နှမ်းသီးနှံကို မြန်မာအမည် နှမ်း၊ အင်္ဂလိပ်အမည် Sesame ၊ သိပ္ပံအမည် Sesamun Indicum L. ဟူ၍ ခေါ်ဝေါ်လေ့ရှိပါသည်။ နှမ်းသီးနှံကို နှမ်းကြီး၊ နှမ်းလျင်ဟူ၍ ခွဲခြားထားရာ မိုးရာသီတွင် စိုက်ပျိုးသောနှမ်းကို နှမ်းလျင်ဟုခေါ်၍ အသက်ရက် ၇၀မှ ၁၀၀ အတွင်းရှိပြီး ဆောင်းရာသီတွင် စိုက်ပျိုးသောနှမ်းကို နှမ်းကြီးဟုခေါ်၍ အသက် ၁၂၀ ကျော်ရှိပြီး စိုက်ပျိုးချိန်ပေါ်မူတည်၍ မိုးနှမ်း၊ ဆောင်းနှမ်း၊ မိုးကြိုရေသွင်းနှမ်းဟူ၍လည်း ခွဲခြားထားကာ ဒေသအလိုက်၊ မြေအမျိုးအစားအလိုက် စနစ်အမျိုးမျိုးဖြင့် မြေယာပြုပြင်ထွန်ယက်စိုက်ပျိုးလျက် ရှိပါသည်။ နှမ်းသီးနှံသည် ကမ္ဘာ့ရှေးအကျဆုံး စိုက်ပျိုးသီးနှံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အာဖရိကတိုက်မှ နှမ်းကိုစတင်စိုက်ပျိုးကြ၍ ယခုအခါ တရုတ်၊ အိန္ဒိယနိုင်ငံများသည် ကမ္ဘာ့ နှမ်းစိုက်အများဆုံး နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နှမ်းကို စားသုံးဆီထုတ်လုပ်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာသဖြင့် မြန်မာ့ဆီထွက်သီးနှံများအနက် နှမ်းသည် စိုက်ဧက အများဆုံးဖြစ်ပါသည်။
နှမ်းအဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးများမှာ အထက်မြန်မာပြည်တွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း၊ အောက်မြန်မာပြည်တွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ နှမ်းသီးနှံကို မိုး၊ မိုးနှောင်းနှင့် မိုးကြိုရာသီ (၃)ခုလုံးတွင် စိုက်ပျိုး ကြ၍ မြန်မာပြည်အပူပိုင်းဒေသတွင် နှမ်းကိုသီးသန့်(သို့မဟုတ်) ပဲစဉ်းငုံနှင့် သီးညှပ်စိုက်ပျိုး ကြပြီး နှမ်းကိုသီးထပ်အဖြစ်လည်း စိုက်ပျိုးကြပါသည်။ ယခင်နှစ်များတွင် ကယားပြည်နယ် အတွင်း နှမ်းကို ဘောလခဲမြို့နယ်၊ ဖာဆောင်းမြို့နယ်၊ ရှားတောမြို့နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ်တွင် အနည်းငယ် စိုက်ပျိုးကြပါသည်။
နှမ်းသီးနှံသည် ၂၀ ဒီဂရီစင်တီဂရိတ်တွင် အပင်ကောင်းစွာပေါက်နိုင်ပြီး ၂၀ ဒီဒဂရီစင်တီ ဂရိတ်ထက်နှိမ့်ကျပါက မျိုးစေ့များ အပင်မပေါက်နိုင်ပါ။ ၂၅ ဒီဂရီစင်တီဂရိတ်အထက်တွင် အပင်ကြီးထွားဖြစ်ထွန်းနိုင်ပြီး အပွင့်ပွင့်ရန်အသင့်တော်ဆုံးအပူချိန်မှာ ၂၄ မှ ၂၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင် သန္ဓေအောင်မှု ထိခိုက်၍ အသီးတင်မှု နည်းနိုင်ပါသည်။ နှမ်းသီးနှံသည် အပူပိုင်း၊ အပူသမပိုင်းနှင့် သမပိုင်းရာသီဥတုရှိသော ဒေသများ နှင့် မုတ်သုံရာသီဥတုရှိသော ဒေသများတွင် ဖြစ်ထွန်းလွယ်သောသီးနှံဖြစ်ပါသည်။
