
မြန်မာနိုင်ငံအနေဖြင့် လယ်ယာကဏ္ဍကို အခြေပြု၍ တိုးတက်ဖွံ့ဖြိုးမှုနည်းလမ်းများကို အထူးဦးစားပေးဖော်ဆောင်နေသည့်ကာလဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍကိုသာမက သဘာဝအရင်းအမြစ်ဖြစ်သည့် ဝါး၊ ကြိမ် စသည့် သစ်တောထွက်ထုတ်ကုန်များအနက် ကမ္ဘာ့ဝယ်လို အားကောင်းပြီး အမြင့်ဈေးရှိသည့်အပြင် ဝါး၏ဘက်စုံအသုံးပြုနိုင်မှု၊ အမြန်ဆုံးပြန်လည် ဖြည့်စွမ်းနိုင်မှု၊ အစိမ်းရောင်တိုးတက်မှုနှင့် ဂေဟစနစ် မိတ်ဖက်ဆိုင်ရာ အကျိုးကျေးဇူး များကြောင့်လည်း အလေးထားလုပ်ဆောင်သင့်သည့် လယ်ယာကုန်စည်တစ်ခုဖြစ်သည်။ ထို့ပြင် ဝါးအသုံးပြုမှုမှာ အစဉ်အလာအသုံးပြုမှုပုံစံမှ ခေတ်သစ်အင်ဂျင်နီယာ နည်းစနစ်သစ်များ ကြောင့် အနာဂတ်အတွက် အလားအလာများစွာရှိသည့် လယ်ယာကုန်စည်ဖြစ်လာပါသည်။ မြန်မာနိုင်ငံ အနေဖြင့် များပြားစွာတည်ရှိနေသော သဘာဝအရင်းအမြစ်များကို ပိုမိုဖော်ထုတ်အသုံးချခြင်း အားဖြင့် တန်ဖိုးရှိသည့် စီးပွားရေးကုန်စည်များ ပိုမိုထွက်ပေါ်လာမည်ဖြစ်သောကြောင့် လွန်စွာ အကျိုးများမည်ဖြစ်ပါသည်။ ထို့အတွက် ဝါးအခြေပြုထုတ်ကုန်များနှင့် ပတ်သက်၍ ကမ္ဘာ့အခြေ အနေများကို သုံးသပ်ဖော်ပြပြီး များပြားစွာရှိနေသည့် မြန်မာ့ဝါးကုန်ကြမ်းများမှ တန်ဖိုးမြင့် ထုတ်ကုန်များကို ပိုမိုထုတ်လုပ်လာနိုင်ရေးနှင့် ကမ္ဘာ့ဈေးကွက် ပိုမိုထိုးဖောက်နိုင်ရေးကို ဇောင်းပေး ဖော်ပြမည်ဖြစ်ပါသည်။
ကမ္ဘာ့ဝါးပင်များ နိုင်ငံအလိုက် ပိုင်ဆိုင်မှုနှင့်ထုတ်လုပ်မှု
ကမ္ဘာပေါ်တွင် ဝါးတောများ၏ဧရိယာမှာ ဟက်တာ ၃၂ မှ ၃၅ သန်း ဧကအားဖြင့် ၇၉ မှ ၈၆ သန်းရှိကြောင်း ခန့်မှန်းထားပါသည်။ ဝါးပင်များကို နိုင်ငံတိုင်းနီးပါးတွင် တွေ့ရသော်လည်း သဘာဝရေမြေအခြေအနေနှင့် ရာသီဥတုအရ အာရှ-ပစိဖိတ်ဒေသကြီးသည် ဝါးပင်အများဆုံး ပေါက်ရောက်သည့်ဒေသဖြစ်ပါသည်။ အကြမ်းဖျင်းအားဖြင့် ကမ္ဘာ့ဝါးတောများ၏ ၆၀ ရာခိုင်နှုန်း ကျော်ရှိသည့်အပြင် နိုင်ငံအလိုက် ပိုင်ဆိုင်မှုတွင်လည်း အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်တွင် ဝါးတော ဧရိယာဟက်တာ ၁၃ ဒသမ ၉ သန်းဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံက ဟက်တာ ၆ ဒသမ ၅ မှ ၇ ဒသမ ၀ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ပါသည်။
