက ထွက်ကုန်များကို ဝယ်ယူအသုံးချနိုင်မည့် ဈေးကွက်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

         ကြက်ဥ သို့မဟုတ် ကြက်သားထုတ်လုပ်မှု ပိုလျှံလာပါက သက်တမ်းပိုမိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်ပြီး အသုံးပြုနိုင်သည့် နယ်ပယ်ပိုမိုကျယ်ပြန့်သော ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ဝယ်လိုအားနှင့် ဈေးနှုန်းအပြောင်းအလဲများကြောင့် ထိခိုက်လွယ်သည့် လတ်ဆတ်သော ထုတ်ကုန်များကိုသာ အားကိုးရသည့် အခြေအနေမှ လျော့ပါးလာမည်ဖြစ်ကြောင်း သိရသည်။

        အဆိုပါအစီအစဉ်ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၏ လူမှုစီးပွားဘဝ တိုးတက်လာခြင်း၊ အချို့လများတွင် မကြာခဏကြုံတွေ့ရသည့် ဆုံးရှုံးမှုများ လျော့နည်းလာခြင်းနှင့် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရန် နိုင်ငံခြားငွေသုံးစွဲရမှု လျော့ကျလာခြင်းတို့ကို ရရှိနိုင်မည်ဖြစ်ကြောင်း Andi Amran Sulaiman က အလေးထားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)