
မိုးရာသီနှင့်ရေကြီးရေလျှံကာလများတွင် ဝမ်းလျှောရောဂါဖြစ်ပွားမှုများပြားလာပြီး အထူး သဖြင့်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ရေဓာတ်ခန်းခြောက်မှုကြောင့်အသက်အန္တရာယ်ရှိ နိုင်ကြောင်းကျန်းမာရေးတာဝန်ရှိသူများကသတိပေးပြောကြားထားပါသည်။ ဝမ်းလျှောရောဂါ ဆိုသည်မှာ ၂၄နာရီအတွင်းသုံးကြိမ်နှင့်အထက်ဝမ်းအရည်သွားခြင်း (သို့မဟုတ်)ပုံမှန်ထက်ပိုပျော့ သော၊ရေပါသောဝမ်းသွားခြင်းကိုဆိုသည်။ ဝမ်းလျှောရောဂါသည် ရောဂါပိုးပါသောရေ၊ အစား အသောက်၊ လက်နှင့်ပတ်ဝန်းကျင်မှတစ်ဆင့်အဓိကကူးစက်သည်။ ဝမ်းလျှောရောဂါဖြစ်စေသော အကြောင်း အရာများမှာ ရိုတာဗိုင်းရပ်စ်၊ နိုရိုဗိုင်းရပ်စ်ကဲ့သို့ဗိုင်းရပ်စ်များ၊ ကာလဝမ်းရောဂါပိုး၊ အီကိုလိုင်၊ဆယ်လ်မိုနဲလာကဲ့သို့ ဘတ်တီးရီးယားများနှင့်ပရာဆိုက်များပါဝင်သည်။ သန့်ရှင်းသောရေ မရရှိခြင်း၊ အစားအသောက် မသန့်ရှင်းခြင်း၊ လက်သန့်ရှင်းရေးအားနည်းခြင်း၊ အိမ်သာနှင့်မိလ္လာစနစ် မကောင်းခြင်းတို့သည် ရောဂါပိုး ကူးစက်မှုကိုမြင့်တက်စေသည်။ ဝမ်းလျှောရောဂါ၏လက္ခဏာများမှာ ဝမ်းအရည်သွားခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်းစသည်တို့ဖြစ် သည်။ အချို့တွင်ဝမ်းထဲတွင် သွေးပါခြင်း (သို့မဟုတ်)အချွဲပါခြင်းများလည်းဖြစ်နိုင်သည်။ အဓိက အန္တရာယ်မှာရေဓာတ်ခမ်းခြောက် မှုဖြစ်ပြီးကလေးငယ်များတွင်မျက်လုံးချိုင့်ခြင်း၊ ငိုသည့်အခါ မျက်ရည်မထွက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဆီးနည်းခြင်း (သို့မဟုတ်)ဆီးမသွားခြင်း၊အိပ်ငိုက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်သည်။ ဝမ်းလျှော ရောဂါဖြစ်ပါက ရေဓာတ်ဆုံးရှုံးမှုကိုအမြန်ဆုံးဖြည့်တင်း ရန်လိုအပ်သည်။ အိုရက်(ORS)ကိုဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်သုံးသင့်ပါသည်။ ကလေးငယ်များတွင်ဇင့်(Zinc)ဖြည့်စွက် ဆေးသောက်သုံးနိုင်ပြီး မိခင်နို့ကိုဆက်လက်တိုက်ကျွေးကာ ထမင်းရည်၊ဆားရည်၊ အုန်းရည်ကဲ့သို့အရည်များကို တိုက်ကျွေးနိုင်သည်။ ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန်အစားအသောက်များကိုဖုံးအုပ်သိမ်း ဆည်းခြင်း၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ကြာ ဆေးကြောခြင်း ၊ရေကိုဆူပွက်အောင်ကျိုချက်ပြီးမှ သောက်သုံးခြင်း၊ ယင်နားစာများကိုမစားခြင်း၊ အိမ်သာတက်ပြီးတိုင်းလက်ဆေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု့ရှိခြင်း၊ သန့်ရှင်းသောပတ်ဝန်းကျင်တွင် နေထိုင်ခြင်း၊ အမှည့်လွန်သောအသီးအနှံများကို မစားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ဝမ်းလျှောရောဂါ သည်သေးငယ်သော လက္ခဏာမှစတင်သော်လည်း ရေဓာတ်ခမ်းခြောက်မှုတို့ကြောင့် အသက် အန္တရာယ်ဆုံးရှုံးရသည့်အထိဖြစ်နိုင်သည်။ ထို့ကြောင့်စားသုံးသူများအနေဖြင့်သန့်ရှင်းသောရေ၊ သန့်ရှင်းသောအစားအစာနှင့်လက်သန့်ရှင်းရေးကို အလေးထားလိုက်နာပြီးရောဂါ လက္ခဏာပြင်း ထန်ပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ကုသသင့်ပါသည်။
DOCa(မန္တလေး)
