
မြန်မာနိုင်ငံ၌ ပြည်တွင်းဆီစားသုံးရန် ဆီထွက်သီးနှံများမှာ နေကြာ ၊ မြေပဲ ၊ နှမ်း ၊ ပန်းနှမ်း ၊ ပဲပုပ် ၊ ဆီအုန်း၊ ဝါစေ့၊ ကြက်ဆူစေ့တို့ဖြစ်သည်။ နေကြာမျိုးစိတ်ပေါင်း ၇၀ ကျော်ရှိပြီး မူရင်းဒေသမှာ မြောက်အမေရိကတိုက်ဖြစ်ကြောင်းသိရသည်။ နေကြာပင်သည် ညစ်ညမ်းသောမြေများ (Contaminated Soil) မှ သိပ်သည်းဆများသည့် သတ္တုဓာတ် (Heavy Metals) များကို စုပ်ယူပြောင်းလဲပေးနိုင် သော အရည်အသွေးရှိသည်။ အမြစ်ဝန်းကျင်တစ်ဝိုက်ရှိ မြေဆီလွှာသန့်စင်စေပြီး မြေဆီလွှာကို ဖွံ့ဖြိုးမှု ကောင်းမွန်စေသည်။
နေကြာဆီထုတ်လုပ်မှု
ဆီထွက်သီးနှံနေကြာသည် ကမ္ဘာလုံးဆိုင်ရာ ဆီသီးနှံဈေးကွက်ကို ဦးဆောင်နေပြီး ရုရှားသည် ၂၀၂၃ ခုနှစ်တွင် ၁၈ ဒသမ ၁ သန်းတန်ဖြင့် ဦးဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ၁၇ ဒသမ ၁ သန်းတန်အထိ ရောက်ရှိမည်ဟု ခန့်မှန်းထားခဲ့သည်။ ကမ္ဘာတစ်ဝန်းထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်တွင် ၅၈ ဒသမ ၆ သန်းတန်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၁၀ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၎င်းသည် ပင်လယ်နက်ဒေသနှင့် အမေရိကတိုက်တွင် စုစည်းထားသော ၇၇ နိုင်ငံအတွင်းအကျုံးဝင်သည်။ ယူကရိန်း သည် ၁၂ ဒသမ ၈ သန်း ထုတ်လုပ်ပြီး အာဂျင်တီးနားသည် ငါးသန်းထုတ်လုပ်သည်။ တရုတ်သည် သုံးသန်း ထုတ်လုပ်မှုရှိသည်။ မြောက်အမေရိကတိုက်ဒေသတွင် မူရင်းဖြစ်သောနေကြာပင်ကို နှစ်ပေါင်း ၃၀၀၀ ကျော်က ဒေသခံလူမျိုးများက စိုက်ပျိုးခဲ့ပြီး ဆီပါဝင်မှု ၄၀-၅၀ ရာခိုင်နှုန်းကို ပေးစွမ်းကြောင်းတွေ့ ရှိခဲ့ပြီး ဖြစ်သည်။ ၎င်းသည် အဓိကကျန်းမာရေးနှင့်ညီညွတ်သော ဆီထွက်သီးနှံ စေ့များအနက် ပဲပုပ်ဆီ ပြီးလျှင် ဒုတိယအများဆုံးအဆင့်ဖြင့်ပါဝင်နေသည်။ ချက်ပြုတ်ဆီ၊ ဟင်းရွက်အဆီခဲမာဂျရင်းနှင့် ဘိုင်အိုဒီ ဇယ်ဆီများထုတ်လုပ်ပေးနိုင်သည်။ ဆီကြိတ်ဖတ်သည် တိရစ္ဆာန်အစာအဖြစ်အသုံးပြုနိုင်သည်။
