Main menu

ရိုးရာမှသည်နိုင်ငံတကာသို့မြန်မာ့လက်မှုပစ္စည်းများ၏စျေးကွက်နှင့်စီးပွားရေးအလားအလာ

Powered by Drupal
Thu, 09/24/2026 - 09:53 -- consumer_admin

        မြန်မာ့လက်မှုပညာသည် ရှေးနှစ်ပေါင်းများစွာကတည်းကပင်တည်ရှိလာခဲ့ပြီး မြန်မာတို့၏ ယဥ်ကျေးမှု၊ အနုသုခမလက်ရာများနှင့် အလှတရားများကိုထင်ရှားစွာ ဖော်ပြနေသောမှတ်တိုင်တစ်ခု ဖြစ်ပါသည်။နိုင်ငံတစ်ဝှမ်းရှိဒေသအသီးသီးတွင်ကိုယ်ပိုင်ဟန်များနှင့်သဘာဝပစ္စည်းများကိုအခြေခံကာလက်ရာမြောက်စွာဖန်တီးထုတ်လုပ်ကြသောကြောင့် ကမ္ဘာ့အလယ်တွင် ထင်ရှားကျော်ကြား လှပါသည်။ မြန်မာ့လက်မှုပစ္စည်းများတွင် ရိုးရာယဥ်ကျေးမှုအငွေ့အသက်များအပြင် လက်သမား၊ ပန်းပု၊ ပန်းတော့နှင့် ရက်ကန်းပညာရှင်တို့၏ ကျွမ်းကျင်မှု၊ သည်းခံစိတ်နှင့် အနုပညာစိတ်ဓာတ်တို့ အပြည့်အဝကိန်းအောင်းနေကြပါသည်။

          မြန်မာ့လက်မှုပစ္စည်းများအနက် ပုဂံဒေသ၏ယွန်းထည်လုပ်ငန်းမှာ အထူးထင်ရှားကျော်ကြား ပါသည်။ ဝါး၊ သစ်သား သို့မဟုတ် မြင်းမြီးဆံတို့ကိုအခြေခံ၍ထုတ်လုပ်ထားသော ကုန်ကြမ်းပေါ်တွင် သစ်စေးသုတ်ခြင်း၊ ခြစ်ခြင်း၊ ရေးဆွဲခြင်းနှင့် ဆေးရောင်စုံတင်ခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ရပါသည်။ ယွန်းထည်ပစ္စည်းများဖြစ်သော လက်ဖက်အုပ်၊ ကွမ်းအစ်၊ ပန်းကန်ပြားများနှင့်ရေခွက်များသည် တာရှည်ခံရုံသာမက ရှေးခေတ်မြန်မာ့ပန်းချီလက်ရာများကိုပါ တစ်ပါတည်းဖော်ပြနေပေသည်။