နှမ်းသီးနှံသည် ရေစီးရေလာကောင်း၍ မြေဆီဩဇာထက်သန်သော မြေအမျိုးအစား၊ ခြောက်သွေ့ပြီးအစိုဓာတ်ထိမ်းသိမ်းနိုင်၍ ရေမဝပ်နိုင်သော မြေအမျိုးအစား၊ မြေအချဉ်ဓာတ် ၅ဒသမ ၅ မှ ၅ ဒသမ ၈ အတွင်းရှိသောမြေကို ကြိုက်နှစ်သက်၍ မိုးရေနှင့်အစိုဓာတ် သင့်တင့်ပါက မြေအမျိုးအစားမျိုးစုံတွင် ထွန်ယက်စိုက်ပျိုးနိုင်ပြီး လယ်မြေ၊ နှုန်းမြေ ၊နှုန်းသမမြေ၊ ကိုင်းကျွန်းမြေ များတွင် အထွက်ကောင်းပါသည်။ ကယားပြည်နယ်တွင် ချောင်းတစ်လျှောက်၊ ရေမြောင်းတစ် လျှောက်၊ တောင်ကုန်းများ၊ ရွှေ့ပြောင်းတောင်ယာများတွင် အဓိကစိုက်ပျိုးကြပြီး မြေပြန့်ဒေသ များနှင့် နှမ်းနှစ်စဉ်စိုက်ပျိုးသောဒေသများတွင် မြေသားများကို နည်းစနစ်အတိုင်း ထွန်ယက်၍ စိုက်ပျိုးကြပါသည်။
နှမ်းစိုက်ပျိုးရန် မြေပြုပြင်ရာတွင် မြေပေါ်ရှိ ပေါင်းမြက်များအားလုံး မြေကြီးအောက် ခြောက်လက်မခန့် အနက်ရောက်အောင် ထယ်ထိုးပေးရပါမည်။ မြေဆောင်ရောဂါပိုးများ နှိမ်နှင်း ရန်ဖြစ်ပြီး မြေပြုပြင်ရာတွင် ထယ်ရေးတိမ်ပါက မြေဆောင်မှိုများကြောင့် အပင်ငယ်အဆင့်တွင် အပင်ရောဂါများကျရောက်မှုများ၍ အပင်ဦးရေလျော့နည်းနိုင်ပါသည်။ မိုးကြိုရေသွင်းစိုက်ဒေသ များအတွက် မြေပြုပြင်ရာတွင် မြေမျက်နှာပြင်ညီညာစေရန် အထူးပြုပြင်ဆောင်ရွက်၍ ရေသွင်း ရေထုတ်မြောင်းများ၊ ပတ်မြောင်းများရှိရန် လိုအပ်ပါသည်။
ရာသီမရွေးစိုက်ပျိုးရန် ဆင်းပဒေသာ-၃ နှမ်းနက်မျိုးနှင့်ဆင်းရတနာ-၄ နှမ်းမျိုးများကို စိုက်ရန်သင့်တော်ပြီး အထက်မြန်မာပြည် မိုးကြိုရေသွင်းစိုက်ဒေသများအတွက် ဆင်းရတနာ-၄ နှမ်းမျိုးနှင့် ဆင်းရတနာ-၅ နှမ်းဝါမျိုးများကို စိုက်ပျိုးနိုင်ပါသည်။ ဆင်းရတနာ-၅ နှမ်းမျိုးသည် ပန်းပွင့်ချိန်တွင်ကြုံတွေ့သည့် အပူချိန်မြင့်မားမှုကို ခံနိုင်ရည်ရှိပြီး အသီးတင်မှုကောင်းမွန်ပါသည်။ နှမ်းမျိုးကောင်း ထောက်ခံထားသည့် နှမ်းမျိုးသန့်များ၏ အရည်အသွေး လက္ခဏာများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-
|
စဉ် |
အမျိုးအမည် |
အပင် ပုံသဏ္ဍာန် |
အသီး သီးပုံ |
အသက် ရက် |
နှမ်းစေ့ အရောင် |
အထွက်နှုန်း တင်း/ဧက |
|
၁ |
ဆင်းရတနာ-၃ |
ကိုင်းဖြာ |
တစ်ဆစ်တစ်သီး |
၈၅-၉၀ |
အနက် |
၁၂-၂၀ |
|
၂ |
ဆင်းရတနာ-၄ |
တစ်ပင်တိုင် |
တစ်ဆစ်သုံးသီး |
၈၀-၈၅ |
အဖြူ |
၁၀-၂၀ |
|
၃ |