၂၀၁၈ ခုနှစ်စာရင်းအရ တစ်ကမ္ဘာလုံးမှာ နေကြာဆီတန်ချိန် စုစုပေါင်းသန်း ၂၀ နီးပါး ထုတ်လုပ်ခဲ့ သည်။ ယူကရိန်းနိုင်ငံနှင့်ရုရှားနိုင်ငံ နှစ်နိုင်ငံပေါင်းထုတ်လုပ်မှုသည် ကျန်ကမ္ဘာ့နိုင်ငံများအားလုံးထက်ပို များသည်။ ရုရှားနိုင်ငံသည် နေကြာအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင်တန် ချိန် ၁၅၃ သိန်း ထိ ထုတ်လုပ်နိုင်သည်။ ယူကရိန်းနိုင်ငံသည် ဒုတိယအများဆုံးထုတ်လုပ်ပြီး တစ်နှစ်လျှင် တန်ချိန် ၁၅၂ သိန်းထိ ထုတ်လုပ်နိုင်သည်။ ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံထုတ်လုပ်မှုမှာ ကမ္ဘာ့နေကြာထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းထိရှိသည်။ မြန်မာနိုင်ငံအနေနှင့် နေကြာဆီထုတ်လုပ်မှုမှာ ကမ္ဘာ့အဆင့်(၁၁)နေရာမှာရပ်တည် ကာ ၂၀၁၈ ခုနှစ်တွင် တန်ချိန်ပေါင်း ၁၃၁၀၀၀ ကျော်ထုတ်လုပ်ခဲ့သည်။ သို့သော် နေကြာထုတ်လုပ်မှု ပြိုင်ဆိုင်လာ၍ ၂၀၂၅ ခုနှစ်တွင် တန်ချိန်ပေါင်း ၁၈၃၉၉၆ ထုတ်လုပ်ပြီး ကမ္ဘာ့အဆင့် (၂၂) သို့ရောက်ရှိသွားသည်။ နေကြာဆီထုတ်လုပ်သည့် နိုင်ငံအားလုံးနီးပါး ပြည်တွင်းစားသုံးမှုအတွက်ကိုသာ အဓိကအသုံးပြုကြသည်။ ယခုအခါ မြေပဲဆီမှာပါသည့် အာဖလာတောက်ဆင်မှိုဆိပ်ကို ကြောက်ပြီး နေကြာဆီပြောင်း၍စားလာကြသူတွေများလာသည်။
နေကြာဆီသည် ကျန်းမာရေးအတွက် စားသုံးဖို့သင့်သည့် စားသုံးဆီတစ်မျိုးဖြစ်ပြီး အထူးသဖြင့် အိုမီဂါ-၉ ဖြစ်သော အိုးလီရစ်အက်စစ်ကြွယ်ဝစွာပါဝင်သည့်အတွက် နှလုံးနဲ့သွေးကြောကျန်းမာရေး အတွက် အကောင်းဆုံးဖြစ်သည်။
နေကြာဆီနှင့် ကျန်းမာရေး
ကျန်းမာရေးအတွက်သင့်တော်သော စားသုံးဆီတစ်ခုဖြစ်သည်။ နေကြာဆီကိုစားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ နှလုံး ရောဂါသည်များအတွက် အသင့်တော်ဆုံးနှင့် အကောင်းဆုံးဖြစ်ကြောင်းသိရှိရသည်။ နေကြာဆီစားသုံးခြင်းဖြင့် အရေပြားမွဲခြောက်ခြင်း၊ ဆံပင်များမွဲ ခြောက်ပျက်စီးခြင်းတို့ကို ကာကွယ်နိုင်သည်။ နေကြာဆီမှာ အင်တီအောက်ဆီးဒင့်များဖြစ်သည့် ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်းနဲ့ တခြားအနည်းလိုအာဟာရဓာတ်ကြွယ်ဝစွာပါ၍ ခန္ဓာကိုယ်ခုခံအား စနစ်ကို တိုးတက်ကောင်းမွန်စေသည်။ ပင်ပန်းနွမ်းနယ်မှုများကို လျော့နည်းစေ၍ အစာခြေစနစ်ကိုကောင်းစေပြီး အာဟာရဓာတ်များ ပိုမိုစုပ်ယူနိုင်စေရန်အားပေးသည်။ ဆီမှာပျော်ဝင်သော ဗီတာမင်များအဖြစ် ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနဲ့ ဗီတာမင်ကေများ၏ စုပ်ယူမှုကိုအားပေးသဖြင့် ခန္ဓာကိုယ်အတွင်းခုခံအားစနစ် တိုးတက်စေရန် အထောက်အကူများစွာပြုကြောင်း သိရှိရသည်။