တတိယအများဆုံးမှာ မြန်မာနိုင်ငံဖြစ်ကာ ဧရိယာအားဖြင့် ဟက်တာ ၂ ဒသမ ၀ မှ ၃ ဒသမ ၀ သန်းခန့်ရှိနိုင်ကြောင်း FAO က ခန့်မှန်းဖော်ပြပါသည်။ စတုတ္ထအများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ပဉ္စမအများဆုံးမှာ ဘရာဇီးနိုင်ငံဖြစ်ပါသည်။ ကျန်ဒေသကြီးများအနက် တောင်အမေရိက၊ မြောက်အမေရိက၊ ဥရောပတို့ အစဉ်လိုက်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့တွင် ဝါးတောများနည်းပါးကာ ဝါးအခြေပြုထုတ်ကုန်များ သုံးစွဲမှုနည်းပါးပါသည်။ ဝါးသယံဇာတ အရင်းအမြစ်ပိုင်ဆိုင်မှုတွင် အိန္ဒိယနိုင်ငံက အများဆုံးဖြစ်သော်လည်း ဝါးအခြေပြု ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနှင့် အသုံးပြုမှုတွင်မူ တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။ ဆိုလို သည်မှာ အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာပေါ် တွင် ဝါးအရင်းအမြစ် အများဆုံးဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ မြန်မာ စသည်တို့ဖြစ်သော်လည်း ဝါး အခြေပြုထုတ်လုပ်မှုတွင်မူ တရုတ်နိုင်ငံက သိသိသာသာ လွှမ်းမိုးထားပါသည်။ ၂၀၂၅ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသကြီး၏ ဝါးထုတ်ကုန်တန်ဖိုး စုစုပေါင်း၏ ထက်ဝက်ကျော် ၅၂ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ဒေါ်လာ ၂၇ ဒသမ ၆၄ ဘီလီယံခန့် ရရှိနေပြီး အိန္ဒိယနိုင်ငံကမူ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၁ ဒသမ ၆၉ ဘီလီယံခန့်သာရှိပါသည်။
ဝါးပင်အခြေပြုထုတ်ကုန်များ
ဝါးပင်များသည် သစ်ပင်များနည်းတူ ဂေဟစနစ် မိတ်ဖက်ဖြစ်၍ အကျိုးပြုမှုများစွာ ပေးစွမ်းနိုင်ပြီး မြေပြိုမှုများ၊ သဘာဝမြေဆီလွှာထိန်းပေးခြင်း၊ ရေစီးဆင်းမှု လွယ်ကူစေခြင်း၊ ကာဗွန် ဓာတ်စုပ်ယူပေးခြင်း စသည့်အကျိုးများရရှိစေပါသည်။ ထို့အတူ ဝါးပင်စဖြစ်ခါစမှ ဝါးပင်ဖြစ်သည် အထိ ဝါးတစ်ပင်လုံးမှာ ထုတ်ကုန်အမျိုးမျိုးကို ထုတ်လုပ်ပေးပြီး စားသုံးကုန်စည်၊ အိမ်သုံးနှင့် လူသုံးကုန်စည်၊ ဆောက်လုပ်ရေးကုန်စည်၊ စက်မှုကုန်စည် စသဖြင့် အမျိုးမျိုးသော ထုတ်ကုန်များ ပေးစွမ်းနိုင်သည့်အတွက် အပင်များအနက် ထုတ်ကုန်အမည်အရာ အများဆုံးပေးပါသည်။ မျှစ်အနု များကို စားသောက်ကုန်အဖြစ် လည်းကောင်း၊ ဝါးများကို ခွဲခြမ်းစိတ်ဖြာ၍ လက်မှု နည်းပညာဖြင့် မီးဖိုချောင်သုံးနှင့် အိမ်သုံးပစ္စည်း အမျိုးမျိုး၊ ဖျာ၊ တောင်း၊ ဆန်ကော၊ ဆန်ခါအမျိုးမျိုး၊ ဆောက်လုပ်ရေးပစ္စည်းအဖြစ် လည်းကောင်း၊ ဝါးတိုင်၊ ဝါးကပ်၊ ပရိဘောဂအမျိုးမျိုး၊ ဝါးကိုကြိတ်၍ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ အဝတ်အထည်များ စသည်ဖြင့် ဝါးအခြေပြုစက်မှုထုတ်ကုန်အဖြစ် လည်းကောင်း အထူးအသုံးဝင်ပါသည်။
