မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၏ စီးပွားရေးအချက်အချာချသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး “ဧရာအနောက်မြို့တော်” ဟုလည်းခေါ်တွင်သည်။ စိုက်ပျိုးရေးကိုအခြေခံပြီး ဆီထွက်သီးနှံ အဓိက စိုက်ပျိုးသောဒေသတစ်ခု ဖြစ်သည်။ ပခုက္ကူကုန်စည်ဒိုင်၏ ဆီထွက်သီးနှံဈေးကွက်သည် အညာဒေသ၏ ကုန်စည်စီးဆင်းရာ နေရာတစ်ခုဖြစ်ပြီး နှမ်း၊ မြေပဲ နှင့် နေကြာ၊ ဝါ စသည့် သီးနှံများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဈေးကွက်ဝယ်လိုအားနှင့် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကြောင့် ဆီထွက်သီးနှံ ဈေးနှုန်းနှင့် စားသုံးဆီဈေးနှုန်းများသည် မြင့်မားခိုင်မာသော ဈေးကွက်အခြေအနေတစ်ခုတွင် ရှိနေပါ သည်။
မြေပဲ
မြေပဲသီးနှံ သည် မြေပဲကို ဆီကြိတ်ရုံတင်မက ပြည်ပပို့ကုန်အဖြစ်လည်းကောင်း၊ ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများတွင်လည်းကောင်း ပုံစံမျိုးစုံဖြင့် အသုံးပြုကြသည်။ မြေပဲလှော်၊ မြေပဲ ယို၊ မြေပဲထောပတ်၊ အကြော်အလှော်များနှင့် ဟင်းခတ်အမွှေးအကြိုင်များအဖြစ် ပြည်တွင်း၌ နေ့စဉ် မရှိမဖြစ် အသုံးပြုကြသည်။ မြေပဲဆံသည် ဆီထွက်နှုန်းကောင်းမွန်သဖြင့် အဆင့်မြင့် မြေပဲဆုံဆီသန့် ထုတ်လုပ်ရန် အဓိကအားကိုးရသည်။ မြေပဲကြိတ်ပြီး ထွက်လာသည့် မြေပဲဖတ်သည် ပရိုတင်းဓာတ် ကြွယ်ဝသဖြင့် မွေးမြူရေးအစာစက်ရုံများက အလုအယက် ဝယ်ယူနေကြသည်။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (တတိယ ပတ်)၏ မြေပဲဆံ(ပြန့်ဆံ)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ ပဲဆီသန့် တစ်ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ဆုံဆီ ကျပ်(၂၅၀၀၀)၊ ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၇၂၀၀)ဈေးရှိပြီး ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးမြင့်တက်ကြောင်းသိရပါသည်။
နှမ်း
နှမ်းသီးနှံ သည် ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးသည့် အဓိက ဆီထွက် သီးနှံဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နှမ်း အများဆုံးစိုက်ပျိုး ထုတ်လုပ်သည့် နိုင်ငံများတွင် ပါဝင်နေပြီး "မြန်မာ့နှမ်း"သည် ကမ္ဘာ့ဈေးကွက်တွင် အရည်အသွေးကြောင့် အောင်မြင် လျက်ရှိသည်။ နှမ်းနက် (စမုံ)ကို ပြည်ပ (ဂျပန်၊တရုတ်)ဈေးကွက်က ကြိုက်နှစ်သက်ပြီး ဈေးအမြင့် ဆုံးရသည့် နှမ်းအမျိုးအစားတစ်ခုဖြစ်သည်။ နှမ်းဖြူ ကို မုန့်ပဲသရေစာ (လက်ဖက်သုပ်၊ နှမ်းပစ်မုန့်၊ နှမ်းယို)များတွင် ကပ်ရန်နှင့် ဆီကြိတ်ရန်အတွက် အသုံးပြုပြီး ပြည်ပ ဝယ်လိုအားလည်း ပုံမှန်ရှိသည်။ နှမ်းနီ/နှမ်းညို သည်ဆီ ထွက်နှုန်း အလွန်ကောင်းမွန်သဖြင့် ဆီစက် ပိုင်ရှင်များက ဆီဆံအဖြစ် အဓိကအဝယ်များသည်။ ဩဂုတ်လ (တတိယပတ်)တွင် ပေါက်ဈေးမှာ နှမ်းဆီသန့် တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊နှမ်းနက် (စမုံ)တစ်တင်းလျှင် ကျပ်(၁၆၀၀၀၀)၊နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀) ဈေးရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက အနည်းငယ်ဈေးမြင့်တက်ကြောင်း သိရပါသည်။
နေကြာ
