
ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့သည် လာမည့်နှစ်များအတွင်း နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ အထိ တိုးမြှင့်သွားရန် ကတိပြုခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
အဆိုပါ ကြေညာချက်သည် ဗီယက်နမ်ဝန်ကြီးချုပ် Le Minh Hung ၏ ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်ရက်ကြာ တရားဝင်ခရီးစဉ် ပြီးဆုံးပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖနွမ်းပင်မြို့တွင် ရှိနေစဉ်အတွင်း ဗီယက်နမ်ဝန်ကြီးချုပ် Le Minh Hung သည် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် နှစ်နိုင်ငံဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံအကြား စီးပွားရေးဖြည့်ဆည်းမှုနှင့် အပြန်အလှန်အကျိုး ဖြစ်ထွန်းမှုကို မြှင့်တင်ရန်အတွက် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးထွက်ကုန် ပြုပြင်ထုတ်လုပ်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ် စီးပွားရေး စသည့် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ထောက်ပံ့ပို့ဆောင်ရေးနှင့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး ဆက်သွယ်မှုများ တိုးတက်ကောင်းမွန်လာစေရန် နှစ်နိုင်ငံသည် Meun Chey – Tan Nam အပြည်ပြည်ဆိုင်ရာ နယ်စပ်စစ်ဆေးရေးဂိတ်ကို လက်ရှိအသုံးပြုနေသော ဖြတ်သန်းသွားလာရေးနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး သဘောတူညီချက်များအတွင်း ပေါင်းစည်းရေးကို အရှိန်မြှင့်တင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။
ထို့အပြင် Phnom Penh – Bavet အမြန်လမ်းနှင့် ဟိုချီမင်းမြို့–မော့ဘိုင် အမြန်လမ်းတို့ကို ချိတ်ဆက်ပေးမည့် လမ်းဆုံနေရာ တည်ဆောက်ရေးကိုလည်း အမြန်ဆုံးဆောင်ရွက်သွားရန် ကတိပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝန်ကြီးချုပ်နှစ်ဦးသည် ပညာရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းအများအပြား လက်မှတ်ရေးထိုးခြင်းကိုလည်း တက်ရောက်ကြည့်ရှုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ နှစ်နိုင်ငံစီးပွားရေး ပေါင်းစည်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာစေရန် ကြိုးပမ်းမှုသည် ကုန်သွယ်မှု တဖြည်းဖြည်း တိုးတက်လာနေသည့် အခြေအနေတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမ ကိုးလအတွင်း ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့၏ နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၆.၅၈ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ ယင်းပမာဏသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၇ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