          ယဥ်ကျေးမှုမြို့တော်မန္တလေးသည်လည်း လက်မှုပညာအမွေအနှစ်များစုဝေးရာ ဗဟိုချက်မ တစ်ခုဖြစ်ပါသည်။ ရွှေချည်ထိုးလုပ်ငန်းသည် ရိုးရာဝတ်စုံများနှင့် သက္ကလပ်အိတ်များပေါ်တွင်ရွှေမျှင်၊ ငွေမျှင်၊ ဖန်စီနှင့် ပုလဲလုံးတို့ဖြင့် အနုစိတ်ဖန်တီးရသည့် မြန်မာ့ထူးခြားသော အနုပညာလက်ရာ ဖြစ်သည်။ ထို့ပြင် ကျွန်းသစ်များကိုအသုံးပြု၍ဘုရားဆင်းတုတော်များ၊ နတ်ရုပ်များနှင့် ရိုးရာအသုံး အဆောင်များကို လက်ရာမြောက်စွာထုလုပ်ကြသည့် သစ်သားပန်းပုပညာမှာလည်း နိုင်ငံတကာ ခရီးသွားများ အထူးနှစ်သက်ကြသော လက်မှုပစ္စည်းများဖြစ်လာကြပါသည်။ ရှမ်းပြည်နယ်၊ အင်းလေးကန်ဒေသတွင်ထွက်ရှိသော ကြာချည်၊ ဝါဂွမ်းနှင့်ပိုးချည်တို့ဖြင့် ရက်လုပ်ကြသည့် အဝတ်အထည်များသည် သဘာဝဆန်ပြီး ဆန်းသစ်လှပလှပါသည်။ ကြာရိုးမှထုတ်ယူရရှိသော ကြာချည်ဖြင့်ရက်လုပ်ထားသော အထည်များသည်ကမ္ဘာပေါ်တွင် ရှားပါးပြီး တန်ဖိုးကြီးမားသော လက်မှုပစ္စည်းများအဖြစ် ရပ်တည်လျက်ရှိပါသည်။  ၎င်းအပြင် အင်းလေးဒေသထွက် ငွေထည် ပစ္စည်းများသည်လည်း လက်ရာမြောက်လှသော ပန်းပုဒီဇိုင်းများနှင့်ရှေးရိုးစဥ်လာပုံစံများကြောင့် လူကြိုက်များထင်ရှားပါသည်။

          ခေတ်မီစက်မှုထုတ်ကုန်များ ဝင်ရောက်လာခြင်းနှင့် ကုန်ကြမ်းရှားပါးလာခြင်းတို့ကြောင့်ရိုးရာ လက်မှုပညာလုပ်ငန်းများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ သို့သော်လည်း ဤအမွေ အနှစ်များကို ဆက်လက်ရှင်သန်စေရန်အတွက် မျိုးဆက်သစ်လက်မှုပညာရှင်များအား ပညာပေး ခြင်း၊ စျေးကွက်ချဲ့ထွင်ပေးခြင်းနှင့် နိုင်ငံတကာသို့တင်ပို့ရောင်းချနိုင်ရန် အားပေးကူညီခြင်းတို့ဖြင့် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြပါသည်။

          မြန်မာ့ရိုးရာလက်မှုပစ္စည်းများသည် ယဥ်ကျေးမှုအမွေအနှစ်များကို ကိုယ်စားပြုရုံသာမက နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နေသည့် အဖိုးတန်စီးပွားရေးကုန်စည်များ ဖြစ်လာပါ သည်။ ပြည်တွင်းနှင့်နိုင်ငံတကာစျေးကွက်အတွင်း အဆိုပါလက်မှုပစ္စည်းများ၏ရပ်တည်မှု၊ စျေးနှုန်း သတ်မှတ်ချက်နှင့် အခြားနိုင်ငံများတွင်ပါအရေးပါပုံမှာ အောက်ပါအတိုင်းပင်ဖြစ်ပေသည်။ မြန်မာ့ လက်မှုပစ္စည်းများ၏ စျေးနှုန်းသည်လက်ရာ၏ အနုစိတ်မှု၊ အသုံးပြုသည့်ကုန်ကြမ်းအရည် အသွေးနှင့် ကြာမြင့်ချိန်ပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။

-ကုန်ကြမ်းတန်ဖိုးနှင့်လက်ခတန်ဖိုး။ ပုဂံယွန်းထည်များ၊မန္တလေးရွှေချည်ထိုးအထည်များနှင့် အင်းလေးကြာချည်ထည်မျာကဲ့သို့သော ပစ္စည်းများသည်လက်လုပ်စစ်စစ်ဖြစ်ပြီး အချိန်ယူဖန်တီးရ ခြင်းကြောင့် စျေးနှုန်းသင့်တင့်သည်မှစ၍ မြင့်မားသည့်တန်ဖိုးအထိရှိတတ်ပါသည်။

