မြန်မာနိုင်ငံတွင်ရိုးရာလက်မှုလုပ်ငန်းများသည် ပြည်သူတို့၏အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုသည့်အပြင် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းပေး လျက်ရှိပါ သည်။ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများမှာ ဖိနပ်လုပ်ငန်း၊ ဆုံဆီလုပ်ငန်း၊ မုန့်မျိုးစုံလုပ်ငန်း၊ ချည်ထည် ရက်လုပ်သည့်လုပ်ငန်းစသည်တို့ဖြစ်ပြီး ထိုလုပ်ငန်းများအနက် ချည်ထည် ရက်လုပ် သည့်လုပ်ငန်းသည် မြန်မာရိုးရာယဉ်ကျေးမှုနှင့် နီးကပ်ဆက်နွယ်နေသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။
ချည်ကိုအခြေခံ၍ အဝတ်အထည်များထုတ်လုပ်ခြင်းသည် ရိုးရာအသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုသာမက ယခုခေတ်တွင်လည်း ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီအောင် ထုတ်လုပ် နိုင်ပါက MSME လုပ်ငန်းတစ်ရပ်အဖြစ် ဖွံဖြိုးတိုးတက်နိုင်သော အလားအလာရှိသည့် လုပ်ငန်း ဖြစ်သည်။ ချည်ထည်လုပ်ငန်းသည် အညာဒေသ၏ အဓိကလုပ်ကိုင်နေသောအလုပ်လည်း ဖြစ်သည်။
ပခုက္ကူဒေသသည်တွင်လည်း ဒေသခံများ ရိုးရာကျွမ်းကျင်မှုနှင့် ချည်ထည်လုပ်ငန်းများကို အခြေ ခံ၍ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသခံများ အတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါ သည်။ ထို့အပြင် ချည်ထည်ထုတ် ကုန်များကို ရိုးရာပုံစံများသာမက ခေတ်မီဒီဇိုင်း၊ အရောင်းအသွေးနှင့် ထုပ်ပိုးမှု ပုံစံများ ပေါင်းစပ်ထုတ်လုပ်ပါက လူငယ်များနှင့် ခေတ်သစ်ဈေးကွက်ကိုပါ ဆွဲဆောင်နိုင်မည် ဖြစ်သည်။ ထိုသို့ တန်ဖိုးမြင့် ထုတ်လုပ်ခြင်းသည် ဒေသထွက်ကုန်တစ်ခု၏ တန်ဖိုးကိုမြှင့်တင်နိုင် သကဲ့သို့ ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း အရေးပါလှပါသည်။
မြန်မာ့ချည်ထည်လုပ်ငန်းတွင် အများဆုံးအသုံးပြုသည့် ချည်အမျိုးအစားများမှာ ဝါချည် (Cotton)၊ Polyester ချည်၊ရောစပ်ချည်(Cotton-Polyester)၊ Rayon/Viscose ချည်၊ ပိုးချည် (Silk) တို့ဖြစ်သည်။ ဝါချည်သည် မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးသောချည်ဖြစ်၍ လေဝင် လေထွက် ကောင်းပြီး အေးမြမှုကိုပေးသော ချည်အမျိုးအစားလည်းဖြစ်သည်။ Polyester ချည်သည်ခိုင်ခံမှုရှိပြီး မတွန့်သည့်အတွက် ပုဆိုး၊ လုံချည်၊ လက်သုပ်ပုဝါ၊ စားပွဲခင်း ရက်ထည်များ တွင် အများဆုံး အသုံးပြုသည်။ ရောစပ်ချည် (Cotton-Polyester) ချည်အမျိုးအစားသည် ဝါချည် ၏ သက်သာမှုနှင့် Polyester ၏ ခိုင်ခံမှုတို့ကို ပေါင်းစပ်ထားသည့်အတွက် လက်တွေ့အသုံးများ သော ချည်အမျိုးအစား လည်းဖြစ် သည်။ Rayon/Viscose ချည်သည် အထည်အလိပ်ကောင်းသည့် အတွက် ဝတ်စုံဖက်ရှင် ထည်များတွင် အများဆုံးအသုံးပြုကြသည်။ ပိုးချည်(Silk)သည် တန်ဖိုးမြင့် ချည်ထည်များနှင့် ရိုးရာအခမ်းအနား ဝတ်စုံ များတွင် အသုံးပြုမှုအများဆုံးချည်ဖြစ်သည်။