နေကြာစေ့ကိုလှော်ပြီးစားကြသလို ဆီကြိတ်ပြီး နေကြာဆီအဖြစ် စီးပွားဖြစ်ရောင်းကြသည်။ နေကြာဆီသည် လုံးဝမှိုမပါဝင်ခြင်း၊ အနံ့အရသာကောင်းမွန်ခြင်းနှင့် အကြော်ခံသောကြောင့် စားသုံးရန် သင့်တော်ပြီး ဗီတာမင်အီးနှင့်ဗီတာမင်ကေတို့ကြွယ်ဝစွာပါရှိ သည်။ နေကြာစေ့ကြိတ်ဖတ် ကို တိရစ္ဆာန် အစာ၊ အော်ဂဲနစ်စိုက်ပျိုးရေးသုံးမြေဩဇာနဲ့ ဇီဝလောင်စာအဖြစ်အသုံးပြုနိုင်သည်။ နေကြာဆီကို ဇီဝလောင် စာဆီအဖြစ် ဒီဇယ်အင်ဂျင်တွေမှာ ထည့်သွင်းအသုံးပြုနိုင်သည်။ အိုးလီရစ်အက်စစ်များသည် နေကြာဆီကို မုန့်ဖုတ်ရာတွင် အသုံးပြုနိုင်သည်။ နှလုံးသွေးကြောကျဉ်းလူနာများအတွက် အလွန်သင့်တော်သောစားသုံးဆီ ဖြစ်သည်။ ကမ္ဘာပေါ်တွင်အများဆုံး ထုတ်လုပ်ရောင်းဝယ်နေသည့် နေကြာဆီအမျိုးအစားသုံးမျိုးရှိ သည်။ အဓိကအနေဖြင့်ပါဝင်သည့် ဖက်တီးအက်စစ်အချိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားခြင်းဖြစ်သည်။ ပုံမှန်နေကြာဆီသို့မဟုတ် လီနိုလီရစ်နေကြာဆီ (Standard Sunflower oil or Linoleic Sunflower) ၊ အိုးလီရစ်အက်စစ် ကြွယ်ဝစွာပါဝင်တဲ့ နေကြာဆီ(Sunflower Oil, High Oleic Acid>70% )၊ အိုးလီရစ်အက်စစ် အလယ်အလတ်ပါဝင်တဲ့ နေကြာဆီ (Sunflower Oil, Mid Oleic Acid)တို့ဖြစ်သည်။
နေကြာပင်၏စွန့်ပစ်အမှိုက်ပြာတွင်ဖော့စဖရတ်နှင့် ပိုတက်စီယမ်ဓာတ်များစွာ (very high content of phosphorus and potassium) ပါဝင်သည်ဖြစ်၍ ဖော့စဖရတ်နှင့် ပိုတက်စီယမ်ဓာတ်များစွာ ချို့တဲ့မြေများတွင် အသုံးပြုနိုင်သည်။ ရောဂါကျရောက်မှုများသော စိုက်ခင်းတွင် သုံးနှစ်/လေးနှစ်တစ်ကြိမ် နေကြာသီးလှည့်စိုက်စနစ်ထည့်ပေးခြင်းဖြင့် နေကြာ၏ အထောက်အကူပြုရလဒ်အနေဖြင့် ဖြစ်ပွားနေသော ရောဂါကိုဖြတ်တောက်ပေးခြင်းအကျိုးကိုရရှိနိုင်သည်။ ရောဂါပြန့်ပွားမှု၊ အင်းဆက်ပေါက်ပွားမှု၊ ပေါင်းမြက်တိုးပွားမှုတို့ကို နေကြာသီးနှံမှ ဖြတ်တောက် ဟန့်တားပေးနိုင်သည့် အတွက် သီးလှည့်စိုက်ပျိုးရေးတွင် နေကြာသီးနှံကို ထည့်၍စဉ်းစားသင့်သည်။ နေကြာသည် အဝါရောင်စက်ပျောက်မှို (downy mildew) ရောဂါ ကို ခံနိုင်ရည်ရှိကြောင်း သိရှိရသည်။