အထူးသဖြင့် ကျေးလက်နေပြည်သူလူထု အများစုမှာ ဝါးဖြင့်သာ အိမ်များကိုဆောက်လုပ် လေ့ရှိသဖြင့် အရေးပါပါသည်။ ယခုနောက်ပိုင်း နည်းပညာများတိုးတက်လာမှုကြောင့် သစ်ကို အစားထိုးနိုင်သည့်အဆင့် ရောက်ရှိလာပြီဖြစ်ပါသည်။ ထို့ပြင် သစ်ရှားပါးလာမှုနှင့် ပြန်လည် စိုက်ပျိုးရန် ဝါးထက်အချိန်ကြာမြင့်သည့်အတွက် ဝါးကိုစိုက်ပျိုးသည့် အလေ့အထ ထွန်းကားလာ နေပြီ ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မူလဝါးအမျိုးပေါင်း ၁၆၀၀ မှ ၁၇၀၀ ကျော်ရှိပြီး နောက်ပိုင်းတွင် ဘက်စုံအရည် အသွေးအမြင့်ဆုံး (အရည်အသွေး၊ ခိုင်ခံ့မှု၊ အထူ အပါး၊ ကြီးထွားမြန်မှု) စသည်တို့ ပေးနိုင်သည့် မျိုးသစ်များ သုတေသနများမှ ထွက်ပေါ်လာနေပြီ ဖြစ်ပါသည်။ စိတ်ဝင်စားဖို့ ကောင်းသည့်အချက်မှာ အဆိုပါမျိုးသစ်များကို အေးသောနိုင်ငံများထက် ပူသောနိုင်ငံများတွင် ပိုမိုဖြစ်ထွန်းနိုင်သည်ဆိုသည့် အချက်ဖြစ်ပါသည်။ ထို့အတွက် လာမည့်ကာလများတွင် သစ်ကို ကောင်းစွာအစားထိုးနိုင်မည်ဟု မျှော်လင့်ကြပါသည်။ ထို့ပြင် သစ်ရှားပါးလာမှုကြောင့် ဝါးများကို လောင်စာတောင့်အဖြစ်လည်း ဥရောပနိုင်ငံများတွင် ပိုမိုသုံးလာပြီဖြစ်ပါသည်။ ဆိုလိုသည်မှာ ဝါးပင်မှ ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်နိုင်မှုကြောင့်လည်း သစ်တောထွက်ပစ္စည်းများအနက် အသုံးဝင်ဆုံးဟု သတ်မှတ်လာကြပါ သည်။
ကမ္ဘာ့ဝါးအခြေပြုထုတ်ကုန်များ၏ ဈေးကွက်အခြေအနေနှင့်ကုန်သွယ်မှု
၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ဝါးအခြေပြုထုတ်ကုန်များ၏ ဈေးကွက်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၇၀ ဒသမ ၁ ဘီလီယံရှိပြီး ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၇၃ ဒသမ ၄ ဘီလီယံရှိပါသည်။ လာမည့် ၂၀၃၃ ခုနှစ်တွင် ဒေါ်လာ ၁၀၂ ဘီလီယံခန့်ရှိလာမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ် တိုးတက်မှုနှုန်း (CAGR- Compound Annual Growth Rate - ၄.၈ %) ရှိမည်ဖြစ်၍ မြင့်သည့်တိုးတက်မှုနှုန်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသကြီး၏ ဝါးအခြေပြု ထုတ်ကုန်များ၏ ဈေးကွက်တန်ဖိုးသည် ရှယ်ယာအားဖြင့် အများဆုံး ၇၈ ဒသမ ၈ ရာခိုင်နှုန်း ခန့်ရှိပါသည်။ ဝါးအခြေပြုထုတ်ကုန်များသည် ကြာရှည်အသုံးပြုနိုင်ခြင်း၊ ဂေဟစနစ်မိတ်ဖက် ထုတ်ကုန်များဖြစ်ခြင်း၊ အပင်များအကြီးမြန်ခြင်း၊ စဉ်ဆက်မပြတ်ရရှိနိုင်ခြင်း စသည့်အချက် များကြောင့် အသုံးပြုသူများ၏ ကြိုက်နှစ်သက်မှုတိုးမြှင့် လာမှုနှင့်အတူ ဝါးအခြေပြုထုတ်ကုန်များ ဈေးကွက်တွင်လည်း အစဉ်အလာတင်ပို့နေကျ တန်ဖိုးနိမ့်ဝါး ထုတ်ကုန်များမှစက်မှုနှင့် တန်ဖိုးမြင့် ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်လာသည့်ပုံစံသို့ ပြောင်းလဲလာနေပြီဖြစ်ပါသည်။