ချည်ထည်လုပ်ငန်း၏ အခြေခံကုန်ကြမ်းမှာ ချည်ဖြစ်ပြီး ချည်အမျိုးအစားရွေးချယ်မှုသည် ထုတ် လုပ်သည့် အထည်အရည်အသွေး၊ ခံနိုင်ရည်၊ နူးညံ့မှုနှင့် ဈေးနှုန်းတို့အပေါ် တိုက်ရိုက်သက် ရောက်မှု ရှိသည်။ ချည်ထည်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးကောင်းမွန်သော ကုန်ကြမ်းရရှိရေးသည် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ချည်ရွေးချယ်မှုပြီးမြောက်လျှင် ဆိုးဆေးသည် လည်း အရေးပါသောအချက်တစ်ချက်ဖြစ်သည်။ဆိုးဆေးတွင် သဘာဝဆိုးဆေးနှင့် ဓာတုဆိုးဆေးဆိုပြီး နှစ်မျိုးရှိပါသည်။ သဘာဝဆိုးဆေး (Natural dyes) သည် အပင်၊အခေါက်၊ အမြစ်၊အရွက်၊အသီးအနှံ တို့မှ ရရှိသော အစိမ်း၊အဝါ၊အညို၊ အနီစသော သဘာဝအရောင်များ ရရှိအောင် အသုံးပြုပြီး ရိုးရာ ချည်ထည်များနှင့် လက်မှုပညာထည်များတွင် အများဆုံးအသုံးပြုခြင်း ကြောင့် တန်ဖိုးကြီးသောဆိုးဆေး ဖြစ်ပါသည်။ ဓာတုဆိုးဆေး (Synthetic dyes) သည် စက်မှု လက်မှုလုပ်ငန်းတွင် ထုတ်လုပ်ထားသော ဆိုးဆေးဖြစ်ပြီး အရောင်မျိုးစုံ ရရှိနိုင်သည်။
ဆိုးဆေးရွေးချယ်မှုသည် ချည်ထည်၏ အရောင်အသွေး၊အရောင်တည်မြဲမှုနှင့် အရည် အသွေးတို့အပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ ရိုးရာချည်ထည်လုပ်ငန်းများတွင် သဘာဝ ဆိုးဆေးများကို အသုံးပြုလာခဲ့ကြသော်လည်း ခေတ်မီထုတ်လုပ်မှုလုပ်ငန်းများတွင် အရောင် အမျိုးမျိုးနှင့် ထုတ်လုပ်မှု ပမာဏကိုလိုက်လျောညီထွေဖြစ်စေရန် ဓာတုဆိုးဆေးများကိုလည်း အသုံးပြုလာကြသည်။ ထို့ကြောင့် ဆိုးဆေးရွေးချယ်ရာတွင် အရောင်လှပမှုသာမက အရောင် တည်မြဲမှု၊ သုံးစွဲသူများအတွက် ဘေးကင်းမှု နှင့် ပတ်ဝန်းကျင်ထိခိုက်မှုတို့ကိုပါ ထည့်သွင်းစဉ်းစာရန် လိုအပ်ပါသည်။
ချည်ထည်လုပ်ငန်းတွင် အဓိကကုန်ကြမ်းမှာဝါချည်ဖြစ်ပြီး ချည်အရည်အသွေးသည် ထုတ် လုပ်မည့် အထည်အရည်အသွေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ချည်တင်သွင်း မှု အခြေအနေကိုကြည့်လျှင် အိန္ဒိယနိုင်ငံသည် အဓိကပေးသွင်းသူနိုင်ငံဖြစ်ပြီး တရုတ်၊ ဗီယက်နမ် နှင့် ထိုင်းနိုင်ငံတို့မှလည်း ချည်များတင်သွင်းအသုံးပြုလျက်ရှိပါသည်။ ပြည်တွင်းချည်ထည် လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အသွေးကောင်းမွန်သော ချည်ကုန်ကြမ်းရရှိရေးသည် လည်း အဓိကအရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ချည်တင်သွင်းမှု(Cotton yarn)ကိုကြည့်လျှင် အိန္ဒိယ၊တရုတ်၊ဗီယက်နမ်၊ ထိုင်း စသည့်နိုင်ငံများသည် ချည်တင်သွင်းမှုနိုင်ငံများဖြစ်သည်။ ဥပမာ - ၂၀၂၄ ခုနှစ်တွင် ဝါ ပါဝင်မှု ၈၅% နှင့် အထက် ရှိသော Cotton yarn အမျိုးအစားတစ်ခုမှာ အိန္ဒိယ 540525 Kg၊တရုတ် 92789 Kg၊ ဗီယက်နမ် 114912 Kg နှင့် ထိုင်းနိုင်ငံထုတ် 29064 Kg ချည်ထည်များကို တင်သွင်းထား ကြောင်း လေ့လာတွေ့ရှိရပါသည်။
