Main menu

မြန်မာသမိုင်းဝင် ရွှေဘိုသနပ်ခါး ကုန်ကြမ်း၊ ကုန်ချောဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

Powered by Drupal
Mon, 08/31/2026 - 15:25 -- consumer_admin

    ရွှေဘိုသနပ်ခါးသည် အပူပိုင်းဒေသ၏ ရတနာတစ်ပါးဖြစ်သည့် မြန်မာသနပ်ခါးဖြစ်ပြီး မြန်မာ့ ယဉ်ကျေးမှုအစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် သနပ်ခါးကို ချစ်ခြင်းသည်လည်း မြန်မာ့ယဉ်ကျေးမှုကို ချစ်ခြင်းဖြစ်ပါသည်။ ရွှေဘိုသနပ်ခါးသည် မြန်မာနိုင်ငံတွင် လူသိများသည့် သနပ်ခါးအမျိုး အစားတစ်ခု ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသနဲ့ ဆက်စပ်ကာ လူသိများလာကြပါသည်။ သနပ်ခါးသည် အသားအရေကိုအေးမြစေပြီး နေရောင်နှင့်အပူဒဏ်ကြောင့် အသားအရေပူလာတဲ့အခါ သက်သာစေဖို့ အသုံးများကြောင်း၊ သနပ်ခါးသည် မြန်မာအမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများပါမကျန် ရာစုနှစ်များစွာ အသုံးပြုလာကြပြီး သနပ်ခါးအမြစ်နှင့် အရွက်များကိုလည်း ဆေးဘက်ဝင်ရန် အသုံးပြုကြပါသည်။

       ရွှေဘိုခရိုင်အနေဖြင့် သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးသော်လည်း သနပ်ခါး ရောင်းချမှုတွင် ရွှေဘိုသနပ်ခါးဟူ၍ ဈေးကွက်တွင် နာမည်ကျော်ကြားလျှက်ရှိပြီး ရွှေဘိုသနပ်ခါး သီချင်းသည်လည်း နာမည်ကျော်ကြားခဲ့ပါသည်။ ရွှေဘိုသနပ်ခါးရောင်းချသူများအနေဖြင့် သနပ်ခါးကို ယခင်က ကုန်ကြမ်း အဖြစ်သာရောင်းချခဲ့ကြသော်လည်း ပြောင်းလဲလာသည့် ခေတ်နှင့်အညီ သနပ်ခါးကြိုက်သူများအနေဖြင့် သနပ်ခါးလိမ်းရန် ကျောက်ပျဉ်မလိုဘဲ အလွယ်တကူ အသုံးပြု နိုင်ခြင်းနှင့် သယ်ယူနိုင်ခြင်းစသည့် အားသာချက်များကြောင့် သုံးစွဲသူများအကြိုက် စီးပွားရေး လုပ်ငန်းရှင်များမှ အသင့်အသုံးပြုနိုင်သည့် ကုန်ချောအဖြစ်ထုတ်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလာ ကြပါသည်။