အမှန်တကယ်မူ မြန်မာနိုင်ငံအနေဖြင့် သဘာဝကပေးထားသည့် ပေါများသောအရင်း အမြစ်များ ဖြစ်သော ဝါးပင်များကို စားသုံးကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးကုန်စည်၊ စက်မှုကုန်စည် စသည်ဖြင့် ပြောင်းလဲထုတ်လုပ်နိုင်စွမ်း ပိုမိုတိုးတက်လာစေရန် လုပ်ဆောင်ရတော့ မည်ဖြစ်ပါသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့ဈေးကွက်တွင် ဝါးအခြေပြု ထုတ်ကုန်များ၏ ဝယ်လို အားနှင့် ကြိုက်နှစ်သက်မှု တိုးလာမှုကြောင့် အနာဂတ်ကာလ တိုးတက်မှု အလားအလာ ကောင်းများစွာရှိသည့် ကုန်စည်များလည်းဖြစ်ပါသည်။ ယခုအခါ ဝါးကုန်ကြမ်း စဉ်ဆက် မပြတ်ရရှိနိုင်ရန် စိန်ခေါ်မှုများရှိသော်လည်း ခေတ်သစ်အင်ဂျင်နီယာ နည်းစနစ်များကြောင့် ဝါးအခြေပြုထုတ်ကုန်များ ယခင်ကထက် ပိုမိုများလာတော့မည်ဖြစ်ပါသည်။ မိမိတို့ လုပ်ဆောင်သင့် သည်မှာ လက်ရှိဝါးအခြေပြုထုတ်လုပ်နေသည့် ကုန်စည်များ၏ အရည်အသွေး၊ ဒီဇိုင်း၊ ဈေးနှုန်းများ ယှဉ်ပြိုင်နိုင်သည့် အဆင့်ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပါသည်။ ပြည်တွင်း လိုအပ်ချက်ကြီးမားပြီး အဓိကအားနည်းနေသည့် ဝါးအခြေပြု စက္ကူနှင့် ပျော့ဖတ်၊ အဝတ်အထည်၊ တန်ဖိုးမြင့်သစ်အစားထိုး ကုန်စည်များဆိုင်ရာ စက်မှုလုပ်ငန်းများ ပိုမို ထွန်းကားလာရေးကိုလည်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်သည့်ပုံစံ (PPP) ဖြင့် အကောင် အထည်ဖော်သင့်ပါသည်။ မိမိတို့နိုင်ငံ၌ ဝါးပင်နှင့်ပတ်သက်၍ ကမ္ဘာတွင် တတိယအများဆုံး ပေါကြွယ်ဝသည်ဖြစ်သော် လည်း ဝါးနှင့်ပတ်သက်၍ ထုတ်ကုန်အများစုကို ပြည်တွင်းဈေးကွက်တွင်သာ အသုံးပြုလျက်ရှိပြီး ရိုးရာ အစဉ်အလာထုတ်ကုန်များသာဖြစ်၍ တန်ဖိုး အားဖြင့် များစွာမရှိသေးပါ။
အထူးသဖြင့် ထပ်ဆင့်တန်ဖိုးမြင့်သည့် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်မှု အားနည်းနေ သေးသည့် အတွက် ဝါးအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များကို ပြည်ပမှတင်သွင်းနေရဆဲဖြစ်ပါသည်။ မြင်သာသည့် အချက်မှာ ဝါးအခြေခံစက်မှုကုန်စည်ဖြစ်သည့် စက္ကူနှင့် ပျော့ဖတ်သွင်းကုန် ဒေါ်လာသန်း ရာဂဏန်း တင်သွင်းနေဆဲဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် စာရင်းများအရ အဆိုပါသွင်းကုန် တန်ဖိုးဒေါ်လာ သန်း ၁၈၀ ကျော်ခန့်ရှိပြီး ယခုအထိလည်း ပြည်တွင်းလိုအပ်ချက်ကို တင်သွင်းနေရဆဲ ဖြစ်ပါသည်။ ဆိုလိုသည်မှာ သဘာဝအရင်းအမြစ် မည်မျှပင် ကြွယ်ဝပါစေ၊ အဆိုပါအရင်း အမြစ်များအား တန်ဖိုးရှိသည့် စီးပွားရေးကုန်စည်အဖြစ်သို့ မပြောင်းလဲနိုင်လျှင် တန်ဖိုးမဲ့ကုန်စည် များသာဖြစ် နေဦးမည်ဖြစ်ပါသည်။ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာ မည်ဆိုလျှင် ဝါးနှင့်ပတ် သက်၍ ကမ္ဘာ့ဈေးကွက်တွင် လွန်ခဲ့သည့် လေး၊ ငါးနှစ်အတွင်း သိသိသာသာ တိုးတက်လာ သည့်နိုင်ငံမှာ ဗီယက်နမ်ဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း ပုံမှန်တိုးတက်မှုကိုဖော်ဆောင် နိုင်သည့်နိုင်ငံ ဖြစ်ပါသည်။ အထူးသဖြင့် ဗီယက်နမ် အနေဖြင့် ဝါး၊ ကြိမ် အခြေခံတန်ဖိုးမြင့် လက်မှု ထုတ်ကုန် များနှင့် ပရိဘောဂများကို အမေရိကန် နိုင်ငံ၊ ဥရောပနိုင်ငံများနှင့် ဂျပန်နိုင်ငံတို့သို့ ဈေးနှုန်း အမြင့်ဖြင့် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် မျှစ်ကို အခြေပြု တန်ဖိုးမြင့်စားသောက်ကုန်များ တင်ပို့မှု အများဆုံးဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ စက္ကူနှင့် ပျော့ဖတ် ကုန်စည်များသည် ပြည်တွင်းလို အပ်ချက်ဖြစ်သောကြောင့် မိမိက မထုတ်လုပ်နိုင်လျှင် တင်သွင်းရမည်သာ ဖြစ်ပါသည်။ ယေဘုယျ ကျကျ စဉ်းစားလျှင် အဆိုပါ တင်သွင်းရသည့်ပမာဏ၏ တစ်စိတ် တစ်ဒေသကိုသာ ပြည်တွင်း၌ ရင်းနှီးထုတ်လုပ်မည်ဆိုလျှင် တင်သွင်းနေရသည့် နိုင်ငံ့ငွေပမာဏကို လျှော့ချနိုင်မည့်အပြင် အလုပ်အကိုင်နှင့် ကွင်းဆက် အကျိုးများပြီး ဈေးကွက်မှာလည်း သေချာပြီးသား ဖြစ်၍ ပူစရာမလိုပါ။
အရေးကြီးသည်မှာ ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင် ပေးမှသာ ဖြစ်နိုင်ပါသည်။ စက္ကူနှင့် ပျော့ဖတ်သွင်းကုန် အစားထိုးစက်မှုလုပ်ငန်းသာမက ကမ္ဘာ့ ဈေးကွက်တွင် ဝါးအခြေခံတန်ဖိုးမြင့်ကုန်စည်များဖြစ်သည့် ပရိဘောဂများ၊ အဆင့်မြင့်ဝါး၊ ကြိမ် စက်မှုပစ္စည်းများ၊ ဝါးပါကေးနှင့် သစ်အစားထိုး ဝါးအခြေခံကုန်စည်များ၊ ဝါးလောင်စာတောင့်များ စသဖြင့် ကမ္ဘာ့ဈေးကွက်တွင် တန်ဖိုးမြင့်သည့် ထုတ်ကုန်များ ဦးစားပေး ထုတ်လုပ်တင်ပို့ရမည့် အချိန်ဖြစ်ပါသည်။ ပေါများသည့် သဘာဝအရင်းအမြစ် ဝါးအခြေခံ ထုတ်ကုန်များ ကမ္ဘာ့ ဈေးကွက်တွင် ပိုမိုအသုံးပြု လာမှုကြောင့်လည်း အထူးဇုန်များ ဖော်ဆောင်ပြီး နိုင်ငံတော်က အားပေးမြှင့်တင်မှုများ ပိုမိုလုပ်ဆောင် မည်ဆိုလျှင် လျင်မြန်စွာ တိုးတက်လာနိုင်သည့် လုပ်ငန်းဖြစ်၍ ပြည်သူများနှင့် နိုင်ငံ၏အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ဝါးအခြေပြု ထုတ်ကုန် များ၏ ကုန်သွယ်မှုအခြေအနေကိုကြည့်လျှင် ပြီးခဲ့သည့်နှစ်များတွင် အများဆုံး