နေကြာသီးနှံ သည် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် အားအထားရဆုံးနှင့် စိုက်ပျိုးမှု တိုးတက်လာနေသည့် မရှိမဖြစ် ဆီထွက်သီးနှံတစ်ခုဖြစ်သည်။ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး ဆီထွက်နှုန်း ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးတွင် လူကြိုက်များကြသည်။ နေကြာဆီသန့်သည် ကိုလက်စထရောမပါဝင်ခြင်း၊ ဗီတာမင်အီးကြွယ်ဝခြင်းနှင့် အနံ့အရသာ ပေါ့ပါးခြင်းတို့ကြောင့် နှလုံး ရောဂါနှင့် သွေးတိုးရောဂါ ရှိသူများအတွက် အထူးသင့်လျော်သော အဆင့်မြင့်စားသုံးဆီဖြစ်သည်။ ဆီကြိတ်ရန်မဟုတ်ဘဲ အစေ့ကြီးသော နေကြာမျိုးများကို စားသောက်ကုန်အဖြစ် စိုက်ပျိုးကာ နေကြာစေ့လှော်အဖြစ် မုန့်လုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ဩဂုတ်လ (တတိယပတ်)တွင် ပေါက်ဈေးမှာ နေကြာဆီ တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀ မှ ၂၂၀၀၀)ဈေးရှိပြီး ယခင်လနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်ကြောင်း သိရပါသည်။
ဝါ
ဝါသီးနှံ သည် ပခုက္ကူဒေသအပါအဝင် အညာဒေသတွင် ရှေးယခင်ကပင် အစဉ်အဆက် စိုက်ပျိုးလာခဲ့ကြသော အရေးကြီးဆုံး စက်မှုကုန်ကြမ်းသီးနှံ တစ်ခု ဖြစ်သည်။ ချည်မျှင်ထုတ်လုပ်ရန် သာမ စားသုံးရန် ဝါစေ့ဆီ ထုတ်လုပ်သောသီးနှံဖြစ်သည်။ (ဝါပေါက်) အဖူးများကို ဆွတ်ခူးပြီးနောက် ဝါကြိတ်စက်ရုံများတွင် ကြိတ်ခွဲကာ အထည်အလိပ်၊မျက်နှာသုတ်ပဝါနှင့်အဝတ်အထည်မျိုးစုံ ပြုလုပ် ရန်အတွက် အဓိကကုန်ကြမ်းဖြစ်သည်။ ဝါကြိတ်ပြီးနောက် ဝါစေ့ဆီအဖြစ် ပြန်လည်ကြိတ်ခွဲ စားသုံး ကြသည်။ဆီကြိတ်ပြီးထွက်လာသည့် ဝါကြိတ်ဖတ်များကို မွေးမြူရေးလုပ်ငန်းများအတွက် မရှိ မဖြစ် သောအစာတစ်မျိုးဖြစ်သည်။ လက်ရှိတွင် ပြည်တွင်း၌ဝါ တိုးချဲ့စိုက်ပျိုးရေးကို တွန်းအားပေး နေခြင်းနှင့် စားသုံးဆီလိုအပ်ချက်ကြောင့် ဝါထွက်ပစ္စည်းများ အားလုံးဈေးကွက်ခိုင်မာနေသည်။ ဩဂုတ်လ(တတိယပတ်)တွင် ဝါစေ့ဆီသန့် ပေါက်ဈေးတစ်ပိဿာလျှင် ကျပ်(၁၃၅၀၀ - ၁၅၀၀၀) ဈေးရှိပြီး ယခင်လနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်ကြောင်း သိရပါသည်။
ဈေးကွက်သုံးသပ်ချက်
လက်ရှိကာလသည် သီးနှံအသစ်မပေါ်မီ လက်ကျန်နည်းပါးချိန်ဖြစ်ခြင်း၊ ဈေးကွက်အတွင်း ပစ္စည်းရရှိမှုကျပ်တည်းကာ ဈေးနှုန်းများမြင့်တက်နေခြင်း၊ ဆီကြိတ်ပြီးထွက်လာသည့် ပဲဖတ်၊ နှမ်းဖတ်များလည်း အဝယ်လိုက်နေခြင်း၊ တောင်သူများအနေဖြင့် သွင်းအားစုစရိတ် မြင့်မားခြင်း တို့ကြောင့် ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်သည်။
ဈေးကွက်အလားအလာ
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုအပေါ် ထိန်းချုပ်ထားပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးကို အဓိက တွန်းအားပေးနေခြင်းကြောင့် ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီ နေကြာဆီနှင့် ဝါစေ့ဆီ ထုတ်လုပ်သူများအတွက် ဈေးကွက်ဝယ်လိုအားသည် ရေရှည်တွင် ခိုင်မာတည်တံ့စွာ ရှိနေဦးမည် ဖြစ်သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပခုက္ကူမြို့နယ်အတွင်း ဆီထွက်သီးနှံစိုက် တောင်သူများကို အတိုးနှုန်းသက်သာသော ချေးငွေများ ပံ့ပိုးပေးခြင်းကြောင့် စိုက်ပျိုးထုတ်လုပ်မှု အလားအလာ ပိုမိုအားကောင်းလာနိုင်သည်။ မြန်မာနိုင်ငံ၏ အဓိကဆီအိုးကြီးဖြစ်သော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသအပါအဝင် ဆီထွက်သီးနှံများ၏ ရှေ့ဆက်ဖြစ်ပေါ်လာမည့် ဈေးကွက်အလားအလာ သည် ကောင်းမွန်သောဘက်တွင်ရှိနေပြီး ဈေးကွက်ခိုင်မာမှု အားကောင်းလာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA(မကွေး)
