Main menu

ပင်လယ်ရေညှိစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ခြင်းဖြင့် စားနပ်ရိက္ခာလိုအပ်ချက် ဖြည့်ဆည်းနိုင်မည်ဟု အင်ဒိုနီးရှားဝန်ကြီးပြောကြား

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံတွင် စိုက်ပျိုးမြေဧရိယာ လျော့နည်းလာသည့်အခြေအနေ၌ ပြည်တွင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်လာမှုကို ဖြည့်ဆည်းနိုင်ရန် ပင်လယ်ရေညှိသည် အရေးပါသော အစားထိုးအရင်းအမြစ်တစ်ရပ်ဖြစ်ကြောင်း အဏ္ဏဝါရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး Sakti Wahyu Trenggono က ပြောကြားခဲ့ကြောင်း သိရသည်။

        အောက်တိုဘာ ၆ ရက် နေ့က Jakarta မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် အမျိုးသားပင်လယ်ရေညှိဖိုရမ်၌ ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ လယ်ယာစိုက်ပျိုးမြေ များကို အခြားအသုံးပြုမှုများအတွက် အလျင်အမြန် ပြောင်းလဲအသုံးပြုလာခြင်းကြောင့် စိုက်ပျိုးမြေရရှိနိုင်မှု လျော့နည်းလာသည့်အချိန်တွင် ပင်လယ်ရေညှိအပါအဝင် ပင်လယ်နှင့် ရေထွက်အရင်းအမြစ်များမှ ရရှိသည့် အစားအစာများသည် ရေရှည်တည်တံ့သော စားနပ်ရိက္ခာဖြည့်ဆည်းရေးအတွက် အလားအလာကောင်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

       ပင်လယ်နှင့် ရေထွက်အရင်းအမြစ်များမှ ရရှိသည့် အစားအစာများသည် စားနပ်ရိက္ခာပြဿနာ ဖြေရှင်းရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပင်လယ်ရေညှိကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကုန်းမြေပေါ်ရှိ စိုက်ပျိုးမြေအရင်းအမြစ်များအပေါ် ဖိအားထပ်မံမဖြစ်စေဘဲ စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ကြောင်း Sakti Wahyu Trenggono က ပြောကြားခဲ့ကြောင်း သိရသည်။

       ကမ္ဘာ့လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၆၆ ဘီလီယံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာလိုအပ်ချက်မှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဖြစ်ကြောင်း ဝန်ကြီးက ထောက်ပြခဲ့သည်။ အလားတူ ကာလအတွင်း ငါးမှရရှိသည့် ပရိုတင်းဓာတ် လိုအပ်ချက်မှာလည်း ၆၆ ရာခိုင်နှုန်း တိုးတက်လာကာ တန်ချိန် ၁၇၉ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

      အင်ဒိုနီးရှားနိုင်ငံတွင်လည်း ၂၀၅၀ ပြည့်နှစ်၌ လူဦးရေ ၃၂၀ ဒသမ ၇ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ်ပရိုတင်းဓာတ်လိုအပ်ချက်မှာ တန်ချိန် ၇ ဒသမ ၆၂ သန်းအထိ မြင့်တက်လာမည်ဖြစ်သည်။ ယင်းပမာဏသည် လတ်ဆတ်သောငါး တန်ချိန် ၃၅ သန်းနှင့် ညီမျှကြောင်း သိရသည်။

       တစ်ဖက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နှစ်စဉ် စပါးစိုက်ပျိုးမြေ ဟက်တာ တစ်သိန်းကျော် ဆုံးရှုံးလျက်ရှိပြီး ၂၀၄၅ ခုနှစ်တွင် ကျန်ရှိမည့် စိုက်ပျိုးမြေဧရိယာမှာ ဟက်တာ ၅ ဒသမ ၁ သန်းခန့်သာ ရှိမည်ဟု ခန့်မှန်းထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ပင်လယ်ရေညှိ အများဆုံးထုတ်လုပ်သည့် နိုင်ငံများအနက် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည့်အတွက် မဟာဗျူဟာ မြောက် အားသာချက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပင်လယ်ရေညှိထုတ်လုပ်မှုမှာ တန်ချိန် ၁၁ ဒသမ ၆ သန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁၈ ဒသမ ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းပမာဏသည် ပြည်တွင်းငါးလုပ်ငန်းကဏ္ဍ၏ စုစုပေါင်းထုတ်လုပ်မှု ၏ ၄၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

