Main menu

တရုတ်နိုင်ငံသည် ဗီယက်နမ်၏ ဒုတိယအကြီးဆုံး ဆန်တင်ပို့ရာ ဈေးကွက် ဖြစ်လာခဲ့

Powered by Drupal

     စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ပထမ ၈ လအတွင်း တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅၀၅ သန်းနီးပါးရှိသည့် ဗီယက်နမ် ဆန်တန်ချိန် ၁ သန်းကျော် တင်သွင်းခဲ့ပြီးနောက် ဗီယက်နမ်၏ ဒုတိယအကြီးဆုံး ဆန်တင်ပို့ရာ ဈေးကွက်ဖြစ်လာ ခဲ့သည်။

    လွန်ခဲ့သောနှစ် တူညီသောကာလအတွင်း တရုတ်နိုင်ငံသည် တန်ချိန် ၅၆၅,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၈၆.၇ သန်းဖိုး) သာ တင်သွင်းခဲ့သည်။ ယခုကဲ့သို့ တင်သွင်းမှု ရုတ်တရက် မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် တူညီသောကာလတွင် အဆင့် (၄) နေရာ၌ ရှိနေရာမှ ဖိလစ်ပိုင်နိုင်ငံ၏ နောက်တွင် ဒုတိယနေရာသို့ မြင့်တက်လာခဲ့သည်။ အဆိုပါ သတင်း အချက်အလက်များကို စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိ ရခြင်းဖြစ်သည်။

      ၈ လတာ ကာလအတွင်း ဗီယက်နမ်၏ စုစုပေါင်း ဆန်တင်ပို့မှု ပမာဏအနက် တရုတ်နိုင်ငံ၏ တင်သွင်းမှုတန်ဖိုးမှာ ၁၇.၄ ရာခိုင်နှုန်းရှိခဲ့သည်။ တရုတ်နိုင်ငံဘက်မှ တိရစ္ဆာန်အစာထုတ်လုပ်ရေး တွင် အဓိကအသုံးပြုရန်အတွက် ဆန်ကွဲ ဝယ်လိုအားမြင့်တက်လာကြောင်း စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီးဌာနက အစီရင်ခံဖော်ပြခဲ့သည်။

    အဆိုပါဝန်ကြီးဌာန၏ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း အီရတ်နိုင်ငံသို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုသည်လည်း လွန်ခဲ့သောနှစ် တူညီသောကာလနှင့်နှိုင်းယှဉ်ပါက ၉၈.၉ ဆ အထိ ခုန်တက်သွားခဲ့သည်။ သို့သော်လည်း အဆိုပါဈေးကွက်သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၄ သန်းနီးပါးသာ ရှိသေးသဖြင့် နည်းပါးနေသေးသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဈေးကွက် ဝေစု ၄၀.၉ ရာခိုင်နှုန်းဖြင့် ဗီယက်နမ်ဆန်ကို အများဆုံးဝယ်ယူသည့်နိုင်ငံအဖြစ် ဆက်လက် တည်ရှိ နေသည်။

   ဖိလစ်ပိုင်နှင့် တရုတ်ဈေးကွက်နှစ်ခုတည်းသို့ စုစုပေါင်း တင်ပို့မှု၏ ၆၄ ရာခိုင်နှုန်းကျော် မှီခိုနေရခြင်းသည် ရေတိုတွင် အကျိုးကျေးဇူးရှိသော်လည်း အကန့်အသတ်ရှိသော ဈေးကွက် အနည်းငယ်အပေါ် အလွန်အမင်း မှီခိုနေရသည့်အတွက် စွန့်စားရမှုများလည်းရှိကြောင်း ဝန်ကြီး ဌာနက လေ့လာတွေ့ရှိခဲ့သည်။ ထို့ကြောင့် တင်ပို့သည့် ဈေးကွက်များကို တဖြည်းဖြည်း မတူကွဲပြား အောင် လုပ်ဆောင်သွားရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

  ဗီယက်နမ် ဆန်စပါးအသင်း၏ ခန့်မှန်းချက်များအရ စက်တင်ဘာလတွင် ဆန်တန်ချိန် ၃၇၇,၄၀၀ တင်ပို့ခဲ့ပြီးနောက် ဗီယက်နမ်သည် အောက်တိုဘာလတွင် တန်ချိန် ၄၀၀,၀၀၀၊ နိုဝင်ဘာ လတွင် တန်ချိန် ၂၂၀,၀၀၀ ခန့်နှင့် ဒီဇင်ဘာလတွင် တန်ချိန် ၂၆၈,၃၀၀ ခန့် ဆက်လက် တင်ပို့သွား မည်ဟု ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ်အတွက် စုစုပေါင်း ဆန်တင်ပို့မှုသည် တန်ချိန် ၇.၇၄ သန်းခန့် သို့မဟုတ် အမေရိကန်ဒေါ်လာ ၃.၉၄ ဘီလီယံခန့် ရရှိမည်ဟု မျှော်မှန်းထားသည်။ ယင်းသည် နှစ်စပိုင်း လများအတွင်း ပျမ်းမျှ ပို့ကုန်ဈေးနှုန်း နည်းပါးခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၄ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်သည်။

     ဆန်တင်ပို့မှု ပမာဏသည် တန်ချိန် ၇.၇၄ သန်းခန့်သို့ ရောက်ရှိပါက ဗီယက်နမ်သည် အိန္ဒိယနိုင်ငံ၏ နောက်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည် နိုင်မည် ဖြစ်သည်။ ၂၀၂၆-၂၀၂၇ သီးနှံနှစ်အတွက် ကမ္ဘာ့ဆန် ရောင်းလိုအားနှင့် ဝယ်လိုအား မျှခြေ သည် လိုအပ်ချက်ဘက်သို့ ယိုင်သွားမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုသည် စံချိန်တင် ပမာဏသို့ ရောက်ရှိနိုင်သည်။

   ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တင်သွင်းမှု ပိတ်ပင်မည်မဟုတ်ကြောင်းနှင့် အရန်ဆန် မြှင့်တင်ရန်အတွက် ဆက်လက်တင်သွင်းသွားမည်ဖြစ်ကြောင်း မကြာမီက အတည်ပြုခဲ့ သည်။ လက်ရှိတွင် ဖိလစ်ပိုင်၏ စုစုပေါင်းဆန်တင်သွင်းမှုအများစုမှာ ဗီယက်နမ်မှ ဖြစ်သောကြောင့် ယင်းသည် ကြိုဆိုရမည့်သတင်းဖြစ်သည်။ တရုတ်ဈေးကွက်တွင်လည်း တင်သွင်းမှုပမာဏ မြင့်တက် လာသည်ကိုတွေ့ရပြီး စပါး၊ ဆန်ကွဲနှင့် ကောက်ညှင်းဆန်တို့အတွက် အခွင့်အလမ်းကောင်းများ ပွင့်လန်းလာစေသည်။

     ထို့အပြင် ဂျပန်၊ ဥရောပသမဂ္ဂနှင့် ဩစတြေးလျကဲ့သို့သော ဈေးကွက်များတွင် အသိအမှတ်ပြု အရည်အသွေးမြင့်၊ ကာဗွန်ထုတ်လွှတ်မှုနည်းသည့် ဆန်များသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ ထက် ပိုမိုရရှိနေသဖြင့် ဗီယက်နမ်ဆန်၏ တန်ဖိုးကို မြှင့်တင်ပေးနိုင်သည့် အလားအလာများကို မီးမောင်းထိုးပြနေသည်။

Source: People’s Army Newspaper, 06 October 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)