စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်း များသည် ၁၁-၉-၂၀၂၆ ရက်နေ့ နံနက် (၁၀ ၃၀)နာရီ အချိန်တွင် ဘားအံမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဇီဇဝါလမ်းရှိ ဒေါ်စမ်းစမ်းလွင် ၏ “ ၉၉၉” စုဘူး လုပ်ငန်းသို့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် မြေပြင်ကွင်းဆင်းလေ့လာခဲ့ပါသည်။
မြန်မာလူမျိုးတို့သည် ဟိုးရှေးယခင်ကတည်းက ဘဝအနာဂတ်အတွက်ဖြစ်စေ၊ ရည်ရွယ်ချက် အမျိုးမျိုးအတွက်ဖြစ်စေ ငွေကြေးစုဆောင်းတတ်သည့် အလေ့အထကို ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးခဲ့ ကြသည်။ ယခင်ကာလများက မြေအိုးများ၊ သတ္တုဗူးများနှင့်ဒန်ဘူးများကို စုဘူးများအဖြစ် အဓိက ထား အသုံးပြုခဲ့ကြသော်လည်း၊ ယခုအခါ ခေတ်မီဆန်းသစ်သော တီထွင်ဖန်တီးမှုများနှင့် ပေါင်းစပ် ကာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူငယ် (၃) ဦး စပ်တူရှယ်ယာဖြင့် စတင်တည်ထောင် ထားသည့် အထပ်သားစုဘူး လက်မှုလုပ်ငန်းမှာ တိုင်နဲ့ပြည်နယ် နေရာဒေသအနှံ့ ပြည်တွင်းဈေးကွက်သို့ အောင်မြင်စွာထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။ ထိုလုပ်ငန်းသည် ရိုးရာလက်မှုပညာကို ခေတ်မီ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီအောင် ဖန်တီးနိုင်ရုံသာမက ဒေသတွင်းအမျိုးသမီးများအတွက်ပါ အလုပ် အကိုင်အခွင့်အလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးပေးနိုင်သည့် လူမှုစီးပွားအကျိုးပြု လုပ်ငန်းငယ် တစ်ခုအဖြစ်ပါရပ်တည်လာနိုင်သည်။
လုပ်ငန်းလည်ပတ်မှုနှင့် အမျိုးသမီးများ၏ ပါဝင်လှုပ်ရှားမှု
လုပ်ငန်းရှင်လူငယ်များနှင့်အတူ လုပ်သားအင်အား (၈) ဦးဖြင့် လည်ပတ်နေသည့် ယင်းလက်မှု လုပ်ငန်းတွင် အထပ်သားဖြတ်တောက်ခြင်း၊ ဆေးသုတ်ခြင်း၊ ဒီဇိုင်းဖော်ခြင်းနှင့် စတေကာကပ်ခြင်း စသည့် အဆင့်ဆင့်သော လက်ရာလုပ်ငန်းများကို စနစ်တကျ ခွဲဝေဆောင်ရွက်ကြသည်။ အဆိုပါ လုပ်သားအင်အားအများစုမှာ ဒေသခံအမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့၏ သေသပ်ကျနသော လက်ရာ စုဘူးများသည် အရည်အသွေးပိုမိုပြည့်ဝလာသည်ကိုတွေ့ရသည်။ တစ်လလျှင် စုဘူးအရေအတွက် (၂,၀၀၀) မှ (၃,၀၀၀) အထိ ပုံမှန်ထုတ်လုပ် နေရသဖြင့် ၎င်းအမျိုးသမီးလုပ်သားများသည် မိသားစု အတွက် ပုံမှန်ဝင်ငွေများ ရှာဖွေပေးနိုင်ကာ ကိုယ်ပိုင်ရပ်တည် နိုင်စွမ်းမြင့်မားလာကြသည်။
ကုန်ကျစရိတ်နှင့် စီးပွားရေး တွက်ခြေကိုက်မှု
အရည်အသွေးမြင့်မားပြီး တာရှည်ခံသော စုဘူးတစ်လုံး ထုတ်လုပ်ရာတွင် ကုန်ကျမည့် ကုန်ကျစရိတ်များကို စနစ်တကျ တွက်ချက်ထားရှိသည်။ စုဘူးတစ်လုံးအတွက် သစ်ဖိုး ၆,၅၀၀ ကျပ်၊ ဒီဇိုင်းနှင့် အလှဆင်ရန် စတေကာဖိုး ၃,၅၀၀ ကျပ်၊ လုပ်သားခ ၁,၀၀၀ ကျပ်နှင့်အထွေထွေ ကုန်ကျစရိတ် ၅၀၀ ကျပ်တို့ ပါဝင်သဖြင့် စုစုပေါင်း ကုန်ကျစရိတ်မှာ ၁၁,၅၀၀ ကျပ် ရှိသည်။ ဤကုန်ကျစရိတ်တွက်ချက်မှုတွင် ဝန်ထမ်းများအတွက် ထိုက်တန်သော လုပ်သားခကိုပါ ထည့်သွင်း ပေးထားပါသည်။
လုပ်ငန်း၏ အဓိက အားသာချက်များ
- အမြင်ဆန်းသစ်မှုနှင့် ရိုးရာကို ကျော်လွန်ခြင်း: ယခင်သုံးနေကျ သာမန်မြေအိုးနှင့် ဒန်ဘူးများ အစား သဘာဝဆန်ပြီး ခေတ်မီဆန်းသစ်သည့် အထပ်သားကို အသုံးပြုထားခြင်းကြောင့် ဝယ်သူများအကြား အမြင်ဆန်းကာ အလွန်လူကြိုက်များလျက်ရှိသည်။
