Main menu

နဂါးမောက်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal
Tue, 09/08/2026 - 10:58 -- consumer_admin

 

          နဂါးမောက်သီးသည် အမေရိက အလယ်ပိုင်းနှင့် တောင်အမေရိကဒေသများတ္ငင် စတင်စိုက် ပျိုးပြီး ရှားစောင်းမျိုးနွယ်၀င် အသီးဖြစ်ပါသည်။နောက်ပိုင်းကာလတွင် အာရှနိုင်ငံများတွင် စိုက်ပျိုး လာကြပြီး ယနေ့ခေတ်တွင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊တရုတ်စသည့်နိုင်ငံများတွင် စီးပွားဖြစ် အများအပြားစိုက်ပျိုးလာကြပါသည်။

   နဂါးမောက်သီးပင်သည်ခြောက်သွေ့သောရာသီဥတုနှင့်နေရောင်များများရနိုင်သောနေရာများတွင် ကောင်းစွာရှင်သန်နိုင်ပါသည်။မြန်မာနိုင်ငံတွင်နဂါးမောက်သီးကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်းမြို့နယ်၊ ပုပ္ပားအနီးတဝိုက်တွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြပါသည်။ ထို့အပြင် မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်အနီးတစ်ဝိုက်တွင်လည်း ဧကအများအပြား စိုက်ပျိုးကြပါ သည်။

          နဂါးမောက်သီးကို အကိုင်းဖြတ်ကူး၍ စိုက်ပျိုးခြင်း က အပင်ကြီးထွားမှု မြန်ဆန်ပြီး အသီးသီးနှုန်း ပိုမိုကောင်းမွန်သည်။ ရေဝပ်ခြင်းကို မနှစ်သက်သောကြောင့် ရေနုတ်မြောင်း ကောင်းမွန်သည့် သဲဝန်းမြေ သို့မဟုတ် မြေဩဇာထက်သန်သော နုန်းမြေတွင် စိုက်ပျိုးရသည်။ မြေ pH အဆင့် ၅.၅ မှ ၇ အတွင်း ရှိရန် သင့်တော်သည်။ ကက်တပ်စ်မျိုးနွယ် ဖြစ်သဖြင့် အပင်တွယ်ကပ်ရန်အတွက် ၆ ပေခန့်မြင့်သော ကွန်ကရစ်တိုင် သို့မဟုတ် သစ်သားတိုင် ထူပေးရမည်။ တိုင်၏ ထိပ်တွင် အကိုင်းအခက်များ တွဲလောင်းကျနိုင်ရန် ဘီးတိုင် သို့မဟုတ် ငြမ်း ပြုလုပ်ပေးရန် လိုအပ်သည်။ နေရောင်ခြည် တစ်နေ့လျှင် အနည်းဆုံး ၆ နာရီမှ ၈ နာရီအထိ နေရောင်ခြည် တိုက်ရိုက်ရရှိရန် လိုအပ်သည်။ ရေကို ပုံမှန် လောင်းပေးရမည်ဖြစ်သော်လည်း မြေကြီး ရေမဝပ်စေရန် သတိပြုရမည်။ စိုက်ပျိုးပြီး ၁ နှစ်မှ ၁ နှစ်ခွဲ အတွင်း စတင်အသီးသီးလေ့ရှိပြီး ပန်းပွင့်ပြီး အချိန်မှ ရက်ပေါင်း ၃၀ မှ ၅၀ အတွင်း ရိတ်သိမ်းနိုင်သည်။

နဂါးမောက်သီးတွင် အဖြူ နှင့် အနီဟူ၍ နှစ်မျိုးရှိပါသည်။ အဖြူသည် ကယ်လိုရီနည်း၍ ရေဓာတ်များခြင်း၊ ဖိုက်ဘာဓာတ် အမျှင်ဓာတ် ပိုများ၍ အစာချေဖျက်မှုကို အားကောင်းစေပါသည်။ အနီသည် အဖြူ ထက်ပို၍ အန်တီအောက်စီဒန့်ပိုများပြီး ဗစ်တာလိန်းဟုခေါ်သော အနီရောင်က ပေး သောဓာတ်သည် စိတ်ဖီးစီးမှုကို ကာကွယ်ပေးခြင်း၊ ဗီတာမင် C နှင့် သံဓာတ် ပါ၀င်သောကြောင့် အသားရေကို ကြည်လင်စေပါသည်။ ၀မ်းချုပ်တတ်သူများသည် အဖြူရောင် ကို ပိုစားသုံးသင့်ပါသည်။ သံဓာတ် အားနည်းသူများသည် အနီရောင် ကို ပိုစားပေးသင့်ပါသည်။ ဗီတာမင် C နှင့် B complex (B1, B2, B3) တို့ ပါဝင်သည်။သံဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်နှင့် မဂ္ဂနီစီယမ်တို့ ကြွယ်ဝသည်။ အစာချေစနစ်ကို အဓိက အကူအညီပေးသည့် အမျှင်ဓာတ် မြင့်မားစွာ ပါဝင်သည်။