ပခုက္ကူဒေသတွင် အသုံးပြုမှုများသော ချည်အမျိုးအစားများမှာ စောင်တန်းများတွင် 7 ချည် နှင့် 10 ချည်များကို အများဆုံးအသုံးပြုကြပြီး ပုဆိုး၊လုံချည်၊လက်သုတ်ပဝါ နှင့် စားပွဲခင်းများတွင် ၂/၈၀ ချည် များကိုအသုံးပြုကြသည်။ ရက်ကန်းစင်၌ ချည်ထည်များထုတ်လုပ်ရာတွင် တိုင်ချည်နှင့် ဖောက် ချည်များကို အဓိက လိုအပ်သောကုန်ကြမ်းပစ္စည်းဖြစ်သည်။
ပခုက္ကူဒေသ၏ ချည်ထည်လုပ်ငန်းတွင် စောင်တန်းသည်အဓိကထင်ရှားသော ထုတ်ကုန် တစ်မျိုးဖြစ်ပြီး ဝါဒစောင်၊ခြုံစောင်နှင့် လွှာချင်းစောင် ဟူ၍ ထုတ်ကုန်ပုံစံ အမျိုးမျိုး ကိုတွေ့ရှိ ရသည်။ စောင်များကို ထုတ်လုပ်ရာတွင် အသုံးပြုသည့်ချည်များကိုလည်း မိမိဒေသ၏ အခေါ် အဝေါ်များအရ 7 ချည်၊ 10 ချည်ဟူခေါ်ကြပြီး ချည်၏ အရွယ်အစားပေါ်မှုတည်၍ ထုတ်လုပ်သည့် စောင် အထူအပါး၊ နူးညံ့မှုနှင့်ခိုင်ခံ့မှုတို့လည်းကွာခြားနိုင်သည်။ စောင်တစ်ထည်ဖြစ်ပေါ်ရန်အတွက် ပထမအဆင့်တွင် ကုန်ကြမ်းချည်များကို လိုအပ်သောအရောင်များရရှိရန်အတွက် ဆေးဆိုးဖို အပ်ခြင်း၊ဆိုးဆေးဖိုမှရရှိ လာသောချည်များကို တိုင်ချည်နှင့် ဖောက်ချည်အတွက် ရွေးချယ်၍ ချည်စာနင်းခြင်းပြုလုပ်ရသည်။ ချည်စာနင်းခြင်းသည် ချည်သားများကို တောင့်တင်းခိုင်မာ စေရန်၊ ရက်လုပ်နေစဉ် ချည်များပြတ် တောက်မှုကိုလျော့နည်းစေသည့်အပြင် စောင်၏ခိုင်ခံ့မှုနှင့် ကြာရှည် အသုံးပြုမှုအတွက်လည်း အထောက်အကူဖြစ်စေသည်။ ထို့ကြောင့် ချည်စာနင်းခြင်းသည် စောင် တစ်ထည်ရက်လုပ်ရာတွင် မဖြစ်မနေ လိုအပ်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
ချည်စာနင်း၍ရရှိလာသောချည်များကို ချည်ချခြင်း၊လိပ်တုန်းရှည်ခြင်း၊ ရက်ကန်းဆက်ခြင်း များ ပြုလုပ်ရသည်။ ရက်ကန်းဆက်ခြင်းပြီးမြောက်ပါက နှပ်အလွှားအရေအတွက် ပေါ်မူတည်၍ လိုအပ်သောချည်နင်းတုန်းများကိုတပ်ဆင်ရသည်။ ထိုသို့ရက်ကန်းစင်၏အစိတ် အပိုင်းများကို စနစ်တကျတပ် ဆင်ပြီးမှသာ တိုင်ချည်နှင့် ဖောက်ချည်တို့ပေါင်းစပ်၍ အထည်အဖြစ်ရက် လုပ်နိုင် မည်ဖြစ်ပါသည်။
ရှေးယခင်က မြန်မာ့စကားပုံတွင် (မိုးရွာတုန်းရေခံ၊လသာတုန်းဗိုင်ငင်)ဆိုသည့် အတိုင်း ပခုက္ကူ ဒေသ၏ ချည်ထည်လုပ်ငန်းတွင် ရှေးယခင်က လက်ရက်ကန်းများကို အသုံးပြု၍ ရိုးရာနည်း လမ်းဖြင့် ချည်ထည်စောင်များ ရက်လုပ်ခဲ့ကြသည်။ လက်ရက်ကန်းသည် လုပ်သား ကျွမ်းကျင်မှုနှင့် အချိန် ပိုမိုလိုအပ်သော်လည်း ရိုးရာလက်မှုပညာ၏ တန်ဖိုးကိုထင်ဟပ်စေသည့် လုပ်ငန်းစဉ် တစ်ရပ်လည်း ဖြစ်သည်။ ယခုခေတ်တွင် သစ်သားဖြင့်လုပ်ထားသော ရက်ကန်းစင်များ ရှားပါးလာပြီး သစ်သား ရက်ကန်စင်တွေအစား စက်ရက်ကန်းများပေါ်ပေါက်ထွန်းကားလာခဲ့ သည်။ စက်ရက်ကန်းရက်ရာတွင် အချိန်ကုန်သက်သာစေပြီး အထည်အရေအတွက် လည်း (၂)ဆရက် လုပ်လာနိုင်သည်။