သီးနှံမျိုးစုံနှင့်သီးညှပ်၊ သီးထပ်နေကြာ
နေကြာသီးနှံဖြင့် သီးနှံများစွာကို သီးလှည့်၊ သီးညှပ်စိုက်ပျိုးနိုင်သည်။ သီးလှည့်သီးနှံအဖြစ် ပြောင်း - နေကြာ၊ စပါး - နေကြာ၊ ပြောင်း - အာလူး- နေကြာ၊ ပဲစင်းငုံ - နေကြာ၊ နေကြာ - ဆူးပန်း၊ ပြောင်း - ဆီမုန်ညင်း - နေကြာ၊ ပြောင်း - ဆီမုန်ညင်း - ကြံ- ကြံလမိုင်း-နေကြာ စသဖြင့်စိုက်ပျိုးလေ့ရှိကြပြီး သီးညှပ်သီးနှံအဖြစ် မြေပဲ + နေကြာ၊ ပြောင်း + နေကြာ၊ နှံစားပြောင်း + နေကြာ၊ လူး၊ ဆပ် + နေကြာ၊ ပဲပုပ် + နေကြာ၊ ပဲမျိုးစုံ + နေကြာ၊ ဟင်းသီးဟင်းရွက်သီးနှံ + နေကြာ သည်ဖြင့် တွဲဖက်စိုက်ပျိုးကြောင်းတွေ့ရှိရသည်။ နေကြာသီးနှံကို ပဲမျိုးစုံသီးနှံ၊ အာလူး စသည်တို့နှင့် သီးညှပ်စိုက်ပျိုးခြင်းသည် သီးနှံတစ်မျိုးစီ(Mono Cropping) သီးသန့်စိုက်ခြင်းထက် မြေယာသုံးစွဲမှုကိုတိုးတက် စေသည်။ မြေတွင်းအာဟာရဓာတ် ညီမျှမှုကိုရရှိစေပြီး စုစုပေါင်းသီးနှံအထွက်နှုန်းကို တိုးတက်စေ သည်။ သီးနှံတစ်မျိုးချင်းစိုက်သည်ထက်ပင် စီးပွားရေးအကျိုးအမြတ်ကိုပိုမိုရရှိစေသည်။ စိုက်ခင်းတွင်း အပင်အာဟာရညီမျှမှု၊ ရေအစိုဓာတ် မျှတစေမှုကိုရရှိစေပြီး ပေါင်းမြက်ဖုံးလွှမ်း ခြင်းကိုလျော့နည်းစေနိုင် သည်။ နေကြာသီးနှံကို အခြားသီးနှံများနှင့် ပေါင်းစပ် (Inter cropping or Multi cropping) စိုက်ပျိုးခြင်းသည် အကျိုးကျေးဇူးများစွာရရှိစေသည်။ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ခြင်းနှင့် မြေယာသုံးစွဲမှုထိရောက်ခြင်းရှိစေသည်။ သုတေသနများအရ နေကြာပန်းကို ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲ၊ အယ်ဖာဖာစသည့် ပဲမျိုးစိတ်များနှင့် ပြောင်းစေ့၊ နှံစားပြောင်းကဲ့သို့သော ကောက်နှံပင် များ၊ အာလူးမျိုးစိတ်များကို ပေါင်းစပ်စိုက်ပျိုးခြင်းသည် မြေအသုံးချမှုအချိုး