အင်တီအောက်ဆီးဒင့်များ၊ Betalains၊ Hydroxycinnamates နှင့် Flavonoids တို့ ပါဝင်သဖြင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ နဂါးမောက်သီး စားသုံး‌ပေးခြင်းဖြင့် ရရှိနိုင်‌သော ကျန်းမာရေး အကျိုးကျေးဇူးများမှာ ဗီတာမင် C နှင့် အင်တီအောက်ဆီးဒင့်များ ပါဝင်သဖြင့် ခန္ဓာကိုယ်၏ ရောဂါခုခံအားကို တိုးတက်စေပြီး ရောဂါပိုးမွှားများကို ကာကွယ်ပေးသည်။ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည်။ ထို့ပြင် အူလမ်းကြောင်းရှိ အကျိုးပြုဗက်တီးရီးယား (Prebiotics) များကို တိုးပွားစေသည်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ထိန်းပေးနိုင်သဖြင့် ဆီးချိုရောဂါ ကာကွယ်လိုသူများနှင့် ဆီးချိုသမားများအတွက် ချင့်ချိန်စားသုံးရန် သင့်တော်သည်။ နဂါးမောက်သီးအတွင်းရှိ အစေ့ငယ်လေး များတွင် မပြည့်ဝဆီ (Omega-3 နှင့် Omega-9 Fatty Acids) များ ပါဝင်သဖြင့် မကောင်းသော ကိုလက်စထရော (LDL) ကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေသည်။ သံဓာတ်ပါဝင် သောကြောင့် သွေးအားနည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပြီး ဗီတာမင် C က သံဓာတ်စုပ်ယူမှုကို ပိုမိုအားကောင်းစေသည်။ အင်တီအောက်ဆီးဒင့်များက ဆဲလ်များ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသားအရေကို စိုပြည်ကျန်းမာစေသည်။

နဂါးမောက်သီးများကိုအခွံနွှာ၍ စားသုံးနိုင်သလို ရေခဲမုန့်၊ ဒိန်ချဉ်၊ သစ်သီးသုပ် (Fruit Salad) သို့မဟုတ် ဖျော်ရည်  များပြုလုပ်၍လည်း စားသုံးနိုင်သည်။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် မကွေးမြို့ပေါ်ရှိဈေးများ၌ အလုံး(အကြီး)တစ်လုံးလျှင် ကျပ်(၂၀၀၀မှ ၂၈၀၀)၊ အလုံး(အသေး)တစ်လုံး လျှင် ကျပ်(၁၂၀၀ မှ ၁၈၀၀)ဖြင့်ရောင်းချကြောင်းသိရပါသည်။  အသီးအရွယ်အစား၊ အဖြုအသား၊ အနီအသားပေါ်မူတည်ပြီး အနည်းငယ် အပြောင်းအလဲရှိပါသည်။ နဂါးမောက်သီးသည် ဆွဲဆောင်မှု ရှိသော အသွင်အပြင်နှင့် အရသာစိမ့်ချိုမှုတို့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဗီတာမင်၊ သတ္တု ဓာတ်များနှင့် အမျှင်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည့် သဘာဝ၏ အဖိုးတန်အသီးအနှံတစ်မျိုး ဖြစ်ပါသည်။ ရောဂါဘယများကို ကာကွယ်ပေးပြီး ကျန်းမာရေးနှင့် အသားအရေကိုပါ အထောက်အကူပြုသည့် နဂါးမောက်သီး၏ အကျိုးကျေးဇူးများကို သတိပြု၍ နေ့စဉ်အာဟာရတွင် အချိုးကျ စားသုံးပေးကြမည် ဆိုလျှင် ကျန်းမာရွှင်လန်းသော ဘဝပုံစံကို တည်ဆောက်နိုင်မည်ဖြစ်‌ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။

DOCA(မကွေး)