တင်ပို့သူမှာ တရုတ် နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဗီယက်နမ်၊ အိန္ဒိယ၊ နယ်သာလန်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်။ တင်သွင်းသူများတွင် အမေရိကန်ုနိုင်ငံက အများဆုံးဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ ဒေါ်လာသန်း ၁၃၀ ကျော်ဝယ်ယူလေ့ရှိရာ စုစုပေါင်း သွင်းကုန်တန်ဖိုး၏ ၂၃ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယင်း၏ နောက်တွင် ကနေဒါ၊ ဗြိတိန်၊ အီတလီ၊ တောင်ကိုရီးယား စသည်တို့ဖြစ်ပါသည်။
ဝါးထုတ်ကုန်များအနက် ကမ္ဘာ့ဈေးကွက်တွင် အဝယ်အများဆုံးမှာ ဆောက်လုပ်ရေး သုံးပစ္စည်းများက အများဆုံးဖြစ်ပြီး ယင်းနောက်တွင် ပရိဘောဂများနှင့် ကြမ်းခင်းဝါးထုတ်ကုန်များ၏ ဝယ်လိုအား တိုးတက်မှုမှာလည်း နှစ်စဉ် ၆ ဒသမ ၁ ရာခိုင်နှုန်းဖြစ်၍ တိုးတက်မှုနှုန်း အများဆုံးဖြစ်ပါသည်။ ဈေးကွက်ကြီးများအနက် အမေရိကန်နိုင်ငံ ပါဝင်သည့် မြောက်အမေရိ ကဈေးကွက်၏ တိုးတက်မှု အလားအလာကောင်းများရှိနေဆဲဖြစ်ပြီး အမေရိကန် နိုင်ငံအနေဖြင့် ဈေးကွက်တွင်လည်း အဓိက ဈေးကွက်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။ ဥရောပဈေး ကွက်တိုးတက်မှုနှုန်းမှာ (CAGR ၅ ဒသမ ၂ ရာခိုင်နှုန်း) ဖြစ်၍ မြင့်သည့်တိုးတက်မှု နှုန်းပင် ဖြစ်ပါသည်။ တောင်အမေရိကဈေးကွက် တိုးတက်မှုနှုန်း ၂ ဒသမ ၉ ရာခိုင်နှုန်းဖြစ်၍ တိုးတက် မှုနှေးကွေးနေသေးပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကဈေးကွက်များအနေဖြင့် ဝါးအခြေပြု ထုတ်ကုန်များကို ပြည်ပမှသာ တင်သွင်းအသုံးပြုနေရသောကြောင့် လာမည့်နှစ်များတွင်လည်း သစ်အစားထိုးကုန်စည်များ ပိုမိုတင်သွင်းအသုံးပြု လာနိုင်ကြောင်း တွက်ချက်ဖော်ပြ ကြပါသည်။ ကမ္ဘာ့ဝါးထုတ်ကုန်များ၏ အသုံးဝင်မှု၊ အသုံးပြုမှုပုံစံ ပိုမိုများလာသည့်အပြင် ဝါးထုတ် ကုန်များကို ယခင်အစဉ်အလာ တန်ဖိုးမြင့်ထုတ်ကုန်များမှ ယခုအခါ အရည်အသွေးမြင့် တန်ဖိုးမြင့် စက်မှုအင်ဂျင်နီယာ နည်းလမ်းသစ်များကြောင့်လည်း ဝါးထုတ်ကုန်များ ယခင်ကထက်အသုံးပြုမှု ပိုမို ကျယ်ပြန့်လာမည်ဖြစ်သလို တန်ဖိုးပါ သိသာစွာ မြင့်တက်လာမည်ဖြစ်ပါသည်။
မြန်မာ့ဝါးထုတ်ကုန်ထုတ်လုပ်မှုနှင့်အလားအလာ