ပခုက္ကူဒေသ၌ ယခင်က သစ်သားဖြင့် ပြုလုပ်သော လက်ရက်ကန်းများကို ရပ်ကွက်အနှံအပြား တွင်အသုံးပြုခဲ့ပြီး ယခုအချိန်တွင် လက်ရက်ကန်းအစားစက်ရက်ကန်းများကို အသုံးပြုမှု ပိုမိုများပြား လာခဲ့သည်။ စက်ရက်ကန်းကို (၂၀၁၆-၂၀၁၇)ခုနှစ်များတွင် စတင် အသုံးပြုလာပြီး စက်ရက်ကန်း တစ်စင်၏ တန်ဖိုးမှာ သိန်း(၇၀)ရှိခဲ့ပြီး ယခုခေတ်တွင် စက်ရက်ကန်းတစ်စင်၏ တန်ဖိုးမှာ သိန်း(၉၀) ရှိပြီး လျှပ်စစ်မီးနှင့် လျှပ်စစ်မီးပျက်ပါက ဆိုလာမီးများနှင့် ရက်လုပ်လာကြသည်။ စက်ရက်ကန်းနှင့် လက် ရက်ကန်းတွင် အသုံးပြုသော ချည်အမျိုးအစားမှာ တိုင်ချည်မှာ (7/ချည်)ဖြစ်ပြီး ဖောက်ချည်မှာ (10/ ချည်) ကို အသုံးပြုကြသည်။
စက်ရက်ကန်းနှင့် လက်ရက်ကန်းတစ်တန်းတွင် တိုင်ချည်ကို (၁-ဘေ)နှင့် (၂)ထုပ် အသုံးပြု ရပြီး ဖောက်ချည်ကို (10/ချည်)ထုပ် (၅)ထုပ်အသုံးပြုရသည်။ တိုင်ချည်တွင် တစ်ဘေလျှင် ချည်ခင် (၃၆) ခင်ပါသောအထုပ်(၁၂)ဖြစ်ပြီး ဖောက်ချည်တွင် အခင်(၆၀)ပါ (၅)ထုပ် တစ်ထုပ်လျှင် (၁၂)ခင် ပါရှိပါသည်။ ရက်ကန်းတစ်စင်အတွက် ကုန်ကျစရိတ်မှာ တိုင်ချည်နှင့်ဖောက်ချည် ကျပ် (၁၀၀၀၀၀၀)၊ ချည်များကို အရောင်ဆေးဆိုးရန်ကျပ် (၃၀၀၀၀၀)၊ ချည်စာနင်းခမှာကျပ် (၇၀၀၀၀)၊ ချည်ချခမှာ ကျပ်(၃၅၀၀၀)၊ ရက်ဖောက်ယောက်ခမှာ ကျပ်(၂၉၀၀၀)၊ ရက်ကန်းခက်ခမှာ အထည် အရေအတွက် ပေါ်မှုတည်၍ လက်ရက်ကန်းတွင် ခက်ခတစ်ထည်လျှင် ကျပ်(၂၅၀၀)၊ စက်ရက် ကန်းတွင်ခက်ခမှာ တစ်ထည်လျှင် ကျပ် (၁၂၅၀)ကုန်ကျပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၁၅၀၇၇၅၀)ဖြစ်ပါသည်။
ရက်ကန်းတစ်စင်တွင် အကုန်ပြီးပြည့်စုံပြီးရက်လုပ်ပါက အထည် (၅၈)ထည်မှ (၅၉)ထည်ထိ ထွက်ရှိပြီး ချည်စောင်တစ်ထည်လျှင် ကျပ်(၂၈၀၀၀)ဖြင့် ရောင်းချရပြီး အမြတ်အစွန်းအနေဖြင့် တစ် ထည်လျှင်ကျပ်(၁၀၀၀)သာကျန်ရှိပြီး ရက်ကန်းတစ်စင်လျှင်ကျပ် (၆၀၀၀၀)ခန့်သာကျန်ရှိပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များ ကျဆင်းပါက အမြတ်အစွန်းများစွာ ကျန်ရှိမှာဖြစ်ပါသည်။
ပခုက္ကူဒေသချည်ထည်လုပ်ငန်းများနှင့် MSMEကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ချည်များ၏အထွေထွေကုန်ကျစရိတ်များသက်သာမည် ဆိုပါက မြို့နေ လူတန်းစား များအလုပ်အကိုင်အခွင်အလမ်းများ များစွာတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း အကြံ ပြုရေးသားလိုက်ရပါသည်။
DOCA(မကွေး)