- ဒေသန္တရ အငွေ့အသက် ပါဝင်ခြင်း: စုဘူးများတွင် ကရင်ပြည်နယ်၏ အထင်ကရနေရာများနှင့် ရိုးရာဝတ်စုံပုံစံများကို စတေကာများတွင် ထည့်သွင်းဖန်တီးရန် တိုက်တွန်းအားပေးထား ခြင်းက ဒေသ၏ ပုံရိပ်ကို ပိုမိုပေါ်လွင်စေသည်။
- အမျိုးသမီးများအတွက်အခွင့်အလမ်း: လက်မှုလုပ်ငန်း၏ သဘောသဘာဝအရ အမျိုးသမီး များကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်သည့်လုပ်ငန်းဖြစ်၍ အမျိုးသမီးများအတွက် အလုပ် အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခြင်း။
- ပြည်တွင်းထုတ်ကုန် အားပေးမှု: MSME ကဏ္ဍတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လှုပ်ရှား နေပြီး ဒေသတွင်း ကုန်ကြမ်းများကို ကုန်ချောအဖြစ် အကျိုးရှိရှိ အသုံးချနိုင်ခြင်း။
ရင်ဆိုင်ရမည့် စိန်ခေါ်ချက်များနှင့် အားနည်းချက်များ
လုပ်ငန်းတိုးတက်မှု မြန်ဆန်သော်လည်း လုပ်ငန်းသက်တမ်း နုနယ်သေးခြင်းကြောင့် အရင်းအနှီးနှင့်နည်းပညာပိုင်းဆိုင်ရာ ကန့်သတ်ချက်များရှိနေသည်။ ထို့ပြင် အထပ်သားနှင့် အရည် အသွေးကောင်း စတေကာဖိုး စသည့် ကုန်ကြမ်းဖိုးများ မြင့်မားနေခြင်းက ထုတ်လုပ်မှု ကုန်ကျ စရိတ် ကို ကြီးမားစေသည့် အဓိက စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည်။ ထို့အတူ နိုင်ငံအနှံ့ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်အတွက် ဈေးကွက်ထိုးဖောက်ရာတွင် လူအင်အားနှင့် မာကတ်တင်းပိုင်းဆိုင်ရာ အားထုတ်မှုများ ဆက်လက်လိုအပ်နေဆဲ ဖြစ်သည်။
ရှေ့ဆက်လုပ်ဆောင်ရန် အကြံပြုချက်များနှင့် သုံးသပ်ချက်
ဈေးကွက်အတွင်း ပေါက်ရောက်ပြီးဖြစ်သော ဤအထပ်သားစုဘူးလုပ်ငန်းကို ပိုမိုရေရှည်ခိုင်မာ အောင်တည်ဆောက်ရန်အတွက် အောက်ပါအချက်များကို အကြံပြုလိုသည် -
- ခရီးသွားဈေးကွက်ကိုဦးတည်ခြင်း: ဒေသအငွေ့အသက် အပြည့်အဝပါရှိသည့် ဤစုဘူးများကို ဒေသတွင်း အမှတ်တရလက်ဆောင်ပစ္စည်း (Souvenir) အဖြစ် ခရီးသွားဧည့်သည်များ အထူးဝယ်ယူလိုသည့် ပုံစံမျိုးဖြင့် ပိုမိုတီထွင်ဖန်တီးသင့်သည်။
- ကုန်စည်ပြပွဲများတွင်ပါဝင်ပြသခြင်း: ထုတ်ကုန်ကို လူသိပိုများလာစေရန်နှင့် နိုင်ငံတကာ အထိ ထိုးဖောက်နိုင်ရန် ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများနှင့် MSME ပြပွဲများတွင် တက်ကြွစွာ ဝင်ရောက်ပြသသင့်သည်။
- အစိုးရနှင့်အဖွဲ့အစည်းများ၏ကူညီပံ့ပိုးမှု: ဤကဲ့သို့သောတီထွင်ဆန်းသစ်သည့် လူငယ်လက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ငွေကြေးချေးငွေ၊ နည်းပညာနှင့် ဈေးကွက် ချိတ်ဆက်မှုများဖြင့် အားပေးကူညီပေးနေပြီးဖြစ်၍ လိုအပ်ချက်များတင်ပြ အကူအညီ တောင်းသင့်သည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် မြန်မာလူမျိုးတို့၏ စုဆောင်းတတ်သည့် ယဉ်ကျေးမှုကို အခြေခံကာ တီထွင်ဆန်းသစ်ထားသော ဤအထပ်သားစုဘူး လက်မှုလုပ်ငန်းသည် ရိုးရာလက်မှုပညာကို ခေတ်မီဈေးကွက်နှင့် အောင်မြင်စွာ ချိတ်ဆက်ပြသနိုင်သည့် အကောင်းဆုံး သာဓကတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် ဒေသခံအမျိုးသမီးများအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခြင်းက ဤလုပ်ငန်း၏ လူမှုရေးဆိုင်ရာ တန်ဖိုးကို ပိုမိုမြင့်မားစေ ခဲ့သည်။ ဤကဲ့သို့သော အသေးစားစီးပွားရေးလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ပေးနိုင်ပါက ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရုံသာမက နိုင်ငံတော်၏ MSME ကဏ္ဍကိုလည်း ပိုမိုအားကောင်းလာစေမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
DOCA(ကရင်)