သနပ်ခါးချောင်းရောင်းချမှုနှင့် ဈေးနှုန်းအခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုမြို့ရှိ သမိုင်းဝင် ရွှေတန်ဆာဘုရား၏ တောင်ဘက် စောင်းတန်းတွင် “မြန်မာသမိုင်းဝင် သနပ်ခါးမြို့တော် မွှေးကြိုင်လန်းဆန်း ရွှေတန်ဆာ သနပ်ခါးတန်း” ဟူ၍ဆိုင်းဘုတ်ထောင်ထားပြီး ရွှေဘိုသနပ်ခါးတုံးများကို အမှတ်တံဆိပ် အမျိုးမျိုး ရိုက်နှိပ်ကာ တစ်စု တစ်ဝေးတည်းရောင်းချကြပါသည်။ အဆိုပါဘုရားစောင်းတန်းတွင် နေ့စဉ်နံနက် (၇:၀၀)နာရီအချိန်မှ ညနေ(၇:၀၀)နာရီအချိန်ထိ ရောင်းချကြပြီး သနပ်ခါးဆိုင်ခန်းပေါင်း (၄၇)ခန်းရှိ၍ လက်ရှိတွင် (၃၆)ခန်းသာ ရောင်းချလျက်ရှိပါသည်။ သနပ်ခါးတန်းတွင်ရောင်းချသည့် သနပ်ခါးများကို မုံရွာခရိုင်၊ အရာတော်မြို့နယ်မှ အဓိကထား၍ဝယ်ယူရပြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ တအုံကျေးရွာ၊ အုန်းပေါက်ကျေုးရွာ၊ မောင်းတက် ကျေးရွာ၊ ကိုးပင်ကျေးရွာ၊ တမာကျေုးရွာနှင့် ခင်ဦးမြို့နယ်ရှိ ရွာသာကျေးရွာ၊ ရှောက်ခါးကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ရွာစဉ်ကျေးရွာ၊ ရှားလွင်ကျေးရွာများအပြင် ကျောက်မြောင်းမြို့မှလည်း ဝယ်ယူရရှိ ကြောင်းသိရှိရပါသည်။ သနပ်ခါးများဝယ်ယူမည်ဆိုပါက ပွဲစားများမှတစ်ဆင့် ချိတ်ဆက်ဝယ်ယူရကြောင်း၊ ပွဲစားများမှ သနပ်ခါးရောင်းချမည့်ခြံများကို စုံစမ်း၍ အကြောင်းပြန်ပေးကြောင်း၊ သနပ်ခါးအပွေးပေါ် မူတည်၍ ခြံပြတ်ဈေးဖြင့် ဝယ်ယူရကြောင်း၊ ဝယ်ယူပြီး သနပ်ခါးများကို ဝယ်ယူသူမှ သနပ်ခါးပင်တူးခ၊ အပင်ဖြတ်ခနှင့် ကားဖြင့်သယ်ယူပို့ဆောင်ခများ ကုန်ကျခံရကြောင်းသိရှိရပါသည်။ ရွှေဘိုမြို့ ရွှေတန်ဆာ ဘုရားသနပ်ခါးတန်းတွင် စိန်မင်းမျိုးနှင့် နှစ်ရှည်မျိုးတို့ကိုရောင်းချကြပြီး စိန်မင်းမျိုးသည်ဈေးပိုရကြောင်း သိရှိရပါသည်။ ရောင်းချရာတွင် သနပ်ခါးအပွေးပေါ်မူတည်၍ တစ်တုံးလျှင်(၁၀၀ဝိ/-)မှ(၃၅၀ဝိ/-) ထိရောင်းချရကြောင်း၊ အပင် ဖြတ်များကို အချောင်းလိုက်ရောင်းချပါက တစ်ချောင်းလျှင် (၁၀၀၀ဝိ/-) မှ(၃၀၀၀ဝိ/-) ထိရောင်းချရပြီး တစ်ချောင်းလျှင်(၁၀)ဖြတ်ရရှိကြောင်း သိရှိရသည်။

ကုန်ချောအဖြစ်ထုတ်လုပ်ရောင်းချမှုနှင့် ဈေးနှုန်းအခြေအနေ

      သနပ်ခါးကို ကုန်ကြမ်းအနေဖြင့် ရောင်းချသည့်အပြင် ရွှေဘိုသနပ်ခါးအမြစ်ခဲ၊ ထောပတ်စေ့ ဆန်ကော်လဂျင်သနပ်ခါးခဲ၊ သဘာဝခရေသနပ်ခါးခဲ၊ နံ့သာဖြူ သနပ်ခါးခဲ၊ ရွှေဘိုသနပ်ခါး လက်သွေးခဲ၊ ထောပတ်စေ့သနပ်ခါးခဲ၊ ရှင်မတောင်သနပ်ခါးခဲ၊ ကံ့ကော်ဝတ်ဆံ သနပ်ခါးအမြစ်ခဲ၊ တောင်တန်ကြီး သနပ်ခါးခဲ၊ ရွှေဘိုသနပ်ခါးအပွေးခဲ၊  လက်သွေးသနပ်ခါးခဲစသည်ဖြင့် မျက်နှာတွင်အသင့်သွေးပြီး လိမ်းနိုင်သည့် အခဲ(၁၁)မျိုးထုတ်လုပ်ပြီး လက်သွေးအနှစ်၊ စက်ကြိတ်သနပ်ခါးခဲ၊ သနပ်ခါးအမြစ်မှုန့်၊ သနပ်ခါးအပွေးမှုန့်များနှင့် သနပ်ခါးအမွှေးတိုင်များကိုလည်း သုံးစွဲသူအကြိုက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလာကြပါသည်။ ကော်လဂျင်ပါသည့်သနပ်ခါးခဲ တစ်ခဲလျှင် (၁၂၀၀ဝိ/-)၊ ကျန်သနပ်ခါးခဲ (၁၀)မျိုးမှာ တစ်ခဲလျှင်(၆၅၀ဝိ/-)နှင့် လက်သွေးအနှစ်တစ်ဗူးလျှင်(၁၀၀၀ဝိ/-)ဖြင့် ရောင်းချကြောင်း၊  စက်ကြိတ်သနပ်ခါးခဲ()မျိုး ထုတ်လုပ်ပြီး အမျိုးအစားအပေါ်မူတည်၍ ()ခဲတစ်ထုတ်လျှင်(၂၅၀ဝိ/-) (၄၀၀ဝိ/-)နှင့် ()ခဲတစ်ထုတ်လျှင်(၄၀၀ဝိ/-)(၅၀၀ဝိ/-)နှင့် သနပ်ခါးအမွေးတိုင် တစ်ဗူးလျှင်(၁၀၀၀ဝိ/-တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

