
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ပေါက်ခေါင်းမြို့နယ် နှင့် ပန်းတောင်းမြို့နယ်ဟူ၍ မြို့နယ်(၄)မြို့နယ်ရှိရာ ပြည်မြို့နယ်နှင့်ရွှေတောင်မြို့နယ်တို့တွင် ပန်းမျိုးစုံ စီးပွားဖြစ်စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။လယ်ယာထွက်ကုန် သီးနှံများထဲတွင် ပန်းမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုမှာ ပါဝင်နေသဖြင့်စီးပွားဖြစ်ပိုမိုတိုးချဲ့ထုတ်လုပ် တင်ပို့ရောင်းချနိုင် မည်ဆိုလျှင် စိုက်ပျိုးသူ၊ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ရောင်းချသူ၊ ရောင်းဝယ်ဖောက်ကားသူများအနေဖြင့် အကျိုး အမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ စီးပွားဖြစ်ပန်းစိုက်ပျိုးခြင်းသည် ဈေးကွက်လိုအပ်ချက်အရ စနစ်တကျ အမြတ်အစွန်းရရှိရန် စိုက်ပျိုးထုတ်လုပ်သည့် စိုက်ပျိုးရေး စီးပွားရေးလုပ်ငန်း ဖြစ်ပါသည်။ပန်းများကို အိမ်တိုင်းလိုလိုနေ့စဉ်အသုံးပြုလျှက်ရှိပြီး ဘာသာရေးပွဲ၊ ယဉ်ကျေးမှု့ပွဲ၊ လူမှုရေးပွဲများ၊ မင်္ဂလာဆောင်ပွဲများ၊ မွေးနေ့ပွဲများနှင့် ပွဲအမျိုးမျိုးတို့တွင်လည်း အသုံးပြုကြပါသည်။ စီးပွားရေးတိုးတက်လာသည်နှင့် အညီ အိမ်ထောင်စုများ၏ သုံးစွဲနိုင်သောဝင်ငွေများ တိုးတက်လာ သည်နှင့်အမျှ ပန်းအသုံးပြုမှုမှာ ပိုမိုများပြားလာပါသည်။ မြို့ပြများထွန်းကားလာမှုကြောင့် ပန်း အသုံးပြုမှု မှာပိုမိုများပြားလာပါသည်။ ပန်းများကို လက်လီ/လက်ကားဒိုင်များဖွင့်၍ ရောင်းချသလို ပန်းသီးသန့် အရောင်းဆိုင်များတွင် လက်ဆောင်ပန်းခြင်းများ၊ ပန်းစည်းများ၊ ပန်းကုံးများပြုလုပ်၍ ပန်းများကိုတန်ဖိုးမြှင့်တင်၍ ရောင်းချကြသည်များလည်း ရှိပါသည်။ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် သင့်သော ပန်းအမျိုးအစားများမှာ နှင်းဆီပန်း၊ သစ်ခွပန်း၊ ဂန္ဓမာပန်းနှင့် လီလီပန်းတို့ဖြစ်ပါသည်။ ထိုပန်းများသည် ပွဲလမ်းသဘင်များနှင့် အလှဆင်ခြင်း လုပ်ငန်းများအတွက် အရောင်းရဆုံးပန်းဖြစ်ပါ သည်။ အလှစိုက်ပန်းပျိုးပင်များကိုလည်း ရောင်းချသည့် ဆိုင်များရှိပြီး ဝယ်ယူသူများက အိုးတွင် စိုက်ပျိုး၍ ဧည့်ခန်း၊ ရုံးခန်းနှင့် ပန်းခြံများတွင် စိုက်ပျိုးကြပြီး ထိုပန်းများမှာ သဇင်ပန်းနှင့် သစ်ခွပန်းများဖြစ်ကြပါသည်။ ပန်းပွင့်အကြွေရောင်းချသော ပန်းများမှာ စပယ်ပန်း၊ မြတ်လေးပန်း၊ ဇွန်ပန်းနှင့် မြတ်လေးပန်းများသည် ဘုရားပန်းတင်ခြင်း၊ ပန်းပန်ခြင်း၊ အမွေးဆီနှင့် ရနံ့ထုတ်ခြင်း များအတွက် ဈေးကွက်ခိုင်မာမှုရှိပါသည်။ ပန်းဈေးကွက်သည် ဘာသာရေး၊ ပွဲလမ်းသဘင်များနှင့် အလှဆင်လုပ်ငန်းများအပေါ် အဓိကမှီခိုနေသောဈေးကွက်တစ်ခုဖြစ်ပါသည်။ အဓိကအရောင်း အဝယ်ဖြစ်သော