ဆင်းရတနာ-၅ |
ကိုင်းဖြာ |
တစ်ဆစ်တစ်သီး |
၈၀-၈၅ |
အဝါ |
၁၀-၁၅ |
ကယားပြည်နယ်တွင် ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး မျိုးစေ့နှုန်းထားမှာ ကြဲပတ်စိုက်ပါက တစ်ဧက(၂-၃)ပြည်နှုန်း၊ အတန်းလိုက်စိုက်ပါက တစ်ဧကလျှင် တစ်ပြည်ခွဲမှ နှစ်ပြည်နှုန်းတို့ဖြစ်ကြပါသည်။ မစိုက်ပျိုးမီ အပင်ပေါက်နှုန်း စမ်းသပ်ရန်လိုအပ်ပြီး အပင်ပေါက် ရာခိုင်နှုန်း (၈၀)အထက်ရှိမှသာ စိုက်ပျိုးရန်သင့်တော်ပါသည်။
နှမ်းသီးနှံကို မိုးဦးကာလဖြစ်သော မေလနှင့်ဇွန်လ၊ မိုးလယ်ကာလဖြစ်သော ဩဂုတ်လ၊ မိုးနှောင်းကာလဖြစ်သော အောက်တိုဘာလနှင့်နိုဝင်ဘာလ၊ မိုးကြိုကာလဖြစ်သော ဖေဖော်ဝါရီလ နှင့်မတ်လတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးအချိန်ဖြစ်ပါသည်။ ကယားပြည်နယ်တွင် မိုးကြို ကာလတွင်စိုက်သော နှမ်းများသာ အများဆုံးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။
စိုက်ပျိုးနည်းစနစ်မှာ တစ်ဧကလျှင် အပင်အရေအတွက် အနည်းဆုံး တစ်သိန်းခန့် ရှိရန်အတွက် အတန်းလိုက်စိုက်ပျိုးမည်ဆိုပါက သင့်တော်သော အပင်အကွာအဝေးမှာ တစ်ပင် တိုင်မျိုးများအတွက် တန်ကြား ၁၂ လက်မနှင့် အပင်ကြား ၄ လက်မ ထားရှိရမည်ဖြစ်ပါသည်။ ကိုင်းဖြာမျိုးများအတွက် တန်ကြား ၁၅ လက်မနှင့် အပင်ကြား ၄ လက်မထားရှိရမည်ဖြစ်ပါသည်။ ကြဲပတ်စိုက်ပါက ကန့်လန့်ဖြတ်တန်းဖြင့် မျိုးပေးခြင်းကို အပင်ပေါက်စုံပြီးနောက် ၇-၁၀ ရက်အတွင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။
ရေသွင်းစိုက်မည်ဆိုပါက မြေမျက်နှာပြင် ညီညာစေရန်လိုအပ်ပြီး ရေသွင်းရေထုတ် မြောင်းများ စနစ်တကျပြုလုပ်ပေးရပါမည်။ မူမှန်ရွက်ထွက်ချိန်ဖြစ်ပြီး အပင်သက်တမ်း (၂) ပတ် သားတွင် နောက်ဆုံးအကြိမ်အဖြစ် တစ်ကျင်းတစ်ပင်ချန် သားခွဲပေးရန်ဖြစ်ပါသည်။ အပွင့်စပွင့် ချိန်နှင့် အပွင့်တိတ်စအချိန်တွင် ရေလိုအပ်မှုမရှိစေရန်နှင့် လိုအပ်ပါက ရေတစ်ကြိမ်စီ သွင်းပေးရန် ဖြစ်ပါသည်။ နှမ်းဖိုရောဂါဖြစ်စေသည့် စုပ်ပိုးများ၊ ရွက်လိပ်ပိုးများကို ကြိုတင်ကာကွယ်နှိမ်နှင်း ပေးရပါမည်။
နှမ်းသီးနှံတွင် အစေ့အရောင်သည် အမှတ်လက္ခဏာတစ်ခုဖြစ်ပါသည်။ အထွက်ကောင်း မွန်ပြီး အရည်အသွေးကောင်း မျိုးစေ့ကိုရရှိရန်အတွက် ရိတ်သိမ်းချိန်သည် အလွန်အရေးကြီးပါ သည်။ စောပြီးရိတ်သိမ်းလျှင် အထွက်နှုန်းကို ထိခိုက်နိုင်သကဲ့သို့ နောက်ကျရိတ်သိမ်းလျှင် အသီးများကွဲပြီး အစေ့များဆုံးရှုံးမှုဖြစ်သောကြောင့် အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။
