Main menu

​​​​​​​ပြည်တွင်းစားသုံးဆီဖူလုံရေးမှသည်ပို့ကုန်မြှင့်တင်ရေးဆီသို့

Powered by Drupal
Mon, 08/31/2026 - 10:01 -- consumer_admin

                      မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ  နိုင်ငံဖြစ်သော်လည်း ပြည်တွင်းစားအုန်းဆီလိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက်  နှစ်စဥ်အမေရိကန်ဒေါ်လာသန်းပေါင်းများစွာအကုန်အကျခံကာပြည်ပမှစားအုန်းဆီတင်သွင်းနေရပါသည်။ဤအခြေအနေကိုကျော်လွှားရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးသည် အမျိုးသားစီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းစဥ် ဖြစ်ပါသည်။ လက်ရှိတွင် ပြည်တွင်း၌စားအုန်းဆီစားသုံးမှုပမာဏလွန်စွာမြင့်မားလျက်ရှိပြီး တစ်နှစ် လျှင်စားအုန်းဆီတန်ချိန်(၈)သိန်းကျော်ခန့် ပြည်ပမှတင်သွင်းနေရပါသည်။ ယင်းသို့တင်သွင်း နေရခြင်းကြောင့် နိုင်ငံခြားဝင်ငွေအများအပြားပြည်ပသို့ စီးထွက်လျက်ရှိရာပြည်တွင်း၌ ဆီထွက် သီးနှံများ စိုက်ပျိုးမှုအရှိန်အဟုန်မြှင့်တင်ခြင်းဖြင့် သွင်းကုန်စရိတ်ကိုထိရောက်စွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။

          ကျန်းမာရေးနှင့်ညီညွတ်သော ပြည်တွင်းထွက်မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကိုတိုးမြှင့်သုံးစွဲလာခြင်းသည် ပြည်သူများ၏ကျန်းမာရေးကို အထောက်အကူပြုရုံသာမက စိုက်ပျိုးတောင်သူများနှင့် ကြိတ်ခွဲထုတ်လုပ်သူ စက်ပိုင်ရှင်များအတွက်လည်း ခိုင်မာသောစီးပွားရေးအခွင့်အလမ်းကို ရရှိစေပါ သည်။ ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းမြင့်မားစေရန်အတွက် ခေတ်မီနည်းပညာနှင့် စိုက်ပျိုးရေးသွင်းအားစုများကို စနစ်တကျအသုံးပြုရန်လိုအပ်ပါသည်။ ဆီထွက်ရာခိုင်နှုန်းမြင့်မားပြီး ပိုးမွှားဒဏ်ခံနိုင်သော မျိုးကောင်းမျိုးသန့်များကို တောင်သူများလက်ဝယ်သို့ဖြန့်ဝေပေးခြင်း၊ မြေဆီ လွှာပြုပြင်ခြင်း၊ သဘာဝနှင့်ဓာတ်မြေသြဇာများ မျှတစွာအသုံးပြုခြင်း၊ ပြည်တွင်းဆီစက်များ၏ ဆီကြိတ်ခွဲမှုစွမ်းရည်ကို မြှင့်တင်ရန်ခေတ်မီစက်ကိရိယာများအသုံးပြုခြင်းတို့ကို ပြုလုပ်ရန်လည်း လိုအပ်ပေသည်။

