Main menu

Aflatoxin အကြောင်းသိကောင်းစရာ

Powered by Drupal
Tue, 09/08/2026 - 12:46 -- consumer_admin

         အစားအစာလုံခြုံရေးသည် လူ့ကျန်းမာရေးအတွက် အလွန်အရေးကြီးသော အခြေခံအချက်တစ်ရပ် ဖြစ်သည်။ သို့သော် မျက်စိဖြင့်မမြင်နိုင်သော မှိုများနှင့် ၎င်းတို့ထုတ်လုပ်သည့် အဆိပ်ဓာတ်များကြောင့် အစားအစာများ ညစ်ညမ်းလာနိုင်သည်။ ထိုအဆိပ်ဓာတ်များအနက် အန္တရာယ်အရှိဆုံးတစ်မျိုးမှာ Aflatoxin ဖြစ်သည်။ ၎င်းသည် လူနှင့်တိရစ္ဆာန်တို့၏ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိ အစားအစာလုံခြုံရေးနှင့် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အထူးအလေးထား စောင့်ကြည့်ရသည့် အဆိပ် ဓာတ်တစ်မျိုးဖြစ်သည်။

          Aflatoxin သည် Aspergillus flavus နှင့် Aspergillus parasiticus ဟုခေါ်သော မှိုမျိုးများမှ သဘာဝအတိုင်း ထုတ်လုပ်သော Mycotoxin (မှိုအဆိပ်)ဖြစ်သည်။ ယင်းမှိုများသည် အပူချိန်မြင့်၍ စိုထိုင်းဆများသော ပတ်ဝန်းကျင်တွင် လျင်မြန်စွာ ပေါက်ဖွားနိုင်ပြီး သီးနှံများနှင့် အစားအစာများကို ညစ်ညမ်းစေသည်။ Aflatoxin တွင် Aflatoxin B1, B2, G1 နှင့် G2 ဟူ၍ အမျိုးအစားများစွာ ရှိသော်လည်း Aflatoxin B1 သည် အဆိပ်အပြင်းဆုံးဖြစ်ပြီး အသည်းကင်ဆာဖြစ်စေနိုင်သောဓာတ် တစ်မျိုးအဖြစ် အသိအမှတ်ပြုထားသည်။

          Aflatoxin ကို မြေပဲနှင့် မြေပဲထွက်ပစ္သစည်းများ၊ ပြောင်းနှင့် ပြောင်းမှုန့်၊ ဆန်နှင့်စပါး၊ ဂျုံနှင့် ဂျုံထွက်ပစ္စည်းများ၊ နှမ်း၊ နေကြာစေ့နှင့် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ၊ ငရုတ်သီးခြောက်နှင့် ဟင်းခတ် အမွှေးအကြိုင်များ၊ တိရစ္ဆာန်အစာများတွင် အများဆုံးတွေ့ရှိနိုင်သည်။ အဆိုပါသီးနှံများကို ရိတ်သိမ်း ပြီးနောက် ကောင်းစွာမခြောက်သွေ့ပါက သို့မဟုတ် စိုထိုင်းသောနေရာတွင် ကြာရှည်သိုလှောင်ထား ပါက မှိုပေါက်ပွား၍ Aflatoxin ထွက်ပေါ်လာနိုင်သည်။

