မြန်မာ့ကျေးလက်ဒေသများတွင် ရာသီဥတုနှင့် မြေယာအခြေအနေအလိုက် သီးနှံအမျိုးမျိုး စိုက်ပျိုးလျက်ရှိသည်။ သို့ရာတွင် သဘာဝအလျောက် မစိုက်မပျိုးဘဲ ပေါက်ရောက်လေ့ရှိသည့် အပင်များလည်းရှိသည်။ ထိုအပင်များထဲတွင် ထန်းပင်သည်လည်း အပါအဝင်ဖြစ်သည်။ ထန်းပင်မှ သဘာဝ အစားအသောက်များကိုရရှိသည်။ ထန်းလျက်၊ ကြံသကာ၊ ထန်းရေ၊ ထန်းသီးဆံ အစရှိသည် တို့သည် သဘာဝအလျောက်ရရှိသည့် သဘာဝစားသောက်ကုန်များဖြစ်သည်။
ထိုသဘာဝထွက်ကုန်များအနက် ထန်းပင်နှင့် ထန်းရည်မှ ထုတ်လုပ်ရရှိသည့် ထန်းလျက်သည် မြန်မာလူမျိုးတို့၏ ရိုးရာအစားအစာတစ်မျိုးအဖြစ် ထင်ရှားသည်။ ထန်းလျက်သည် ခေတ်မီ စားသောက် ကုန်လုပ်ငန်းများနှင့် ပေါင်းစပ်၍ ထုတ်ကုန်အမျိုးမျိုး ဖန်တီးနိုင်သည့် သဘာဝအရင်းအမြစ် တစ်ခုလည်း ဖြစ်သည်။ ထန်းလျက်ကို အခြေခံ၍ ထန်းလျက်ခဲ၊ ထန်းလျက်မှုန့်၊ ထန်းလျက်ရည်၊ ထန်းလျက်အချိုရည်၊ ထန်းလျက်နှင့်ထုတ်လုပ်သည့်မုန့်များ၊ အချိုပွဲများနှင့် အခြားတန်ဖိုးမြှင့် ထုတ်ကုန်များစွာကို ထုတ်လုပ် နိုင်သည်။
ထန်းပင်ပေါက်ရောက်ရာဒေသများ
ထန်းပင်သည် ပူပြင်းခြောက်သွေ့ပြီး မိုးရေချိန်နည်းပါးသော ဒေသများတွင် ကောင်းစွာ ပေါက် ရောက်နိုင်သည့် နှစ်ရှည်ပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ထန်းပင်များကို အထူးသဖြင့် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ အညာဒေသများတွင် အများအပြား တွေ့ရှိရသည်။ မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်းနှင့် မန္တလေးတိုင်း ဒေသကြီးတွင် ညောင်ဦး၊ ပုဂံ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ တောင်သာစသည့် ဒေသများတွင် ထန်းတောများ ပေါများပြီး ထန်းရည်၊ ထန်းလျက်၊ ထန်းသီး၊ ထန်းမြစ်နှင့် ထန်းရွက်နှင့် ထန်းထွက် ပစ္စည်းများကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသည်။
ထန်းလျက်ထုတ်လုပ်ခြင်း
ထန်းလျက်ထုတ်လုပ်ရန်အတွက် အဓိကကုန်ကြမ်းမှာ ထန်းရည်ဖြစ်သည်။ ထန်းပင်မှ ရရှိသော ထန်းရည်ကို စနစ်တကျ စုဆောင်းပြီး အပူပေးချက်ပြုတ်ကာ ရေဓာတ်များ လျော့နည်းသွားစေပြီး ထူထဲလာသောအခါ ထန်းလျက်အဖြစ် ပြောင်းလဲရရှိသည်။ ရိုးရာနည်းလမ်းဖြင့် ထန်းလျက်ချက်လုပ် ခြင်းသည် လုပ်သားများ၏ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအပေါ် များစွာမူတည်သည်။ ထန်းရည်၏ အရည်အသွေး၊ ချက်ပြုတ်ချိန်၊ အပူပေးမှုနှင့် အအေးခံမှုတို့သည့် ထန်းလျက်၏ အရောင်၊ အနံ့၊ အရသာ နှင့် အရည်အသွေးပေါ် သက်ရောက်စေသည်။
ထန်းလျက်ခဲ
ထန်းရည်ကို ချက်၍ ခဲလာသောအခါ သင့်တော်သော ပုံစံခွက်များထဲသို့ ထည့်၍ အအေးခံခြင်း ဖြင့် ထန်းလျက်ခဲအဖြစ်ရရှိသည်။ ထန်းလျက်ခဲကို လက်ဖက်ရည်၊ ကော်ဖီ၊ နို့နှင့် အခြား အဖျော်ယမကာ များတွင် အချိုဓာတ်အဖြစ် အသုံးပြုနိုင်သကဲ့သို့ တိုက်ရိုက်လည်း စားသုံးနိုင်သည်။ ထန်းလျက်ခဲကို ထုတ်လုပ်ရာတွင် အရောင်နှင့်အနံ့ကောင်းမွန်မှု၊ ထုတ်ကုန်သန့်ရှင်းမှုတို့သည် အလွန်အရေးကြီးသည်။ ထန်းလျက်ကို ခေတ်မီထုပ်ပိုးမှုနှင့် ပေါင်းစပ်ဖော်ဆောင်ပါက ဒေသထွက် ရိုးရာအစားအစာမှတဆင့် ဈေးကွက်ဝင် ထုတ်ကုန်တစ်လက်အဖြစ် ထိုးဖောက်လာနိုင်သည်။
