Main menu

စားသုံးသူဘဝ ပန်းကလေးပမာ ပွင့်လန်းစေချင်

Powered by Drupal
Tue, 09/22/2026 - 15:17 -- consumer_admin

         ယနေ့ကမ္ဘာပေါ်ရှိ လူသားများသည် ကျန်းမာခြင်း၊ အသက်ရှည်ခြင်းစသည့် ကောင်းမွန် သောလူနေမှုဘဝများတွင် လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက်ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများသည် ပြည့်စုံလုံလောက်သော ဘေးကင်း လုံခြုံမှုမရှိသည့်အတွက် ထိခိုက်လွယ်သော အခြေအနေများနှင့် ကြုံတွေ့နေရပြီး ဖွံ့ဖြိုးဆဲဝင် ငွေနည်းနိုင်ငံများတွင် စားသုံးသူများအနေဖြင့် အချိုးမညီစွာ သေဆုံးမှုကဲ့သို့သော သက်ရောက် မှုဖြစ်ခြင်း၊ လေထုညစ်ညမ်းမှုနှင့် အဖိုးတန် အရင်းအမြစ် များကိုဖြုန်းတီးမှုဖြစ်စေခြင်း၊ ပြည်သူ့ ကျန်းမာရေးပြဿနာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုများ စသည်တို့ကို ရင်ဆိုင်နေရပြီဖြစ်ပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာကြီးသည် ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ၏ ဆိုးကျိုးများ၊ ဘေးကင်းလုံခြုံမှု မရှိသော ထုတ်ကုန်များကြောင့်အရေးကြီး စိုးရိမ်ရသည့် ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်ရလျက် ရှိနေပါသည်။ ဘေးကင်းလုံခြုံမှုမရှိသော ကုန်စည်များကြောင့် အသက်၊ ကျန်းမာရေး နှင့် ဘေးကင်းရေးဆိုင်ရာ အခြေခံလူ့အခွင့်အရေးများကို ထိခိုက်စေကြောင်း သိရှိနားလည်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အခွင့်အရေးများအကြောင်းကို စားသုံးသူများအား အထူး သတိပြု သိရှိနိုင်စေရန် လုပ်ဆောင်ဖို့လိုအပ်သလို လူသားအားလုံးအတွက် တရားမျှတမှုနှင့် ဘေးကင်းလုံ ခြုံမှုရှိပြီး ရေရှည်တည်တံ့သည့်ဈေးကွက်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက် စားသုံးသူများ၏ စွမ်းဆောင်နိုင်မှုနှင့် ဗဟုသုတ အဆင့်မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ရန်လည်း အထူးလိုအပ် လျက်ရှိနေပါသည်။

        အာဆီယံအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC)အား အကောင်အထည်ဖော် ဆောင်ရွက်လာသည့်အခါ အာဆီယံဒေသများ အတွင်း အကောက်ခွန် ကင်းလွတ်ခွင့်များရရှိပြီး တင်သွင်းလာမည့်ကုန်စည်များနှင့် မိမိတို့ထုတ်လုပ် သည့်ကုန်စည်များသည် ဈေးကွက်ယှဉ်ပြိုင်ရမှာ ဖြစ်သည့်အတွက် ကုန်စည်များလွတ်လပ်စွာ စီးဆင်းမည်ဆိုပါက မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့်ကုန်စည်များသည် နိုင်ငံတကာမှလက်ခံနိုင် သည့်အဆင့်ထိ ဆောင်ရွက်ထားရှိကာ ဈေးကွက်ခိုင်မာမှုရရှိအောင် မျှော်မှန်း၍ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီ၏အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုအာဆီယံ စားသုံး သူကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံချက်အတိုင်း လိုက်ပါဆောင်ရွက်လျက်ရှိရာ မြန်မာ နိုင်ငံအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အဓိကဆက်သွယ်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ယူချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ “ နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ” ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးရန် အထူးလိုအပ်လျက်ရှိရာ တစ်ဖက်တွင်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ယုံကြည်စိတ်ချစွာ ဖြင့်ဘေးကင်းလုံခြုံမှုရှိသော အရည်အသွေး မြင့်မားသော ထုတ်ကုန်များအား ဖော်ဆောင် ပေးလျက်ရှိသည့် စားသုံးသူကာကွယ်ရေး လုပ်ငန်း သည် အရေးပါသည့်ကဏ္ဍတစ်ခု ဖြစ်ပါသည်။ နိုင်ငံအတွင်း စီးပွားရေးကျင့်ဝတ်နှင့်အညီ နိုင်ငံတကာ ၏ စံချိန်စံညွှန်းများ အတိုင်း ထုတ်လုပ်နိုင် မည်ဆိုပါက စက်မှုကဏ္ဍ MSMEs လုပ်ငန်းများနှင့်အတူ သွင်းကုန်အစားထိုးခြင်း၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ခြင်းများကြောင့် နိုင်ငံ့စီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

         စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူအခွင့်အရေး ဦးစားပေး” ဟူသော ဆောင်ပုဒ် အတိုင်း စားသုံးသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ မျှတမှုစသည့်စံနှုန်းများကို အလေးထားသည့် လုပ်ငန်းရှင်များ ပိုမိုပေါ်ထွန်း လာစေရေးအတွက် စားသုံးသူရော လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း သည့် အသိပညာ ဗဟုသုတများ၊ အခွင့်အရေးနှင့် လိုအပ်သောသတင်း အချက်အလက်များ သိရှိပြီး လိုက်နာတောင်း ဆိုရယူနိုင်ရန် တစ်နိုင်ငံလုံးလွှမ်းခြုံကာ အသိပညာပေးဆောင်ရွက် ခြင်း၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံ မှန်ကန်စွာဖော်ပြမှုရှိစေရေးနှင့် ဘေးကင်းပြီးလုံခြုံမှု ရှိစေရေး စောင့်ကြည့်စစ် ဆေးခြင်း၊ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားကုစားမှုများဖြင့် ဖြေရှင်း ပေးခြင်း၊ အရေးယူဆောင် ရွက်ခြင်းများကို သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် စားသုံးသူဘက်၊ထုတ်လုပ် ရောင်းချသူဘက်၊ မည်သူ့ဘက် ကိုမျှ ဘက်မလိုက်ဘဲ စားသုံးသူတို့၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်သော စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန်ဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်မှုမ ရှိစေနိုင်သော နည်းလမ်းများ ပေါ်ပေါက်စေ ရန်လည်းရည်ရွယ်ပါသည်။ စီးပွားရေးကျင့်ဝတ်နှင့် မကိုက်ညီသောအချို့စီးပွားရေးလုပ်ငန်းရှင် များသည် စားသုံးသူများ၏ ဗဟုသုတနည်းပါးမှုအပေါ် ဈေးနှုန်းလျှော့မက်လုံးပေး ဆွဲဆောင် ရောင်းချခြင်းများ ပြုလုပ်လာကြခြင်း၊ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော ဓါတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲထားသော ဟင်းသီးဟင်းရွက်များနှင့် တားမြစ် ဓါတုဆိုးဆေး အသုံးပြုထားသော မျှစ်၊ လက်ဖက်စို/ခြောက်၊ အချိုရည်များ ရောင်းချခြင်း၊ ပြန်ကြော်ဆီများနှင့် အကြိမ်ကြိမ်ပြန်ကြော်ပြီး ချက်ပြုတ်ထားသော အကြော်အလှော်များ ရောင်းချခြင်း၊ ဆာလဖျူရစ်အက်ဆစ်ပါ အချဉ်ရည်နှင့် ကြာရှည်ခံဓါတုဆေးပါ ငရုပ်ဆီများ ရောင်းချခြင်း၊ ဆေးတို့ထား၍ ရင့်မှည့်ချိန် မတိုင်ခင် မှည့်နေသော သစ်သီးဝလံများနှင့် ပွဆေးအလွန်အကျွံ သုံးထားသည့် အီကြာကွေးများ ရောင်းချခြင်း၊ စားသုံးဆီ၏ သန့်စင် စစ်မှန်မှုကို အာမခံနိုင်မှုမရှိသော ဆီများနှင့် ဓါတုဆေးသုံးဟင်းချိုမှုန့်၊ အချိုမှုန့်များ လွန်စွာ ထည့်ထားသော (မုန့်ဟင်းခါးအပါအဝင်) အချို့စားသောက်ကုန်များသည် စားသုံးသူပြည်သူ များအား နေ့စဉ် အန္တရာယ်ပေးလျက်ရှိနေပါသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် လုံခြုံစိတ်ချ ရမှုနှင့် အာမခံချက် မရှိသော ကုန်စည်များ၊ တာဝန်ယူမှု/တာဝန်ခံမှုမရှိသော လုပ်ငန်းရှင်များ၊  စားသုံးသူအား မရိုးမ ဖြောင့်သောသဘောဖြင့် လိမ်လည်ဖော်ပြထားသော ကြော်ငြာများ၊ အလွန်အကြူး ချဲ့ကားပြောဆို ဆွဲဆောင်ထားသော ကြော်ငြာများ၊ ဆင်တူရိုးမှားအတုအပ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း များကြောင့် ဈေးကွက်အတွင်း မျှတသော ယှဉ်ပြိုင်မှုကို ထိခိုက်စေပါသည်။ ထို့ကြောင့် နေ့စဉ် လူနေမှုဘဝတွင် စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန် နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ဝယ်ယူသုံးစွဲနေကြရသည့် စားသုံးသူများအတွက်ထုတ်ကုန် ဘေးကင်းလုံခြုံမှုသည် ပထမဦးစားပေး စဉ်းစားရမည့်အချက်ဖြစ်ပါသည်။ ဈေးကွက်စီးပွားရေးစနစ်တွင် ပစ္စည်းအမျိုးအစား စုံလင်စွာ ထုတ်လုပ်ရောင်းချလာကြသော်လည်း အရည်အသွေး နှင့်ဘေးကင်းမှုလိုအပ်ချက်များ ရှိနေပါက စားသုံးသူများ၏ ကျန်းမာရေးနှင့် ငွေကြေးဓနကို တိုက်ရိုက်ထိခိုက်စေနိုင်ပါသည်။

