
၂၀၂၆-၂၀၂၇ ဈေးကွက်ရာသီအတွင်း Uttar Pradesh၊ Karnataka နှင့် Telangana ပြည်နယ် များ၌ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား ဈေးနှုန်းထောက်ပံ့ရေးအစီအစဉ်အရ အနိမ့်ဆုံး သတ်မှတ် ဝယ်ဈေးဖြစ်သည့် ၅၅၄၇.၉၉ သိန်းဖြင့် ဝယ်ယူရန်ဗဟိုအစိုးရက ခွင့်ပြုထားကြောင်း သိရသည်။
ဈေးကွက်အတွင်း ဈေးနှုန်းများကျဆင်းနေမှုမှ တောင်သူများအား ကာကွယ်ရန်နှင့် အထူး သဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်ပျိုးသူများအတွက် အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုး ရေးနှင့် တောင်သူများဖူလုံရေးဝန်ကြီး Shivraj Singh Chouhan က ဝယ်ယူမှုကို ခွင့်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။
ပြည်နယ်သုံးခုတွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတန်ချိန် ၇၀၆,၀၀၀ ကို အနိမ့်ဆုံးသတ်မှတ် ဝယ်ဈေးဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Uttar Pradesh ပြည်နယ်အနေဖြင့် ကျပ်သိန်း ၃၉၉၂.၅၇ ဖြင့် အများဆုံးဝယ်ယူခွင့် ရရှိထား ပြီး ကုလားပဲတန်ချိန် ၄၆၆,၀၀၀ အား ကျပ်သိန်း ၃၉၃၇.၇၀ ဖြင့် လည်းကောင်း၊ ပဲစင်းငုံ တန်ချိန် ၆,၂၅၀ အား ကျပ်သိန်း ၅၄.၈၇ ဖြင့်လည်းကောင်း ဝယ်ယူသွားမည်ဖြစ်ပါသည်။
Karnataka ပြည်နယ်အတွက် ဝယ်ယူခွင့် ကျပ်သိန်း ၁၁၀၇ ကို ရရှိထားပြီး ပဲပိစပ် တန်ချိန် ၁၁၅,၅၀၀ အား ကျပ်သိန်း ၆၅၉.၂၇ ဖြင့်လည်းကောင်း၊ ပဲစင်းငုံတန်ချိန် ၃၈,၂၅၀ အား ကျပ်သိန်း ၃၃၅.၈၃ ဖြင့်လည်းကောင်း၊ နေကြာတန်ချိန် ၁၃,၄၁၃ အား ကျပ်သိန်း ၁၁၁.၉၀ ဖြင့်လည်းကောင်း အသီးသီးဝယ်ယူသွားမည်ဖြစ်ပါသည်။
Telangana ပြည်နယ်အတွက် ဝယ်ယူခွင့် ကျပ်သိန်း ၄၄၈.၄၂ ကိုရရှိထားပြီး ပဲပိစပ်တန်ချိန် ၆၂,၀၀၀ အား ကျပ်သိန်း ၃၅၃.၉၀ ဖြင့်လည်းကောင်း၊ ပဲစင်းငုံတန်ချိန် ၁၀,၇၆၆ အား ကျပ်သိန်း ၉၄. ၅၄ ဖြင့် လည်းကောင်း အသီးသီးဝယ်ယူသွားမည်ဖြစ်ပါသည်။
ဝန်ကြီး Chouhan က အစိုးရအနေဖြင့် တောင်သူများအားအကျိုးအမြတ်ရရှိစေရန်နှင့် ဝယ်ယူမှု လုပ်ငန်းစဉ်အား ပွင့်လင်းမြင်သာမှုရှိစွာအသုံးပြုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုဆုံးဖြတ်ချက်သည် တောင်သူများအတွက် စီးပွားရေးလုံခြုံစိတ်ချရမှုရှိစေရန်၊ ပြည်တွင်း ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိုအားပေးရန်နှင့် ပဲမျိုးစုံနှင့် စားသုံးဆီများအား အမှီအခို ကင်းစွာဖြင့် ထုတ်လုပ်နိုင်စေရန် အထောက်အကူဖြစ်စေကြောင်းသိရသည်။
သတ်မှတ်နေရာများတွင် ဝယ်ယူမှုအစီအစဉ်များအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်နှင့် တောင်သူများအတွက် ငွေပေးချေမှုကိုအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် ကျန်ရှိလျက်ရှိကြောင်း သိရသည်။
Source: Business Standard, 30 September 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