မျိုးရောနိုင်ခြင်း၏ အဓိကအချက်မှာ မျိုးစေ့ခါလှန်းသည့်တလင်းဖြစ်ပါသည်။ မျိုးစေ့ခါ လှန်းသည့်တလင်းသည် မျိုးတစ်မျိုးစီအတွက် သီးခြားဖြစ်ရန် အရေးကြီးပါသည်။ နှမ်းသီးနှံ အထွက်နှုန်းကို မျှော်မှန်းသည့်အတိုင်းရရှိရန် အချိန်မှီရိတ်သိမ်းခြင်း၊ စနစ်တကျ နှမ်းပုတ်ခြင်းနှင့်
စည်းထောင်ခြင်းတို့ကို အဓိကထား လိုက်နာဆောင်ရွက်ပါက လေလွင့်ဆုံးရှုံးမှုမှ ကင်းဝေး၍ သီးနှံအထွက်နှုန်း တိုးတက်ရရှိနိုင်မည်ဖြစ်ပါသည်။
နှမ်းများသည် အပင်ခြေမှ အပေါ်သို့ တဖြေးဖြေးရင့်မှည့်သောကြောင့် နှမ်းနှုတ်သိမ်း ရာတွင် ရိတ်သိမ်းချိန်စောလွန်းခြင်း (သို့မဟုတ်) နောက်ကျခြင်းဖြစ်ပါက အလေအလွင့်များ၍ အထွက်နှုန်းကို ထိခိုက်စေနိုင်သောကြောင့် စနစ်တကျနှုတ်သိမ်းရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် နှမ်းရိတ်သိမ်းရာတွင် သက်တမ်းပေါ်မူတည်၍ နှမ်းပင်အလယ်သီးများ ခွဲကြည့်ရပြီး အရောင်ရှိသောနှမ်းမျိုးဖြစ်ပါက ခွဲကြည့်သော အစေ့အရောင်အနည်းငယ်ပြောင်းပါက ရိတ်သိမ်း ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ထိုအချက်များကြောင့် နှမ်းအထွက်နှုန်းမလျော့စေရန် အချိန်မှီရိတ်သိမ်းရန် အလွန်အရေးကြီးပါသည်။
နှမ်းရိတ်သိမ်းချိန် မိုးအဆက်မပျက်ရွာသွန်းခြင်းသည်လည်း နှစ်စဉ်ကြုံတွေ့ရသည့် အခက်အခဲဖြစ်သဖြင့် နှမ်းရိတ်ပြီးနှမ်းပုံရာတွင် အမိုးအကာအောက်၌သာ ဖြစ်သင့်ပါသည်။ နှမ်းပုံရာတွင် အသီးပါသောနှမ်းပင်အဖျားပိုင်းကို အလယ်တွင်ထား၍ အဖျားနှစ်ခုထိပ်ဆိုင်ထပ်ပြီး ညီညာစွာပုံသင့်ပါသည်။ နှမ်းပုံချိန် မိုးအဆက်မပြတ်ရွာသွန်းပါက မာလာသီယွန်၊ ဆူမီသီယွန် ဆေးများဖြင့် ပတ်ဖျန်းသင့်ပါသည်။ နှမ်းပုံပြီး နှမ်းပင်များကို (၃-၄) ရက်အကြာတွင် ထွားဆိုင် ခန့်စည်းပြီး အရိပ်အောက်၌သာ ထောင်ထားသင့်ပြီး နေပူချိန်မှသာ အပြင်ထုတ်လှမ်းထောင်၍ စည်းသင့်ပါသည်။ နေပူချိန်မှသာ နှမ်းသီးနှံများအားလုံးကွဲပြီး နှမ်းစေ့အားလုံး ထွက်ရှိနိုင်မည်ဖြစ် ပါသည်။ အမိုးအကာအောက်မဟုတ်ဘဲ ထောင်ထားသည့် နှမ်းထောင်များ မိုးဆက်တိုက်(၃-၄) ရက်ခန့်မိပါက နှမ်းသီးနှံများ မကွဲတော့ဘဲ အစေ့များထွက်ကာ မှိုတက်၍ပျက်စီးပြီး အထွက်လုံးဝ မရရှိစေနိုင်သောကြောင့် နှမ်းပုံပါက နှမ်းစေ့တွင်မှိုပါဝင်မှုများစေ၍ နှမ်းစေ့အရည်အသွေး ကျ ဆင်းစေနိုင်ပါသည်။ ထို့ကြောင့် နှမ်းရိတ်သိမ်းပြီးနောက်ပိုင်း နှမ်းသီးနှံအထွက်နှုန်းကို မျှော်မှန်း သည့်အတိုင်းရရှိစေရန် အမိုးအကာအောက်၌သာပုံခြင်း၊ စည်းထောင်ခြင်းများ ပြုလုပ်သင့်ပါ သည်။
