
ကမ္ဘောဒီးယားနိုင်ငံက ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးရေးထွက်ကုန် ပြုပြင်ထုတ်လုပ်ရေးနှင့် တန်ဖိုးမြင့်ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် တိုက်တွန်းလိုက်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ မြှင့်တင်ရန် ရည်မှန်းထားသည်။ အဆိုပါ တိုက်တွန်းချက်ကို ၁၄-၉-၂၀၂၆ ရက်နေ့က ဖနွမ်းပင် မြို့ရှိ ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ရုံးချုပ်တွင်ကျင်းပခဲ့သည့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (CIB) အထွေထွေ အတွင်းရေးမှူး Chea Vuthy က ပြောကြားခဲ့ခြင်းဖြစ်သည်။ Chea Vuthy က သီဟိုဠ်စေ့၊ ပီလောပီနံ၊ ဆန်၊ ရော်ဘာနှင့် စိုက်ခင်းထွက်သစ်များကို ကုန်ကြမ်းအဖြစ်သာမက တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်နိုင်မည့် အခွင့်အလမ်းများရှိကြောင်း ပြောကြားခဲ့ပြီး ဗီယက်နမ်ကုမ္ပဏီများအား ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ကမ္ဘောဒီးယားအစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ဆောင်မှုများ ပိုမိုမြန်ဆန်စေရန် “One-Stop Service” စနစ်ကို အားကောင်းအောင် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။ ဗီယက်နမ်သံအမတ် Nguyen Minh Vu ကလည်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်မှုသည် အရေးပါသည့် ကဏ္ဍဖြစ်ကြောင်း ပြောကြားခဲ့သည်။ VNA ၏ အချက်အလက် များအရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘောဒီးယား-ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၁.၃၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ပထမရှစ်လတွင် အမေရိကန်ဒေါ်လာ ၈.၆၇ ဘီလီယံရှိကာ ယမန်နှစ် အလားတူကာလထက် ၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
DOCA (ရန်ကုန်)