         ပင်လယ်ရေညှိလုပ်ငန်းကဏ္ဍသည် လက်ရှိတွင် တောင်သူ ၂၀၀,၀၀၀ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်း ပံ့ပိုးပေးထားပြီး အင်ဒိုနီးရှားနိုင်ငံသား တစ်သန်းကျော်၏အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများကိုလည်း အထောက်အကူပြုလျက်ရှိသည်။ ထို့ပြင် ကာဗွန်စုပ်ယူသိုလှောင်နိုင်ခြင်းနှင့် ရေအရည်အသွေး ပိုမိုကောင်းမွန်လာစေခြင်းစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုး ကျေးဇူးများလည်း ရရှိစေကြောင်း သိရသည်။

      သို့သော် ထုတ်လုပ်မှုပမာဏ မြင့်မားနေသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ပင်လယ်ရေညှိကဏ္ဍတွင် အထူးသဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၌ အသုံးချနိုင်ခြင်းမရှိသေးသည့် အလားအလာများစွာ ကျန်ရှိနေကြောင်း ဝန်ကြီးက ထောက်ပြခဲ့ကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ပင်လယ်ရေညှိ တန်ချိန် ၂၄၂,၀၀၀ ကို အမေရိကန်ဒေါ်လာ ၃၁၅ သန်းတန်ဖိုးဖြင့် ပြည်ပသို့ တင်ပို့ခဲ့ပြီး အဓိကတင်ပို့ရာနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။ သို့သော် တင်ပို့မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းနီးပါးမှာ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ် ထားခြင်းမဟုတ်ဘဲ ကုန်ကြမ်းအဖြစ် အခြောက်ခံထားသည့် ပင်လယ်ရေညှိများသာ ဖြစ်ကြောင်း သိရသည်။

         ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၏ ရေပိုင်နက်အတွင်း တွေ့ရှိရသည့် ဒေသရင်းပင်လယ် ရေညှိမျိုးစိတ် ၁,၀၀၆ မျိုးအနက် လက်ရှိတွင် ခြောက်မျိုးကိုသာ ဒေသခံများက စိုက်ပျိုးထုတ် လုပ်လျက်ရှိသည်။ ယင်းတို့အနက် ကာရာဂျီနန် (Carrageenan) ထုတ်လုပ်နိုင်သည့် Kappaphycus မျိုးစိတ်များနှင့် Eucheuma denticulatum တို့မှာ အဓိကဖြစ်ကြောင်း သိရသည်။

       ပင်လယ်ရေညှိလုပ်ငန်းကဏ္ဍတွင် မျိုးစေ့အရည်အသွေး၊ ဈေးကွက်ပေါက်ဈေး မတည်ငြိမ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ဝန်ကြီးဌာနသည် မဏ္ဍိုင်ငါးရပ်ပါဝင်သည့် ပေါင်းစပ်ဆောင်ရွက်ရေးအစီအစဉ်တစ်ရပ်ကို ချမှတ်ထားကြောင်း သိရသည်။

       ယင်းအစီအစဉ်တွင် ထုတ်လုပ်မှုအရည်အသွေး မြှင့်တင်ရေး၊ ကုန်ကြမ်းမှ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ရေး၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာငွေထောက်ပံ့ မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ အဖွဲ့အစည်းဆိုင်ရာ စီမံအုပ်ချုပ်မှုတို့ ပါဝင်ကြောင်း သိရသည်။

         ပင်လယ်ရေညှိကဏ္ဍ အသွင်ပြောင်းလဲရေးတွင် ထုတ်လုပ်မှုပမာဏ တိုးမြှင့်ရေးကိုသာ ဦးစားပေးနေခြင်းမှ ထုတ်လုပ်မှုစွမ်းအား၊ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့ကို အဓိကထားသည့် လုပ်ငန်းပုံစံသို့ ပြောင်းလဲရန်လိုအပ်ကြောင်း Sakti Wahyu Trenggono က နိဂုံးချုပ်ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေညှိဈေးကွက်၏ အလားအလာကို ခိုင်မာသည့် စက်မှုလုပ်ငန်းကဏ္ဍအဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ကမ်းရိုးတန်းဒေသခံများ၏ လူမှုစီးပွားဘဝကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)