နှမ်းသီးနှံအထွက်နှုန်း ခန့်မှန်းရာတွင် အထွက်နှုန်းမိတ်ဖက်ဆိုင်ရာအချက်များကို အသုံးပြု၍ အောက်ပါအတိုင်းတွက်ချက်ခန့်မှန်းနိုင်ပါသည်။
တစ်ဧကပင် × တစ်ပင်ရှိ × တစ်သီးပါ × အစေ့(၁၀၀၀)
တစ်ဧက = ဦးရေ အောင်စေ့ အောင်စေ့ အလေးချိန် (ဂရမ် )
အထွက်နှုန်း (တင်း) ၄၅၄ × ၁၀၀၀ × ၅၄
နှမ်းသီးနှံများတွင် အများအားဖြင့် ကျရောက်တတ်သောရောဂါများမှာ နှမ်းရိုးမဲရောဂါ (Black Stem) နှင့်နှမ်းဖိုရောဂါ (Causalorganism) ဟူသော နှမ်းရောဂါပိုးနှစ်မျိုးသည် မြန်မာနိုင်ငံနှမ်းစိုက်ဒေသများတွင် အနည်းနှင့်အများ ကျရောက်လျက်ရှိသောရောဂါ ဖြစ်ပါသည်။ နှမ်းရိုးမဲရောဂါသည် ရေဝပ်သောနှမ်းကျဲခင်းများတွင် ပိုမိုကျရောက်လေ့ရှိပါသည်။ ရောဂါကြောင့် အထွက်ယုတ်လျော့မှုသည် ရောဂါပြင်းထန်မှုအဆင့်နှင့် နှမ်းမျိုးများ၏ခံနိုင်ရည်ရှိမှုအလိုက် ကွာ ခြားနိုင်ပါသည်။ နှမ်းရိုးမဲရောဂါ ခံနိင်ရည်မဲ့သော နှမ်းမျိုးများတွင်အပင်လုံးဝ သေသွားသဖြင့် အထွက်ဆုံးရှုံးမှုကိုမြင့်မားစေသည်။ နှမ်းဖိုရောဂါကျရောက်မှုရာနှုန်းသည် စိုက်ပျိုးသောနှမ်းမျိုး ၏ ရောဂါဒဏ်ခံနိုင်ရည်ပေါ်မူတည်၍ ၁ မှ ၁၀၀ ရာနှုန်းထိကွာခြားနိုင်လေသည်။ နှမ်းပင်၏ ပွင့်ပိုင်းအင်္ဂါများသည် အရွက်ပိုင်းအင်္ဂါများအဖြစ် ပြောင်းလဲသွားသဖြင့် အပွင့်အသီးဖြစ်ပေါ်မှုမရှိ ဘဲ နှမ်းအထွက်ကို ထိခိုက်စေသော ရောဂါဖြစ်ပါသည်။
ထိုရောဂါနှစ်မျိုးဒဏ်မှ ကင်းလွှတ်ရန်အတွက် ရောဂါဒဏ်ခံနိုင်ရည်ရှိပြီး ထောက်ခံထား သော မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ ဆင်းရတနာ-၄ နှမ်းမျိုးသည် နှမ်းရိုးမဲရောဂါ ကို အသင့်အတင့်ခံနိုင်ရည်ရှိသောနှမ်း၊ ဆင်းရတနာ-၃ နှမ်းမျိုးသည် နှမ်းဖိုရောဂါကို အသင့် အတင့်ခံနိုင်ရည်ရှိသော နှမ်းမျိုးဖြစ်သောကြောင့် ထိုနှမ်းနှစ်မျိုးကို ရွေးချယ်စိုက်ပျိုးပါက ပိုမို အဆင်ပြေစေနိုင်ပါသည်။
ကယားပြည်နယ်၏ နှမ်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-
|
စဉ် |
ခုနှစ် |
စိုက်ပျိုး ရာသီ |
စိုက်ဧက |
ရိတ်ဧက |
အထွက် နှုန်း |
အထွက် တင်း |
|
၁ |
၂၀၂၅-၂၀၂၆ |
ပေါင်း |
၂၄၆၉၈ |
၂၄၆၃၃ |
၉.၄၄ |
၂၃၂၄၄၈ |
|
နှမ်း(မိုး) |
၂၄၄၈၄ |
၂၄၄၈၄ |
၉.၄၂ |
၂၃၀၆၆၄ |
||
|
နှမ်း(ဆောင်း) |
၁၄၉ |
၁၄၉ |
၁၁.၉၇ |