ထန်းလျက်မှုန့်
ထန်းလျက်ကို ခေတ်မီအသုံးချနိုင်သည့် နည်းလမ်းတစ်ခုမှာ ထန်းလျက်မှုန့် ထုတ်လုပ်ခြင်းပင် ဖြစ်သည်။ ထန်းလျက်ခဲကို သင့်တော်သောနည်းလမ်းဖြင့် ကြိတ်ခွဲ၍ အမှုန့်ပုံစံအဖြစ် ပြောင်းလဲ နိုင် သည်။ ထန်းလျက်မှုန့်သည့် အသုံးပြုရန်လွယ်ကူသောကြောင့် ဒေသတွင်းထုတ်လုပ်သည့် စားသောက် ကုန်အချို့တွင် ထည့်သွင်းအသုံးပြုနိုင်သည်။ ထန်းလျက်မှုန့်ကို သကြားအစားထိုးထုတ်ကုန် တစ်ခုအနေ ဖြင့် အသုံးပြုနိုင်ပြီး ယခုအခါတွင်ကျယ်စွာအသုံးပြုလျက်ရှိသည်။
ထန်းလျက်ရည်
ထန်းလျက်ရည်ကို အဖျော်ယမကာများတွင် ထည့်သွင်းသောက်သုံးနိုင်သည့်အပြင် အခြား သဘာဝအချိုရည်များတွင်လည်းထည့်သွင်း အသုံးပြုနိုင်သည်။ ထန်းလျက်ရည်ကို အခြားအရသာများ နှင့်ပေါင်းစပ်ခြင်းအားဖြင့် ခေတ်မီအချိုရည်များကို ထုတ်လုပ်၍ သေသပ်လှပသော ဘူးခွံများတွင် ထုပ်ပိုးကာ ဈေးကွက်ဝင်ထုတ်ကုန်တစ်ခုအဖြစ် ထိုးဖောက်ဝင်ရောက်နိုင်သည်။
ထန်းလျက်နှင့်ထုတ်လုပ်သည့် အခြားစားသောက်ကုန်များ
ထန်းလျက်ဖြင့် ထန်းလျက်ကိတ်၊ ထန်းလျက်ကွတ်ကီး၊ ထန်းလျက်မုန့်၊ ထန်းလျက်ပေါင်မုန့်နှင့် အခြားမုန့်အမျိုးမျိုးကိုလည်းကောင်း၊ နို့၊ အုန်းနို့၊ ကောက်ညှင်း၊ ပဲ၊ သစ်သီးနှင့် အခြားပါဝင်ပစ္စည်းများ နှင့်ပေါင်းစပ်၍ အချိုပွဲအမျိုးမျိုးကိုလည်းကောင်း၊ မြေပဲယို၊ နှမ်းယို၊ ဇီးတော်ဖီ၊ မကျီးတော်ဖီ၊ ဇီးယို၊ မကျီးယို၊ အုန်းယို၊ နာနတ်ယို၊ ဒိန်ချဉ်၊ အစရှိသည့် စားသောက်ကုန်များတွင် ထန်းလျက်ကိုထည့်သွင်း၍ ထုပ်ပိုးမှုပုံစုံသစ်များဖြင့် ဈေးကွက်ဝင် ရောင်းတန်းထုတ်ကုန်တစ်ခုအဖြစ်လည်းကောင်း ရောင်းချ နိုင်သည်။ ရိုးရိုးထန်းလျက်တစ်တုံးအဖြစ် ရောင်းချခြင်းထက် တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ထုတ်လုပ်သူနှင့် တောင်သူများအတွက် ပိုမိုကောင်းမွန်သော စီးပွားရေး အခွင့်အလမ်းများ ရရှိလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း များပြားလာမည်ဖြစ်ပါသည်။
ထန်းလျက်ကို အခြားစားသောက်ကုန်များနှင့်ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များကို ဖန်တီး ထုတ်လုပ်နိုင်သည်။ ထိုထုတ်ကုန်များသည် စားသုံးရန်အဆင်ပြေသည့် စားစရာများအဖြစ် လက်ဆောင် ပစ္စည်းပေးရန်အတွက် ထုပ်ပိုးမှုပုံစံလှလှလေးများဖြင့် ဈေးကွက်တင်နိုင်ပြီး ထိုမှတစ်ဆင့် နိုင်ငံခြားသို့ Export တင်ပို့ နိုင်သည်အထိ ထိုးဖောက်ဝင်ရောက်နိုင်သည်။
စီးပွားရေးဈေးကွက်ဝင်သည့် ထန်းလျက်နှင့် ထုပ်ပိုးမှု
ထန်းလျက်လုပ်ငန်းသည် ထန်းပင်ပေါများသည့် ကျေးလက်ဒေသများအတွက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခုလည်းဖြစ်သည်။ ထန်းပင်မှ ထန်းရည်ရရှိခြင်း၊ ထန်းလျက်ချက်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းချခြင်းတို့တွင် လူအများအပြား ပါဝင် လုပ်ကိုင်နိုင်သော