 -စျေးကွက်ချိတ်ဆက်မှု။       ပြည်တွင်းစျေးကွက်တွင် ဘုရားဖူးခရီးသွားများနှင့် အမှတ်တရပစ္စည်း ဝယ်ယူသူများကို အဓိကမှီခိုနေရသော်လည်း  ယခုအခါ အွန်လိုင်းစျေးကွက်များနှင့် ခရီးသွားလာ ရေးဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နိုင်ငံတကာခရီးသွားများထံသို့ တိုက်ရိုက်ရောင်းချနိုင်မှုအခွင့် အလမ်းများ ပိုမိုကျယ်ပြန့်လာခဲ့ပါသည်။ မြန်မာ့လက်မှုပညာများသည် ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံ များတွင် ယဥ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေးအရအရေးပါသောအခန်းဏ္ဍမှ ပါဝင်လျက်ရှိသည်။  အာဆီယံနှင့်အာရှဒေသတွင်းနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့်ဂျပန်ကဲ့သို့သော အာရှနိုင်ငံများတွင်ရိုးရာလက်မှုပစ္စည်းများကို အထူးတန်ဖိုးထားကြသည်။ မြန်မာ့သစ်သားပန်းပု များနှင့် ငွေထည်လက်ရာများသည် အဆိုပါနိုင်ငံများရှိ အနုပညာလက်ရာစုဆောင်းသူများနှင့် အလှဆင်ပစ္စည်းများဝယ်ယူသူများကြားတွင် အလွန်ရေပန်းစားပါသည်။ ဥရောပနှင့်အနောက် နိုင်ငံ များဖြစ်သော ဥရောပသမ္မဂစျေးကွက်နှင့် အမေရိကန်နိုင်ငံများတွင် သဘာဝပစ္စည်းများကို အခြေခံ၍ ပြုလုပ်ထားသော ဝါး၊ ကြိမ်၊ ယွန်းထည်နှင့် ကြာချည်ထည်စသည့်လက်မှုပစ္စည်းများကို ပိုမိုနှစ်သက် လာကြသည်။ ဤအချက်သည် မြန်မာ့လက်မှုပစ္စည်းများအတွက် နိုင်ငံတကာတင်ပို့ရောင်းချမှု အလားအလာကောင်းမွန်မှုကို ဖော်ပြနေပါသည်။

          နိုင်ငံတကာပြပွဲများနှင့်ကုန်စည်ပြပွဲများတွင် မြန်မာ့လက်မှုပစ္စည်းများကို ပြသခြင်းအားဖြင့် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်ရုံသာမက ကမ္ဘာ့နိုင်ငံများအကြားမြန်မာ့ယဥ်ကျေးမှု အလှတရားကို မိတ်ဆက်ပေးသည့် ယဥ်ကျေးမှုသံတမန်များအဖြစ်ပါ ဆောင်ရွက်ပေးလျက်ရှိပါသည်။ မြန်မာ့လက်မှု ပစ္စည်းများသည် ပြည်တွင်းစီးပွားရေးအတွက်သာမက နိုင်ငံတကာစျေးကွက်တွင်ပါ ယဥ်ကျေးမှုတန် ဖိုး၊ စီးပွားရေးတန်ဖိုးနှစ်ရပ်စလုံးဖြင့် ရပ်တည်လျက်ရှိရာရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စျေးကွက် မြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုအားစိုက်ထုတ်ရန်လည်း လိုအပ်ပေသည်။

          မြန်မာ့လက်မှုပစ္စည်းများသည် ရိုးရာယဥ်ကျေးမှုကိုထင်ဟပ်စေရုံသာမက ကျေးလက်ဒေသ နေပြည်သူများအတွက် ဝင်ငွေဖန်တီးပေးသည့် အရေးပါသောစီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပေ သည်။  ဤအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းခြင်းသည် မြန်မာတို့၏ဇာတိမာန်နှင့် ယဥ်ကျေးမှု ကိုထာဝစဥ် မပျောက်ပျက်အောင် ထိန်းသိမ်းရာရောက်ပေသည်။

DOCA(ပဲခူး)