          Aflatoxin သည် လူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသောအခါ အဓိကအားဖြင့် အသည်းကို ထိခိုက်စေသည်။ ရေတိုအတွင်း အဆိပ်ပမာဏများစွာရရှိပါက အသည်းရောင်ခြင်း၊ အစာမကြေခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အသားဝါခြင်းနှင့် ပြင်းထန်ပါက အသက်အန္တရာယ်ထိ ဖြစ်စေနိုင်သည်။ ရေရှည်တွင် ပမာဏနည်းနည်းဖြင့် ဆက်တိုက်စားသုံးမိပါက အသည်းပျက်စီးခြင်း၊ ကိုယ်ခံအား ကျဆင်းခြင်း၊ ကလေးများတွင် ကြီးထွားမှုနှေးကွေးခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အသည်းကင်ဆာ ဖြစ်နိုင်ချေ မြင့်မားလာနိုင်သည်။ အသည်းရောင်အသားဝါဘီပိုး (Hepatitis B) ရှိသူများတွင် အသည်း ကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်တက်နိုင်သည်။ တိရစ္ဆာန်များသည် Aflatoxin ပါဝင်သောအစာကို စားသုံးမိပါက ကြီးထွားမှုနှေးကွေးခြင်း၊ အသည်းပျက်စီးခြင်း၊ မျိုးပွားနိုင်စွမ်းကျဆင်းခြင်းနှင့် နို့ထွက်နှုန်း လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ နို့စားနွားများတွင် Aflatoxin ၏ အချို့ပုံစံများသည် နို့အတွင်း သို့လည်း ရောက်ရှိနိုင်သောကြောင့် လူတို့အတွက်ပါ အန္တရာယ်ရှိလာနိုင်သည်။

          Aflatoxin ဖြစ်ပေါ်မှုကို လျှော့ချရန်အတွက် သီးနှံများကို အချိန်မီရိတ်သိမ်းရန်၊ ရိတ်သိမ်း ပြီးနောက် လျင်မြန်စွာအခြောက်ခံရန်၊ သိုလှောင်ရာတွင် စိုထိုင်းဆနည်းပြီး လေဝင်လေထွက် ကောင်းသောနေရာကို အသုံးပြုရန်၊ မှိုတက်နေသော အရောင်ပြောင်းနေသော အနံ့ဆိုးထွက်နေသော အစားအစာများကို မစားသုံးရန်၊ သီးနှံများကို ပိုးမွှားနှင့် ကြွက်များမဖျက်ဆီးနိုင်အောင် စနစ်တကျ သိမ်းဆည်းရန်၊ အစားအစာထုတ်လုပ်သည့်လုပ်ငန်းများတွင် Aflatoxin စစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ရန် စသည့်အချက်များကို လိုက်နာသင့်သည်။

          ယနေ့ခေတ်တွင် နိုင်ငံတော်များစွာသည် အစားအစာနှင့်တင်ပို့ကုန်များတွင် Aflatoxin ပါဝင်မှု ပမာဏကို သတ်မှတ်ကန့်သတ်ထားကြသည်။ Aflatoxin ပမာဏပါဝင်မှုများသော သီးနှံများသည် ပြည်ပ ဈေးကွက်သို့တင်ပို့ရာတွင် ငြင်းပယ်ခံရနိုင်ပြီး စီးပွားရေးထိခိုက်မှုများလည်း ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် တောင်သူများ၊ ကုန်သည်များနှင့် အစားအစာထုတ်လုပ်သူများသည် အရည်အသွေးထိန်းချုပ်မှု နှင့်မှန်ကန်သော သိုလှောင်မှုနည်းလမ်းများကို လိုက်နာရန် အရေးကြီးသည်။

          Aflatoxin သည် မျက်စိဖြင့်မမြင်နိုင်သော်လည်း လူ့ကျန်းမာရေး၊ တိရစ္ဆာန်ကျန်းမာရေး နှင့် အစားအစာလုံခြုံရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သော မှိုအဆိပ်တစ်မျိုးဖြစ်သောကြောင့် သီးနှံများကို စနစ်တကျစိုက်ပျိုးခြင်း၊ ရိတ်သိမ်းပြီးနောက် မှန်ကန်စွာ အခြောက်ခံခြင်း၊ သန့်ရှင်း၍ ခြောက်သွေ့သော နေရာတွင် သိမ်းဆည်းခြင်းနှင့် အရည်အသွေးစစ်ဆေးခြင်းတို့ကို ဆောက်ရွက် ခြင်းဖြင့် Aflatoxin ၏ အန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်သည်။ အစားအစာလုံခြုံရေးကို အလေးထားဆောင်ရွက်ခြင်းသည် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ပေးရုံသာမက စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လည်းအရေးပါသော အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်သည်။

DOCA(မန္တလေး)