မြန်မာနိုင်ငံ၌ ဝါးတောများကို နိုင်ငံအနှံ့တွေ့ရကာ ပဲခူးရိုးမ၊ တနင်္သာရီ၊ ရခိုင်ဒေသတို့တွင် အများဆုံး တွေ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မွန်နှင့် ကရင် ပြည်နယ်တို့တွင်လည်း တွေ့ရကာ ဝါးအမျိုးပေါင်း ၁၀၀ ကျော်ရှိပါသည်။ များသောအားဖြင့် သဘာဝ အရပေါက်သည့် ဝါးပင်တောများဖြစ်ပြီး နောက်ပိုင်းတွင်မူ ဝါးစိုက်ခင်းများ ကို စနစ်တကျ စိုက်ပျိုးလာမှုများ တွေ့ရပါသည်။ အထူးသဖြင့် အကြီးမြန်သောဝါးမျိုးများကို ရွေးချယ် စိုက်ပျိုးမှုများ ရှိလာပြီဖြစ်ပါသည်။ လက်တွေ့တွင်မူ ဝါးအခြေပြုထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်း၌သာ အများဆုံးအသုံးပြုကာ ပြည်ပတင်ပို့မှုကိုမူ အနည်းငယ်သာ လုပ်ဆောင်နိုင်သေးပါသည်။ ဆိုလို သည်မှာ ဝါးထုတ်ကုန်များနှင့်ပတ်သက်၍ ရှိသည့်အရင်းအမြစ်များနှင့် နှိုင်းယှဉ်လျှင်များစွာ နိမ့်ကျနေသေးကာ ဝါးထုတ်ကုန်ပို့ကုန်များအနေဖြင့် ဝါးလက်မှုပစ္စည်းများ၊ ဝါးအလုံးလိုက်၊ ဝါးဖျာ၊ ဝါးလောင်စာတောင့်နှင့် စားသောက်ကုန်အဖြစ် မျှစ်အစိုနှင့် အခြောက်တင်ပို့မှုသာ လုပ်နိုင်သေးပြီး တန်ဖိုးအားဖြင့် နိမ့်ကျပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန်အားဖြင့် ၂၆၅၀ ခန့် ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၇ သန်းသာရှိသည့်အတွက် များစွာ နည်းပါးပါသည်။ အဓိကတင်ပို့သည့် ဈေးကွက်မှာ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဂျပန်၊ ထိုင်း၊ ဥရောပနိုင်ငံများ၊ ရုရှား စသည်တို့ကို တင်ပို့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဝါးအခြေပြုထုတ်ကုန် အမျိုးမျိုးကိုထုတ်လုပ်နိုင်သော်လည်း အများစု မှာ သမားရိုးကျ နည်းပညာဖြင့် ထုတ်လုပ်၍ ပြည်တွင်းတွင်သာ အဓိကသုံးစွဲနေပြီး ဝါးအခြေပြု ထုတ်ကုန်များစွာ နည်းပါးပါသည်။ ထို့ပြင် ဝါးကိုအခြေပြုသည့် စက်မှုထုတ်ကုန်ဖြစ်သော စက္ကူနှင့် ပျော့ဖတ်ထုတ်လုပ်မှု အားနည်းနေသေးပြီး အများစုကို တန်ဖိုးကြီးစွာ ပြည်ပမှတင်သွင်းနေရဆဲ ဖြစ်ပါသည်။ အနာဂတ် ကမ္ဘာ့ဈေးကွက်အလားအလာမှာလည်း တန်ဖိုးမြင့် ဝါးအခြေပြု စက်မှုထုတ်ကုန်များ ပိုမိုထွန်းကား လာတော့မည်ဖြစ်၍ မြန်မာအနေဖြင့် လက်ရှိမိရိုးဖလာ ထုတ်လုပ်မှုပုံစံမှ ကမ္ဘာ့ ဈေးကွက်မှ တောင်းဆိုသည့် တန်ဖိုးမြင့်ထုတ်ကုန်များပြောင်းလဲနိုင်ရန် အထူးကြိုးစားသင့်သည့်အချိန် ဖြစ်ရာ ကျယ်ပြန့်သည့်လုပ်ငန်းဖြစ်သည့်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP)ဖြင့် လုပ်ဆောင်သင့်ပါသည်။ ပေါများသည့်ဝါးပင်များ အခြေပြု ထုတ်ကုန်များ သိသိသာသာ တိုးတက် လာစေရေးအတွက် နိုင်ငံတော်က တွန်းအားများ၊ ဆွဲဆောင်မှုများ၊ မက်လုံးများပါဝင်သည့် စီမံချက်များ ချမှတ်ဆောင်ရွက်လျှင် အချိန်တိုအတွင်း သိသာသော တိုးတက်မှုများ ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)
