
အိန္ဒိယဗဟိုအစိုးရသည် ဂျုံမှုန့်ဖြူ (maida)၊ ရွှေကြည်မှုန့် (semolina)၊ အာတာဂျုံ အကြမ်းမှုန့် (wholewheat atta)နှင့် ဂျုံမှုန့်အမျိုးမျိုးကို ပြန်လည်ရောစပ်ထားသည့် အာတာဂျုံ မှုန့် (resultant atta) အပါအဝင် ဂျုံမှုန့်နှင့်ဆက်စပ်ပစ္စည်းများအပေါ် ချမှတ်ထားသော ပို့ကုန် ပိတ်ပင်မှုကို ဩဂုတ်လ ၂၄ ရက်နေ့တွင် ချက်ချင်းအသက်ဝင်စေရန် ရုပ်သိမ်းလိုက်သည်။ တရားဝင် ထုတ်ပြန်ချက်တစ်ခုအရ အစိုးရသည် ဂျုံမှုန့်နှင့်ဆက်စပ်ပစ္စည်းများ၏ ပို့ကုန်မူဝါဒဆိုင်ရာ ပြဋ္ဌာန်းချက် ကို ပြင်ဆင်ခဲ့ပြီး ၎င်းတို့၏ နိုင်ငံရပ်ခြားသို့ တင်ပို့ခြင်းအပေါ် ယခင်က ချမှတ်ထားသော တားမြစ် ချက်ကို ဖယ်ရှားလိုက်သည်။
ဗဟိုအစိုးရသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဂျုံတင်ပို့မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ် ခဲ့ပြီး ယခုနှစ်အစောပိုင်းတွင်မူ တစ်နှစ်လျှင် တန်ချိန် ၅ သန်းအထိ သတ်မှတ်ကန့်သတ်ကာ တစ်စိတ်တစ်ပိုင်းသာ ခွင့်ပြုခဲ့သည်။ ယခင်က ရပ်ဆိုင်းမှုသည် ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွား ပြီးနောက် ကမ္ဘာ့ဂျုံစျေးနှုန်းများ ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခြင်းကြောင့် အိန္ဒိယသည် ဂျုံ တင်ပို့မှုအား အရှိန်မြှင့် ဆောင်ရွက်ခဲ့ရာ ပြည်တွင်းဂျုံနှင့် အာတာဂျုံစျေးနှုန်းများ သိသိသာသာ မြင့်တက်လာပြီးနောက် ရပ်ဆိုင်းရခြင်းဖြစ်သည်။
စစ်ပွဲသည် ပင်လယ်နက်ဒေသရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုလည်း ထိခိုက်စေခဲ့ပြီး ယူကရိန်းနှင့် ရုရှားတို့က သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိုနှစ်အတွင်း ပင်လယ် နက်ဒေသ ဂျုံတင်ပို့ရာသီအတွင်း ပို့ဆောင်မှုများ ပြတ်တောက်သွားခဲ့သည်။ အဆိုပါဒေသသည် ကမ္ဘာ့ဂျုံကုန်သွယ်မှု၏ လေးပုံတစ်ပုံခန့်ရှိပြီး အိန္ဒိယသည် ထိုအချိန်မှစ၍ လစ်ဟာမှုကို ဖြည့် ဆည်းရန် ကြိုးပမ်းခဲ့သည်။ ယခုပြင်ဆင်ချက်အရ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျုံမှုန့်နှင့် ၎င်း၏ဆက်စပ်ပစ္စည်းများကို လွတ်လပ်စွာ တင်ပို့ခွင့်ပြုလိုက်ပြီဖြစ်သည်။
Source: The Economic Times, 24 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