          ဆီထွက်သီးနှံများမှ စားသုံးဆီရရှိသည့်အပြင် ဆီကြိတ်ဖက်များသည်တိရိစ္ဆာန်မွေးမြူရေး ကဏ္ဍအတွက် အလွန်အဖိုးတန်သောကုန်ကြမ်းဖြစ်လာပါသည်။ ထို့ပြင် တန်ဖိုးမြှင့်နှမ်းဆီနှင့်မြေပဲဆီ များကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေပိုမိုရရှိနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်ကဲ့သို့သော ကုန်းမြင့်ဒေသများတွင် ပန်းနှမ်းနှင့်မက္ကာဒေးမီးယား သီးနှံများသည် စီးပွားဖြစ်တိုးချဲ့စိုက်ပျိူးရန် အလားအလာကောင်းမွန်သောတန်ဖိုးမြှင့် အထူးဆီထွက် သီးနှံများဖြစ်ကြပါသည်။ ပန်းနှမ်းသည် ကုန်းမြင့်ဒေသများနှင့်ရာသီဥတုအေးမြသောဒေသများတွင် အလွန်ဖြစ်ထွန်းသည့်သီးနှံတစ်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးရလွယ်ကူပြီး မိုးနည်းရေရှားဒေသသို့မဟုတ် သာမန်မြေဆီလွှာများတွင်ပါ ဖြစ်ထွန်းနိုင်သော အားသာချက်ရှိပါသည်။ ပန်းနှမ်းစေ့တွင် ဆီပါဝင် မှုရာခိုင်နှုန်းမြင့်မားပြီး ရရှိလာသောပန်းနှမ်းဆီသည် အနံ့မွှေးပျံ့၍ကျန်းမာရေးအတွက် သင့်လျော် သောသဘာဝသီးနှံဆီဖြစ်ပါသည်။ ကုန်းမြင့်ဒေသများတွင် ပန်းနှမ်းကိုတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ဒေသ တွင်းစားသုံးဆီဖူလုံမှုူကိုကြီးစွာ အထောက်အကူပြုပါသည်။ မက္ကာဒေးမီးယားသည် စိုက်ပျိုးစ တွင်ရင်းနှီးမြှပ်နှံမှုနှင့် အချိန်ယူရသော်လည်း ရေရှည်တွင်အလွန်တွက် ခြေကိုက်သည့် တန်ဖိုးမြင့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါသည်။ အခွံမာသီးအဖြစ် တိုက်ရိုက်စားသုံးနိုင်ရုံတင်မက အဆင့်မြင့်သီးနှံ ဆီများနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းစျေးကွက်ဝယ်လိုအား အလွန်မြင့်မား ပါသည်။ ပန်းနှမ်းနှင့် မက္ကာဒေးမီးယားသီးနှံနှစ်မျိုးစလုံးသည် ဒေသတွင်းစားသုံးဆီ ဖူလုံရေးကို အထောက်အကူပြုရုံသာမက တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ပြောင်းလဲထုတ်လုပ်ပါက ပြည်ပသို့ တင်ပို့၍ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် စီးပွားရေးအလားအလာကောင်းများကို ပိုင်ဆိုင်ထားပါ သည်။ ခေတ်မီဆီကြိတ်စက်ရုံများနှင့် အဆင့်မြင့်ထုပ်ပိုးနည်းပညာများ ပေါင်းစပ်လိုက်ပါက ကုန်းမြင့်ဒေသတောင်သူများ၏ လူမှုစီးပွားဘဝကိုများစွာမြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

          ကုန်းမြင့်ဒေသများ၏ ရာသီဥတုအသာစီးရမှုကို အသုံးချ၍ပန်းနှမ်းနှင့် မက္ကာဒေးမီးယားစိုက် ပျိုးမှုကိုစနစ်တကျ တိုးချဲ့သွားမည်ဆိုပါက ပြည်တွင်းဆီဖူလုံရေးပန်းတိုင်ကို အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရုံမျှမက ဒေသခံတောင်သူများ၏ဝင်ငွေကိုပါ ရေရှည်ခိုင်မာအောင် တည်ဆောက်ပေး နိုင်မည်ဖြစ်ပါသည်။ မြေပြန့်ဒေသများတွင် မြေပဲ၊နှမ်း၊ နေကြာများကိုသီးထပ်အဖြစ် စနစ်တကျ တိုးချဲ့စိုက်ပျိုးခြင်းနှင့်ကုန်းမြင့်ဒေသများတွင် ပန်းနှမ်း၊ မက္ကာဒေးမီးယားတို့ကဲ့သို့ တန်ဖိုးမြှင့် သီးနှံများကို ပေါင်းစပ်စိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံ၏စားသုံးဆီကဏ္ဍအတွက် ရေရှည်တည် ငြိမ်သောဖြေရှင်းနည်းဖြစ်ပါသည်။ တောင်သူများအား ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် မြေသြဇာ များစနစ်တကျသုံးစွဲနည်းများကို လက်တွေ့သင်တန်းများပေးခြင်း၊ တောင်သူများနှင့်ဆီစက်လုပ်ငန်း ရှင်များအတွက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများနှင့်ခေတ်မီနည်းပညာများဖြင့် ကူညီပေး ခြင်း၊ အရည်အသွေးမြင့်နှမ်းဆီ၊ မြေပဲဆီနှင့်မက္ကာဒေးမီးယားဆီများကို နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေးဆောင်ရွက်ခြင်း စသည့်ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် လိုအပ်သော ဘက်စုံမဟာဗျူဟာများကို ဆောင်ရွက်ရန်လိုအပ်သည်။

          ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးသည် နိုင်ငံ၏စားနပ်ရိက္ခာလုံခြုံရေးနှင့်စီးပွားရေး တည်ငြိမ်မှု အတွက်အရေးကြီးဆုံးသော သော့ချက်ဖြစ်ပါသည်။ အစိုးရ၊ တောင်သူများနှင့်ပုဂ္ဂလိကဆီစက် လုပ်ငန်းရှင်များ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ပါက မြန်မာနိုင်ငံသည်ပြည်တွင်းဆီ ဖူလုံရေးနှင့် ပြည်ပသို့ အရည်အသွေးမြင့်သီးနှံဆီများတင်ပို့နိုင်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ အနာဂတ်တွင်လည်း ပြည်တွင်းစားသုံးဆီဖူလုံရေးပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်မည်လည်း ဖြစ်ပါသည်။

DOCA(ပဲခူး)