ကြောင့် ဒေသတွင်းအလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်သည်။ ထို့အပြင် ထန်းလျက်ကို ကုန်ကြမ်း အဖြစ် ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက ရရှိနိုင်သည့် တန်ဖိုး သည်လည်း ပိုမိုမြင့်မားလာနိုင်သည်။ ထန်းလျက်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် ထုတ်လုပ်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် ဒေသစီးပွားရေးဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင် မည်ဖြစ်သည်။
ယနေ့ခေတ်တွင် ထုတ်ကုန်တစ်ခု၏ အရသာနှင့် အရည်အသွေးကိုသာမက ထုပ်ပိုးမှု ပုံစံသည်လည်း စားသုံးသူများ၏ စိတ်ဝင်စားမှုကို ပိုမိုသက်ရောက်နိုင်စေသည်။ ထန်းလျက် ထုတ်ကုန်များကို ရိုးရာအရသာနှင့် ခေတ်မီဒီဇိုင်းကို ပေါင်းစပ်ထားသည့် ထုပ်ပိုးမှုပုံစံဖြင့် ရောင်းချ နိုင်သည့်အပြင် လူမှုကွန်ရက်များမှတစ်ဆင့်လည်း ထန်းလျက်ထုတ်ကုန်များ၏ ထုတ်လုပ်ပုံ၊ ရိုးရာ အမွေအနှစ်နှင့် ထုတ်ကုန်အသုံးပြုပုံများကို မျှဝေခြင်းဖြင့်လည်း ဈေးကွက်ကဏ္ဍကို ပိုမို မြှင့်တင် နိုင်သည်။
ထန်းလျက်ထုတ်ကုန်နှင့် ရိုးရာယဉ်ကျေးမှု
ထန်းလျက်သည် စားသုံးကုန်တစ်မျိုးသာမက မြန်မာ့ကျေးလက်ဘဝနှင့် ရိုးရာယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ထန်းပင်တက်သူများ၏ ကျွမ်းကျင်မှု၊ ထန်းရည်စုဆောင်းခြင်းနှင့် ထန်းလျက်ချက်လုပ်ခြင်းတို့သည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းလာသည့် ရိုးရာအသိပညာများ ဖြစ်ကြသည်။ ထို့ကြောင့် ထန်းလျက်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ခေတ်မီနည်းပညာကို အသုံးချသင့်သော်လည်း ရိုးရာနည်းလမ်းများ၏ အနှစ်သာရနှင့် ဒေသခံတို့၏ အတွေ့အကြုံကို မပျောက်ပျက်အောင် ထိန်းသိမ်းသင့်သည်။ ရိုးရာနှင့် ခေတ်မီနည်းပညာကို မျှတစွာ ပေါင်းစပ်နိုင်ပါက ထန်းလျက်လုပ်ငန်းသည် ပိုမိုတန်ဖိုးရှိလာနိုင်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုရလျှင် မြန်မာ့ရိုးရာထန်းလျက်လုပ်ငန်းသည် ရှေးယဉ်ကျေးမှုအမွေ အနှစ် တစ်ရပ်သာမက ဒေသခံတောင်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဆက်စပ်နေသည့် တန်ဖိုးရှိ သောသဘာဝထွက်ကုန်တစ်မျိုးလည်း ဖြစ်သည်။ ထန်းလျက်ကို ရိုးရာနည်းလမ်းဖြင့် ထုတ်လုပ် ရောင်းချခြင်းမှတစ်ဆင့် ခေတ်မီနည်းပညာများ အသုံးချကာ သန့်ရှင်းမှု၊ အရည်အသွေးနှင့် ထုပ်ပိုးမှု တို့ကို မြှင့်တင်ပြီး ထန်းလျက်အခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးနိုင်မည်ဆိုပါက ပြည်တွင်း ဈေးကွက်သာမက နိုင်ငံတကာဈေးကွက်သို့ပါ တိုးချဲ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ ရိုးရာ ထန်းလျက်၏ အရည်အသွေးကို ထိန်းသိမ်းရင်း ခေတ်မီနည်းပညာနှင့် ပေါင်းစပ်၍ တန်ဖိုးမြှင့် ထုတ်ကုန်များ ဖွံ့ဖြိုးထုတ်လုပ်ခြင်းသည် ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းနိုင်သည့်အပြင် ထန်းတောင် သူများ၏ ဝင်ငွေတိုးတက်စေပြီး ဒေသစီးပွားရေးနှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အပံ့ပေးနိုင်မည့် လမ်းစတစ်ခုဖြစ်ပေါ်လာမည်မှာ မလွှဲဧကန် အမှန်ပင်ဖြစ်ပါသည်။
DOCA(မကွေး)