အချို့သော စားသုံးသူများသည် မိမိတို့နေ့စဉ် ဝယ်ယူသုံးစွဲနေရသည့် ကုန်စည်၊ ဝန်ဆောင်မှု များ၏ ဘေးအန္တရာယ်ရှိမှုကို အလေးမထားဂရုမစိုက်ဘဲ ဖော်ပြထားသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ရယူသုံးစွဲ လျက်ရှိကြသဖြင့် မိမိနှင့်အတူ မိသားစု၊ ဆွေမျိုး၊အသိမိတ်ဆွေများ၏ လူမှုစီးပွားဘဝများ ကိုပါထိခိုက်ခြင်းများအပြင် ဘေးကင်း လုံခြုံမှုမရှိသောထုတ်ကုန်များကြောင့် ခန္ဓာကိုယ်မှ လိုအပ်သည့် အာဟာရဓါတ်များ ပြည့်စုံစွာမရရှိ ခြင်းကြောင့် အာဟာရဓါတ်ချို့တဲ့၍ ဖြစ်ပွားသော ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ရခြင်း၊ တားမြစ်ဆိုးဆေးများ၊ တာရှည်ခံ ဆေးများ၊ တားမြစ်ဓါတုပစ္စည်းများ၊ ပိုးသတ်ဆေးကြွင်းများ၊ အဏုဇီဝပိုးများပါဝင်သည့် ကုန်စည်များကြောင့် အဆိပ်အတောက်များကို ခန္ဓာကိုယ်တွင်းသို့ နေ့စဉ်ထည့်သွင်းနေ သကဲ့သို့ဖြစ်ကာ ကာလတစ်ခုအတွင်း ရောဂါများဖြစ်ပွားပြီး လူ့သက်တမ်း စေ့မနေရဘဲ စောလျင်စွာ အသက်ဆုံးရှုံးနိုင်ခြင်း၊ ဘဝနေထိုင်မှု အရည်အသွေးများ ကျဆင်းခြင်း၊ စိတ် ပျော်ရွှင်မှုမှ ကင်းဝေးခြင်း၊ နောက်ဆက်တွဲ နာတာရှည်ကိုယ်တွင်းအင်္ဂါများ မကောင်းမှု ကြောင့် ဆေးကုသမှုစရိတ်မြောက်မြားစွာကုန်ကျခြင်း၊ စံမမီသောအလှကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်းစသည့်ထုတ်ကုန်များကြောင့်လူ့အသက်နှင့်ခန္ဓာကိုယ်ထိခိုက်ခြင်းများကြောင့် နိုင်ငံတော်၏အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များကိုပါ ထိခိုက်စေပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့် ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အမျိုးအမည်၊ အသားတင်အလေးချိန်၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုမှု အညွှန်းစသည်တို့ကို မြန်မာဘာသာဖြင့်ဖော်ပြထားသည့်ကုန်စည်များကို ရွေးချယ်ဝယ် ယူသုံးစွဲ ကြရန်၊ကုန်စည်၏သွင်ပြင်လက္ခဏာ (မှိုတက်/မတက်၊အရောင်အဆင်း)၊ ချို့ယွင်းမှုနှင့် အပြစ်အနာ အဆာ၊ သက်တမ်းလွန်ခြင်းရှိ/မရှိ၊ပါဝင်ပစ္စည်းများမှာမိမိ၏ကျန်းမာရေး နှင့်သင့်လျော် မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်လက်မှတ် ရရှိထားခြင်းရှိ/မရှိ စသည့်အချက်များကိုသေချာ ကြည့်ရှုပြီး သတိရှိစွာဝယ်ယူကြရန်လိုအပ်ပါသည်။ ကမ္ဘာကြီးသည် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာခြင်းကြောင့် ရွာကြီးတစ်ရွာပမာ ဖြစ်လာ သည်နှင့်အညီ စားသုံးသူများသည် မိမိတို့၏ စမတ်ဖုန်းများကို အကျိုးရှိစွာ အသုံးချကာ စားသုံးသူရေးရာဦးစီးဌာန၏ Website(www.doca.gov.mm)သို့ ဝင်ရောက်၍ ကုန်စည် သတိပေးချက်တွင် ဖော်ပြထားသည့် လူသုံးကုန်၊ စားသောက်ကုန်၊ အိမ်သုံးလျှပ်စစ်နှင့် ဆောက်လုပ်ရေး၊ ကလေးအသုံးအဆောင်နှင့် ကစားစရာ၊ ပိုးသတ်ဆေး နှင့်ဓါတ်မြေဩဇာ စသည့်ကုန်စည်အုပ်စုအလိုက်ဘေးအန္တရာယ်ရှိသည့် ထုတ်ကုန်အားတွေ့ရှိသည့်နိုင်ငံ၊ အမျိုးအစား၊ အမည်၊ ထုတ်လုပ်သည့်နိုင်ငံ၊ မည်သို့ကြောင့် ဆောင်ရွက်ခဲ့သည့်ပုံစံ၊ အကြောင်းအရင်း၊ ထုတ်ပြန်သည့် နေ့ရက်၊ ထုတ်လုပ်သည့်ကုမ္ပဏီ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ အန္တရာယ်ဖြစ်စေသော အကြောင်းအရင်းများ၊ ထုတ်ပြန်သည့်နိုင်ငံ၊ တာဝန်ယူမှု/တာဝန်ခံမှုရှိသောလုပ်ငန်းရှင်များမှ ထုတ်ကုန်များဘေးကင်းလုံခြုံစွာသုံးစွဲနိုင်ရေး အတွက်လုပ်ငန်းရှင်၏ သဘောဆန္ဒအလျောက်တရားဝင်ပြန်လည် သိမ်းဆည်းခြင်းများ ဆောင်ရွက် ခဲ့မှုဖြစ်စဉ်များကို ပြည့်စုံစွာ သတင်းအချက်အလက်များ ဖြန့်ဝေထားသည့်အတွက် မှတ်သားလိုက် နာပြီး အထူးဂရုပြု ဝယ်ယူသုံးစွဲကြရန် လိုအပ်မှာဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

ဖွံ့ဖြိုးဆဲဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အင်တာနက်အခြေပြုသည့် ကျယ်ပြန့်သော အွန်လိုင်း ရောင်းဝယ်မှုများကြောင့် အရည်အသွေးနိမ့်ထုတ်ကုန်များ၊ စံချိန်မမီ အတုအပ ထုတ်ကုန်များ၊ ထင်ယောင်ထင်မှားနှင့် လွန်ကြူးစွာချဲ့ကား ဖော်ပြထားသော ကြော်ငြာများ၊ အန္တရာယ်ရှိမှုကို ကြိုတင်အသိပေးခြင်းမရှိသော ကြော်ငြာများ၊ ငွေလက်ခံပြီး ပစ္စည်းပေးပို့မှု မရှိသည့် ပြဿနာများ၊ တရားမဝင် အွန်လိုင်းဆိုင်များမှ ပစ္စည်းဝယ်ယူမိသည့် ပြဿနာများ၊ လုံခြုံရေးနှင့်ကိုယ်ရေး ကိုယ်တာပြဿနာများ စသည်တို့ကြောင့် စားသုံးသူများသည် အကာ အကွယ်မဲ့သည့် အခြေအနေများနှင့် ကြုံတွေ့နေရပါသည်။ သို့အတွက်ကြောင့် စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ မိမိဝယ်ယူမည့် Page (သို့) Website သည် www.ecomreg.gov.mm၏  Registered Business တွင်မှတ်ပုံ တင်ထားခြင်းရှိ/မရှိကို ဝင်ရောက်ကြည့်ရှုပြီး ဝယ်ယူ သုံးစွဲရန်နှင့် တရားဝင် မှတ်ပုံတင်ထားမှသာ လိမ်လည်မှုများမှ ရှောင်ရှားနိုင်မှာဖြစ်ကြောင်း၊ နစ်နာမှုရှိပါက လုပ်ငန်းရှင်ထံ ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်းနှင့် ဖြေရှင်းရာတွင် လွယ်ကူမှာ ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အဆိုပါ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ပြီး မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို တရားဝင် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီးမှ လုပ်ကိုင်ရမည် ဖြစ်ကာ တရားဝင်မှတ်ပုံတင် လက်မှတ်မရှိဘဲ ဆောင်ရွက် နေကြောင်းတွေ့ရှိပါက အရေးကြီး ကုန်စည် နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခြင်းခံ ရမည်ကိုလည်း အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာနသည် ဘေးကင်းမှုမရှိသောကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူ၏ငွေကြေးပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတို့ နစ်နာဆုံးရှုံးသည့်အခါ အချိန်တို အတွင်း ကုစားဖြေရှင်းပေးနိုင်ရေးအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)များကို ပြည်ထောင်စုနယ်မြေ၊ တိုင်း/ပြည်နယ်နှင့်ခရိုင် များတွင် ဖွင့်လှစ်ထားရှိပြီး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါစင်တာများသို့ လူကိုယ် တိုင်၊စာဖြင့်၊ ဖုန်းဖြင့်လည်းကောင်း၊ www.doca.gov.mm ၏ Website Complaint System မှတစ်ဆင့် လည်းကောင်း၊ DOCA Myanmar Application ဖြင့်လည်းကောင်း၊ Consumer Call Center (1535)သို့လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တဆင့်လည်းကောင်း၊ သက်သေခံအထောက်အထား၊ စာရွက်စာတမ်းများနှင့်အတူ တိုင်ကြား နိုင်ပြီးကုစားမှုများဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ နစ်နာဆုံးရှုံးမှုဖြစ်စဉ်၏ အတိမ် အနက်ကိုလိုက်၍ နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိအောင် စေ့စပ်ညှိနှိုင်းမှုများ၊ စီမံခန့်ခွဲရေးနည်း လမ်းများ၊ ပြစ်မှု/ ပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ အရေးဆိုမှုများကြောင့် ကုန်စည် ၊ဝန်ဆောင်မှုများ၏ဘေးကင်းလုံခြုံမှုမရှိသည့်အခြေအနေများကိုသိရှိရန် စမ်းသပ်ဖော်ထုတ် စစ်ဆေး မှုများပြုလုပ်ပြီး ထိခိုက်နိုင်မှုအခြေအနေပေါ်မူတည်၍ လုပ်ငန်းရှင်များမှ မိမိ၏ ထုတ်ကုန် အမှတ်တံဆိပ် မထိခိုက်စေရေးအတွက် တရားဝင်ပြန်လည် သိမ်းဆည်းခြင်း လုပ်ငန်းများကို တာဝန် ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက် မှုများသည် ဈေးကွက် အတွင်း ဘေးကင်းလုံ ခြုံမှုရှိသော ထုတ်ကုန်များ ဖြစ်စေရန်လိုအပ် ကြောင်း မီးမောင်းထိုးပြ သကဲ့သို့ဖြစ်ကာ နိုင်ငံတော်နှင့် သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် အောင်မြင်သော တိုင်ကြား ဖြေရှင်းမှုများမှ အကောင်းဆုံး ရလဒ်များအား စံနမူနာ ရယူ၍ အလားတူဖြစ်စဉ်များ မပေါ်ပေါက် စေရေးအတွက် တင်းကျပ် သောစံနှုန်းများ၊ အစီအမံများအားချမှတ်ရာတွင် အထောက်အကူပြုနိုင်ပြီး အများ ပြည်သူသိရှိစေရန် အသိပညာပေးဖြန့်ဝေသည့်ကမ်ပိန်းများ၊ ဟောပြောပွဲများတွင် ထည့်သွင်း ပြောကြားခြင်းဖြင့် စားသုံးသူများမှ ရရှိမည့်အခွင့်အရေးဆိုင်ရာ စွမ်းဆောင်နိုင်မှုမြင့်မားခြင်း အကျိုးရလဒ်အား ပြယုဂ်တစ်ခုအဖြစ်ထင်ဟပ်စေမည်ဖြစ်ပါသည်။

နိုင်ငံတော်သည် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်လျက်ရှိရာ တရားမဝင်ကုန် ပစ္စည်းများကြောင့်မှောင်ခိုရောင်းဝယ်မှု၊အရည်အသွေးပြည့်မီမှုမရှိသည့် တုပသွင်းကုန်ပစ္စည်းများမှ တစ်ဆင့်ပြည်တွင်း စားသုံးသူများဘဝ ထိခိုက်နစ်နာစေခြင်းနှင့် ယုံကြည်စိတ်ချမှု ပျက်ပြားစေ ခြင်းအပြင် ကုန်ဈေးနှုန်း ကမောက်ကမ ဖြစ်စေခြင်းနှင့် နိုင်ငံအတွင်း အားယူဆဲဖြစ်သော MSMEs လုပ်ငန်းများ၏ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း လျော့ကျ စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးစေခြင်း၊ ကုန်ထုတ်စွမ်းအားနှင့် ပို့ကုန်လျော့ကျ ခြင်း စသည့်ပြဿနာများကို ဖြစ်စေသည့် အတွက် အစိုးရအနေဖြင့် တရားမဝင် ကုန်သွယ်မှု နှင့်စပ်လျဉ်း၍ မသမာမှုနည်းလမ်းပေါင်းစုံတို့ကို ဖော်ထုတ်အရေးယူတိုက်ဖျက်နိုင်မှသာ စီးပွားရေးတိုးတက်မှု၏အဟန့်အတားဖြစ်စေမှုကို လည်းပ ပျောက်သွားစေပြီး ထုတ်ကုန်များ ဘေးကင်းလုံခြုံမှု ရှိလာစေမှာဖြစ်ပါသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာ ဦးစီးဌာနတွင် စားသုံးသူ ကာကွယ်ရေးဥပဒေဖြင့် တစ်ဦးချင်းရောင်းဝယ်မှုအဆင့်တွင် စားသုံးသူအကျိုး စီးပွားကိုကာကွယ် ပေးခြင်း၊ ကုန်သွယ်ရေးဦးစီးဌာနတွင်ပို့ကုန်သွင်းကုန်ဥပဒေဖြင့် ကန့်သတ် တားမြစ်ပိတ်ပင်ထား သော၊ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများအား ဥပဒေပါ တားမြစ်ချက်များ လိုက်နာမှသာ တင်ပို့/ တင်သွင်းခြင်းပြုလုပ်ရန် ထိန်းချုပ် ပေးခြင်း၊ မူပိုင်ခွင့်ဦးစီးဌာနတွင် မူပိုင်ခွင့် ဥပဒေများဖြင့် လုပ်ငန်းရှင်/ပိုင်ရှင်၏ အခွင့်အရေး နှင့်လူမှုအကျိုးစီးပွားတို့အကြားမျှတစေရန် ဆောင်ရွက်ပေးခြင်း၊ ယှဉ်ပြိုင်မှုဥပဒေဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုကို ထိခိုက်စေနိုင်သည့် ယှဉ်ပြိုင်မှုကို ကန့်သတ်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဈေးကွက် လက်ဝါးကြီးအုပ်မှုများကို တားဆီးထိန်းညှိပေးခြင်း စသည်ဖြင့် နိုင်ငံ့စီးပွားတိုးတက်ရန် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များဖြင့် အဘက်ဘက်မှ ထိန်းကျောင်းကာ ဆောင်ရွက် လျက်ရှိပါသည်။ ထို့ကြောင့် စီးပွား/ကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနအသီးသီး၏ ဝန်ထမ်း အဆက်ဆက်မှ အစဉ်တစိုက် ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဘဝမှတ်တိုင်စိုက် ထူခဲ့မှုများအဖြစ် ပစ္စုပ္ပန်တွင်သာမက နောင်အနာဂတ်မျိုးဆက်များထံ ဘဝ ဖြစ်တည်မှုပန်းတိုင်များ ခိုင်မာလာစေရန်အတွက် နေရောင်ခြည်ရှိမှ ပန်းကလေးများ ဖူးပွင့် ဝေဆာသလို စားသုံးဌာန၏ နေရောင်ခြည်အလင်းဖြင့် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များ၏ ပြုစုပျိုးထောင်မှုများ နှင့်အတူ စားသုံးသူဘဝ ပန်းကလေးပမာ ယုံကြည်စိတ်ချစွာဖြင့် ပွင့်လန်းလာစေဖို့ ဘေးကင်း လုံခြုံသောထုတ်ကုန်များကို သုံးစွဲနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်ရင်း ရေးသားတင်ပြအပ်ပါသည်။      

 DOCA(ပဲခူး)