ပန်းအမျိုးအစားများမှာ နေ့စဉ်ပုံမှန် အိမ်တိုင်း၊ ဆိုင်တိုင်းတွင် ဘုရား ပန်းပူဇော်ရန် အတွက် သပြေပန်း၊ ဂန္ဓမာပန်း၊ ကံ့ကော်ပန်း၊ သစ္စာပန်းနှင့် စံပယ်ပန်းတို့ဖြစ်ပါသည်။ အလှဆင်နှင့် ပွဲလမ်းသဘင်များတွင် အရောင်းရဆုံးပန်းများမှာ နှင်းဆီပန်း၊ သစ်ခွပန်း၊ ကာနေရှင်းပန်း နှင့် လီလီပန်းတို့ဖြစ်ပါသည်။ ပြည်ခရိုင်အတွင်းရှိ ပြည်မြို့နယ်တွင် ပန်းများကိုစီးပွားဖြစ်စိုက်ပျိုးသည့် ကျေးရွာများမှာ မှော်ဇာကျေးရွာနှင့်ပြည်မြို့အနီးတဝိုက်ကျေးရွာများတွင် စိုက်ပျိုးကြသလို ရွှေတောင်မြို့နယ်တွင်လည်း ဧရာဝတီမြစ်ကမ်းဘေး အနီးဝန်းကျင်ကျေးရွာများနှင့် ကျွန်းများတွင် နုန်းတင်မြေဖြစ်၍ မြေကောင်းမွန်သဖြင့် ရေကြိုက်သောပန်းပင်များနှင့် ရာသီပန်းများကိုစိုက်ပျိုး ကြပါသည်။ ပြည်၊ ရန်ကုန်ကားလမ်းဘေးနှင့် ရွှေတောင်အနီးကျေးရွာများမှ ပန်းစိုက်တောင်သူများ သည် ထွက်ရှိလာသောပန်းများကို ပြည်မြို့မဈေးကြီးနှင့် ဘုရားဈေးများသို့ တိုက်ရိုက်သွား၍ ရောင်းချကြပါသည်။ ပြည်မြို့နှင့် အလွန်နီးကပ်သောကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာခြင်း၊ ပန်းများလတ်လတ် ဆတ်ဆတ်ဈေးကွက်သို့ ရောက်ရှိနိုင်ခြင်းတို့ကြောင့် ရွှေတောင် ဒေသထွက်ပန်းများသည် ဒေသတွင်း ခိုင်မာသောဘုရားပန်းဈေးကွက်ရရှိပါသည်။ အဓိကစိုက်ပျိုး သည့် ပန်းများမှာ ဂန္ဓမာပန်း၊ စိန်ခြယ်ပန်း၊ ဒေါနပန်း၊ ဂန္ဓမာကျောက်စိမ်းပန်းများကို အဓိကထား၍ စိုက်ပျိုးကြပါသည်။ ပြည်မြို့ရှိပန်းဈေးကွက်သည် ဘုရားဖူးပြည်သူများနေ့စဉ် ဘုရားပန်းပူဇော်သူ များနှင့် ဒေသတွင်းပွဲလမ်းသဘင်များအပေါ် မူတည်၍ လည်ပတ်နေသော ဈေးကွက်ဖြစ်ပါသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးကဲ့သို့ ထင်ရှားသော စေတီများရှိခြင်းကြောင့် ဘုရားပန်းဈေးကွက် သည် အမြဲတမ်း သက်ဝင်လှုပ်ရှားလျှက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်သော ပန်းအမျိုးအစားများမှာ အအေးပိုင်းဒေသများဖြစ်သော ကလော၊ ပြင်ဦးလွင်မှ တင်သွင်းလာပြီး ရန်ကုန်လက်ကား ဈေးများမှတစ်ဆင့်ကားများဖြင့် ပြည်မြို့သို့ တင်သွင်းလာသော ပန်းများမှာ ဂန္ဓမာပန်း၊ နှင်းဆီပန်း၊ လီလီပန်းနှင့်သလင်းပန်းတို့ဖြစ်ပါသည်။ ထို့အပြင် ပြည်ဒေသထွက် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသောပန်းများမှာ သပြေ၊ စံပယ်၊ ဂန္ဓမာပန်း၊ စိန်ခြယ်ပန်း၊ ဒေါနပန်း၊ ဂန္ဓမာကျောက်စိမ်းပန်း၊ ရွှေပန်းနှင့် ငွေပန်းများဖြစ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ဧရာဝတီမြစ်ကမ်းဘေး ကျွန်းရွာ များမှ နေ့စဉ်လာရောက်ရောင်းချကြပါသည်။ ဝယ်လိုအားများသော ကာလများမှာ ဥပုသ်နေ့များနှင့် လဆန်း၊ လဆုတ် ရက်များတွင် အိမ်တိုင်းလိုလို