ဈေးကွက်အခြေအနေ

           ဈေးကွက်အနေဖြင့် အွန်လိုင်းရောင်းချမှုများ ခေတ်စားလာမှုကြောင့် သနပ်ခါးကုန်ကြမ်းနှင့် ကုန်ချောရောင်းချမှုတွင် အရောင်းအဝယ် ပိုမိုတွင်ကျယ်လာကြောင်းလည်း သိရှိရပါသည်။ ယခင်က လာရောက်ဝယ်ယူသူများသော်လည်း ယခုအချိန်တွင် Online မှ ရောင်းချရသည်ကများကြောင်း၊ Online ဈေးကွက်အနေဖြင့် ရန်ကုန်နှင့်ဧရာဝတီဘက်မှ အဝယ်များသည့်အပြင် နေရာအနှံ့အပြားသို့ ရောင်းချ ရကြောင်း၊  မြို့ပေါ်နှင့်အနီးဝန်ကျင်မှ လာရောက်ဝယ်ယူသူများလည်းရှိကြောင်း၊  အနယ်နယ်အရပ်ရပ်သို့ ခရီးသွားသူများမှလည်း ပြန်လည်ရောင်းချရန်နှင့် အမှတ်တရလက်ဆောင်ပေးရန်အတွက် ဝယ်ယူသည် များလည်းရှိကြောင်း၊ ရွှေတန်ဆာဘုရားသနပ်ခါးတန်းတွင် ပုံမှန်ရောင်းချသည့် ဈေးသည်အရေအတွက် နည်းပါးရခြင်း မှာလည်း ခေတ်အခြေအနေအရ ယခင်ကထက် ကိုယ်တိုင်လာရောက်ဝယ်ယူသည့်သူ နည်းပါးပြီး Onlineဈေးကွက် တွင်ကျယ်လာသည်နှင့်အမျှ ရောင်းချသည့်ဆိုင်ခန်းထက် နေရာ ကျယ်ဝန်းသည့် အိမ်တွင် ထုတ်ပိုးခြင်များဆောင်ရွက်၍ Onlineမှ မှာယူသည်များကို ပေးပို့ရခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

လုပ်ငန်းရှင်များရင်ဆိုင်နေရသည့်အခက်အခဲနှင့်စိန်ခေါ်မှုများ

          သနပ်ခါးကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများ အလုံအလောက်ရှိမှသာ ကုန်ချောကို မပြတ်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လိုအပ်သောကုန်ကြမ်းများကို  အဆက်မပြတ် ဝယ်ယူ သိုလှောင်ရသဖြင့် ငွေကြေးအရင်းအနှီးလိုအပ်ခြင်း၊ တိုးတက်လာသည့် ခေတ်နှင့်အညီ သနပ်ခါးကုန်ချော ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များပြားလာသဖြင့် အရည်အသွေးနှင့် ဈေးကွက်ထိန်းသိမ်း ရခြင်း၊ ပြည်တွင်း၊ ပြည်ပထုတ် Skin Care အမျိုးမျိုးခေတ်စားလာသည်နှင့်အညီ သနပ်ခါးဈေးကွက် ပျောက်ကွယ်နိုင်သဖြင့် မြန်မာလူမျိုးများ သနပ်ခါးကို နှစ်သက်စွာအသုံးပြုကြမှသာ ဈေးကွက်ခိုင်မာနိုင်ကြောင်း သိရှိရပါသည်။

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိ ရာရွှေဘိုသနပ်ခါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းကို ဖွဲ့စည်းပေးထားပြီး (၁၉.၂.၂၀၁၉) ရက်နေ့ ၁၃၈၀ခု၊ တပို့လပြည့်နေ့တွင် မြန်မာသနပ်ခါးနေ့ပွဲတော်ကို သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဌာနမှဦးဆောင်၍ ရွှေဘိုသနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် မြို့မိ၊ မြို့ဖများဖြင့်ညှိနှိုင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ သနပ်ခါးပွဲတော်နေ့တွင် သမိုင်းဝင်ရွှေတန်ဆာဘုရားအား သနပ်ခါးမီးပူဇော်ခြင်းနှင့် သနပ်ခါးယဉ်ကျေးမှု အသိပညာပေး စာပေ ဟောပြောပွဲကိုလည်း ကျင်းပခဲ့ကြကြောင်း သိရှိရရှိပါသည်။

     သနပ်ခါးကုန်ကြမ်းနှင့် ကုန်ချောထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ပိုမို အရည်အသွေးရှိသည့်သနပ်ခါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရန်  စနစ်တကျဆောင်ရွက်လျက် ရှိသောကြောင့် သနပ်ခါးဈေးကွက်ရေရှည်တည်တံ့ကာ သနပ်ခါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)