၁၇၈၄ |
||
|
နှမ်း(နွေ) |
၆၅ |
|
|
|
||
|
၂ |
(၂၀၂၆-၂၀၂၇) ၃၁-၇-၂၀၂၆ ရက်နေ့အထိ |
ပေါင်း |
၂၄၅၆၈ |
|
|
|
|
နှမ်း(မိုး) |
၂၄၅၆၈ |
|
|
|
||
|
နှမ်း(ဆောင်း) |
|
|
|
|
||
|
နှမ်း(နွေ) |
၁၁၈ |
၁၁၈ |
၉.၈၇ |
၁၁၆၅ |
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကမ္ဘာ့ထိပ်တန်းနှမ်းမျိုးစုံ အများဆုံးတင်ပို့သည့် နိုင်ငံများမှာ ဆူဒန်နိုင်ငံ၊ အိန္နိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံ နှမ်းတင်ပို့မှုမှာ နှမ်းတန်ချိန် ၁၁၇၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပါသည်။ (၂၀၂၅-၂၀၂၆) ခုနှစ်တွင် မြန်မာ့နှမ်းမျိုးစုံအများဆုံးဝယ်ယူသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ တောင်ကိုးရီးယား၊ ဂျပန်၊ စင်ကာပူတို့ဖြစ်ပါသည်။
နှမ်းတွင် ကယ်လိုရီ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ထုံးဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ သိုင်ယာမင်၊ ရိုင်ဗိုဖလေဗင်၊ နိုင်ယာစင် စသည့် အာဟာရဓာတ်များ ပါဝင်ပါသည်။ ကယား ပြည်နယ်အတွင်း နှမ်းဈေးနှုန်းများအနေဖြင့်် (၂၀၂၅-၂၀၂၆) ခုနှစ်တွင် စမုံနက်တစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်ခန့်၊ နှမ်းတစ်ပိဿာလျှင် ၁၃၀၀၀ ကျပ် မှ ၂၃၅၀၀ ကျပ်ခန့်ထိ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ (၂၀၂၆-၂၀၂၇) ခုနှစ်တွင် နှမ်းဈေးနှုန်းများအနေဖြင့် တိုးလာနိုင် ကြောင်းကိုလည်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
သီးနှံတိုင်းတွင် အရေအတွက်ထက် အရည်အသွေးကို ပြည်ပနိုင်ငံများက ပိုမိုစိတ်ဝင် စားသောကြောင့် မြန်မာနိုင်ငံရှိတောင်သူများအနေဖြင့် သွင်းအားစုနှင့်ပတ်သက်၍ သတ်မှတ်ချက် နှင့်အညီ အသုံးပြုနိုင်ပါက ဓါတုဓါတ်ကြွင်းအနည်းဆုံးဖြစ်ပြီး မည်သည့်နိုင်ငံမဆို တင်ပို့နိုင်မည် ဖြစ်ပါကြောင်း၊ မြေနေရာနှင့်လိုက်ဖက်သည့် သွင်းအားစုများကိုရွေးချယ် အသုံးပြုပြီး ပြည်ပနိုင်ငံ များက သတ်မှတ်သည့် အရည်အသွေးကိုရရှိစေရန် စိုက်ပျိူးရေးနည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေ ရေးအတွက် တောင်သူများအနေဖြင့် အရည်အသွေးကောင်းပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီအောင် စိုက်ပျိုးနိုင်ပါက ပြည်ပဈေးကွက်တွင် ပိုမိုထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သုံးသပ် မိပါသည်။
DOCA(ကယား)