Land Equivalent Ratio (LER) ၁ထက် မြင့်တက်လာပြီး တစ်မျိုးတည်းစိုက်ပျိုးခြင်းထက် မြေသုံးစွဲမှု ပိုထိရောက်ကြောင်းပြသ သည်။ ပြင်သစ်နိုင်ငံတွင် နေကြာနှင့်ပဲမျိုးစိတ် ပေါင်းစပ်စိုက်ပျိုးမှုတွင် LER တန်ဖိုးသည် ၁ ဒသမ ၂ မှ ၁ ဒသမ ၆ အတွင်းရှိပြီး ၎င်းသည် သီးနှံတစ်မျိုးတည်းစိုက်ပျိုးမှုထက် စိုက်ပျိုးရေးနှင့် စီးပွားရေးအကျိုးကျေးဇူးများကို ပိုမိုရရှိကြောင်းပြသသည်။
မြေဆီလွှာအရည်အသွေး တိုးတက်စေခြင်းကိုရရှိစေသည်။ ပဲမျိုးစိတ်စိုက်ပျိုးမှုများသည် လေထုထဲရှိ နိုက်ထရိုဂျင်ကို စုစည်းတည်ငြိမ်စေပြီး နေကြာပင်အတွက် မြေဆီလွှာမှာ နိုက်ထရိုဂျင်ရရှိမှုကို တိုးမြှင့်ပေးနိုင် သည်။ ထို့ပြင် ဓာတုမြေဩဇာသုံးစွဲမှုကိုလည်း လျှော့ချနိုင်သည်။
အပင်၏ ပတ်ဝန်းကျင်သဘာဝအမျိုးမျိုးနှင့် ပိုးမွှားကျရောက်မှုအခြေအနေကို စီမံခန့်ခွဲနိုင်မှုတိုးတက်စေသည်။ သီးနှံများပေါင်းစပ်စိုက်ပျိုးမှုစနစ်များသည် သဘာဝပတ်ဝန်းကျင်တည်ငြိမ်မှုကို တိုးတက်စေပြီး ပိုးမွှားဖိအားလျော့နည်းစေကာ ပေါင်းမြက်ပင်များကို ထိန်းချုပ်ပေးနိုင်သည်။ စီးပွားရေးမျိုးစုံဖွံ့ဖြိုးမှု - သီးနှံမျိုးစုံစိုက်ပျိုးမှုများကို ပေါင်းစပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးသူများသည် သီးနှံအမျိုးမျိုးကိုစိုက်ပျိုးနိုင်ပြီး ဝင်ငွေတိုးမြှင့်ကာ စျေးကွက်လှုပ်ရှားမှုများ သို့မဟုတ် သီးနှံတစ်မျိုးတည်းစိုက်ပျိုးမှု မအောင်မြင်မှု မှ ဖြစ်ပေါ်နိုင်သောအန္တရာယ်များကို လျော့နည်းစေသည်။ ဝင်ငွေရရှိမှုကို မျှတပြုပြင်နိုင်သည်။
သင့်တော်သော သီးနှံတွဲဖက်ပေါင်းစပ်မှုများ၏အကျိုးရလဒ်အနေဖြင့် ပဲမျိုးစုံသီးနှံများဖြစ်သော ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲ၊ အနီရောင်ကလိုဗာနှင့် အယ်ဖာဖာတို့သည် နေကြာပင်နှင့် ပေါင်းစပ် စိုက်ပျိုးလေ့ရှိ ကြပြီး ပဲနှင့်နေကြာပင်သည် အမြစ်အနက်ကွာခြားမှုကြောင့် အချင်းချင်း အစာရေစာဖြည့်ဆည်းပေး နိုင်ပြီး မြေထဲရှိအာဟာရနှင့်ရေကို ပိုမိုကောင်းမွန်စွာအသုံးချနိုင်သည်။ သီးနှံပင်တစ်မျိုးနှင့်တစ်မျိုး အရွက် အုပ်မိုးဖြစ်မှုကြောင့် စိုက်ခင်းမှ ရေငွေ့ပြန်မှုလျော့ကျပြီး အပင်ကို ရေဓာတ်ဆုံးရှုံးမှုနည်းပါး စေသည်။ အယ်ဖာဖာကို နေကြာသီးနှံနှင့် ပေါင်းစပ်စိုက်ပျိုးခြင်းသည် သီးနှံတစ်မျိုးတည်းစိုက်ပျိုးသော (နေကြာတစ်မျိုးတည်းစိုက်ပျိုးမှု)နှင့် တူညီသော ထွက်ရှိမှုများကိုပြသထားပြီး ပဲမျိုးစိတ်အထွက်ကိုလည်း တိုးတက်စေသည်။ ဆားဘီးယားတွင် ပြုလုပ်သော စမ်းသပ်မှုများအရ နေကြာပန်းပင်နှင့် အယ်ဖာဖာ ပေါင်းစပ်စိုက်ပျိုးခြင်းသည် နေကြာသီးနှံထွက်ရှိမှုကိုထိန်းသိမ်းနိုင်ပြီး အယ်ဖာဖာ၏ ဇီဝအလေးချိန်ကို တိုးမြှင့်ပေးနိုင်သည်ဟုပြသခဲ့သည်။ သုတေသနများအရ အာလူးမျိုးစိတ်များကို - ပြောင်းစေ့ သို့မဟုတ် နှံစား ပြောင်းတို့နှင့် ပူးတွဲစိုက်ပျိုးခြင်းသည် သင့်တော်သော မိတ်ဖက်များဖြစ်သည်။ ဥပမာအား ဖြင့် နေကြာနှင့်ပြောင်းစေ့ ၃ အချိုး ၁ သည် (နေကြာ ၃ တန်း၊ ပြောင်းပင် ၁ တန်း) စိုက်ပျိုးခြင်းမှာ ကြီးထွားမှုနှင့် ထွက်ရှိမှုကိုညီမျှစေပြီး နေကြာပန်း + ပဲ (နေကြာပင် ၁ တန်း၊ ပဲပင် ၁ တန်း) သည် ၁ အချိုး ၁ တွင် အကောင်းဆုံးရှင်သန်မှုလုပ်ဆောင်နိုင်သည်။ မြေပဲနှင့် အခြားပဲမျိုးစုံများကို ပေါင်းစပ်စိုက်ပျိုးခြင်းသည် မြေထဲသို့ နိုက်ထရိုဂျင်ကိုတိုးတက်စေပြီး ထပ်မံစိုက်ပျိုးနိုင်သော အသီးအနှံများမှ နိုက်ထရိုဂျင်ဓာတ် ကိုရရှိစေသည်။
လူတို့စားသုံးရန် ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီကိုသာမက ထပ်ဆင့်ထုတ်ကုန်အမျိုးမျိုးကိုထုတ်ယူ သုံးစွဲနိုင်စွမ်းရှိသည်။ စိုက်ပျိုးချိန်တွင် သီးနှံတစ်မျိုးတည်း သီးသန့်စိုက်ခြင်းထက် နှစ်မျိုးကို ယှဉ်တွဲစိုက်ပျိုး ခြင်းကြောင့် အထောက်အကူပြုစွမ်းရည် “စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်” Synergy ကို ပေးစွမ်းနိုင်၍ စိုက်ပျိုးသင့်သော သီးနှံပင်နေကြာကို “ ဘာစိုက်စိုက်နေကြာညှပ်စိုက်” ဟုပင် ဆိုစမှတ်ရှိခဲ့ကြသည်ကို သတိမူ၍ သီးနှံပင်နေကြာတစ်မျိုးတည်းသော်လည်းကောင်း အခြားသင့်တော်ရာသီးနှံပင်များ နှင့် တွဲဖက်၍ သော်လည်းကောင်း စိုက်ပျိုးကြပါရန် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
DOCA(ပဲခူး)