ဘုရားပန်းများ လဲသည့် ရက်များဖြစ်၍ ပုံမှန် ရက်များထက် အရောင်းအဝယ်မှာ (၂)ဆခန့်မြင့်တက် လာတာတွေ့ ရပါသည်။ ထို့အပြင် ပွဲတော် ရာသီများဖြစ်သော သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်များနှင့် မင်္ဂလာဆောင်ရာသီ တို့တွင် ပန်းဝယ်လိုအားအများဆုံးအချိန်ဖြစ်ပါသည်။ ပန်းဈေးနှုန်းများအနေဖြင့်လည်း ရာသီဥတုနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များပေါ်မူတည်၍ ပန်းဈေးနှုန်းအတက်အကျရှိကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် ပန်းဒိုင်များ ဖွင့်လှစ်၍ လက်လီရောင်းချသလို လက်ကား လည်း ရောင်းချကြပါသည်။ ပိုလျှံသောပန်းများကို ရန်ကုန်မြို့ရှိ ပန်းဈေးကွက်သို့တင်ပို့ ရောင်းချကြ ပါသည်။ ပန်းဈေးနှုန်းများအနေဖြင့်လည်း နှစ်စဉ် ဈေးနှုန်းများ မြင့်တက်လာခဲ့သော်လည်း မရှိမဖြစ် အသုံး ပြုကြ၍ ဝယ်ယူမှုများကြပါသည်။ ပန်းများစိုက်ပျိုခြင်း၊ ပန်းရောင်းဝယ်ခြင်း၊ ပန်းအလှဆင ခြင်းလုပ်ငန်းများအတွက် အကြံပြုတင်ပြချက်အနေဖြင့် ပန်းများသည်ပွဲလမ်းသဘင်များ၊ လက်ဆောင်ပစ္စည်းများနှင့် အလှအပဆိုင်ရာနေရာများတွင် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်၊ လက်ရှိတွင်ဈေးကွက်လို အပ်ချက်အရ ဝန်ဆောင်မှုနှင့် အရည်အသွေးကိုမြှင့်တင်ခြင်းဖြင့် ရေရှည် တိုးတက်မှုရှိလာနိုင်ပါသည်။ ခက်ခဲမှုအနေဖြင့် ပန်းများလတ်ဆတ်မှု ထိန်းသိမ်းရန်နည်းပညာနှင့် သိုလှောင်ရန် လိုအပ်ချက်ရှိခြင်း၊ ရာသီအလိုက် ပန်းဈေးနှုန်းမတည်ငြိမ်ခြင်း၊ ပို့ဆောင်ရေးလမ်းတွင် ပန်းများ ပျက်စီးဆုံးရှုံးမှုရှိခြင်းစသည့် အခက်အခဲများတွေ့ရှိနိုင်ပါသည်။ ထိုအခက်အခဲများမရှိစေရန် ပန်းများကို ရေရှည်အထားခံနိုင်ရန် အတွက် အအေးခန်းသိုလှောင်ရုံများ နည်းမှန်လမ်းမှန် အသုံးပြုရန်၊ ဆေးဝါးနှင့်နည်းပညာများ စနစ်တကျ အသုံးပြုရန် တို့ဖြစ်ပါသည်။ ဈေးကွက်ချဲ့ထွင် ခြင်းနှင့် ရောင်းအားမြှင့်တင်ခြင်းအနေဖြင့် Social Media များဖြစ်သော (Facebook,TikTok) များမှတစ်ဆင့် အွန်လိုင်းမှ တစ်ဆင့် မှာယူနိုင်သည့်စနစ် ပြုလုပ်ရန်၊ မင်္ဂလာဆောင်ပွဲ၊ မွေးနေ့ပွဲနှင့် ပွဲလွန်အခမ်းအနားများအတွက် ဝန်ဆောင်မှုပေးခြင်းတို့ ပြုလုပ်ပေးလျှင်လည်း ရောင်းအားမြှင့်တင် နိုင်မည်ဖြစ်ပါသည်။ ပိုဆောင်ရေးလမ်းတွင်ပန်းများပျက်စီး ဆုံးရှုံးမှုမရှိစေရန် ပန်းများကို Packaging ကောင်းသောစက္ကူဘောက်များ(သို့)ရေဓါတ်ထိန်းအိတ်များဖြင့်ထုတ်ပိုးရန်လိုအပ်ပါသည်။အထက်ဖော်ပြပါအချက်အလက်များကိုအကောင် အထည်ဖော် ဆောင်ရွက်ပါက လုပ်ငန်း၏ ပုံရိပ်နှင့် ဝင်ငွေကို သိသာစွာတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။ DOCA(ပဲခူး)
