Main menu

ကြက်သွန်(နီ)စိုက်ပျိုးမှုနှင့် စျေးနှုန်း/စျေးကွက်အခြေအနေ

Powered by Drupal
Fri, 08/28/2026 - 14:28 -- consumer_admin

    ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် တောင်တန်းဒေသများရှိပြီး ဒေသခံပြည်သူများ၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအနက် စိုက်ပျိုးရေးလုပ်ငန်းသည် အရေးပါသော     လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ‌ဒေသ၏ ရေအခြေအနေ၊ ရာသီဥတုနှင့် ရေအရင်းအမြစ်များအပေါ် မူတည်၍ ဟင်းသီးဟင်းရွက်နှင့် စားသုံးသီးနှံအမျိုးမျိုးကိုစိုက်ပျိုးကြသည်။ ထိုသီးနှံများအနက် ကြက်သွန်နီသည် အိမ်သုံးစားသုံးမှုအတွက်သာမက စျေးကွက်တွင်ရောင်းချ၍ ဝင်ငွေရရှိနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။

      ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကြက်သွန်(နီ)စိုက်ပျိုးရန် သင့်တော်သောကာလမှာ မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီဝင်ရောက်သည့်ကာလသည် အကောင်းဆုံးဖြစ်သည်။ မြန်မာ နိုင်ငံတွင် စိုက်ပျိုးအသုံးများသော ကြက်သွန်(နီ)မျိုးများမှာရွှေဖလား၊ဘောက်စောက်၊ သပိတ်လုံးနှင့် မင်းတုန်းဥမွှာ တို့ဖြစ်ကြသည်။ ဒေသ၏ ရာသီဥတုနှင့် ရေအရင်းအမြစ်အခြေအနေပေါ်မူတည်၍ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ပျိုးခင်းများပြင်ဆင်၍ မျိုးစေ့များပျိုးထောင်ပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ကျန်းမာသန်စွမ်းသောပျိုးပင်များကို စိုက်ခင်းသို့ပြောင်းရွှေ့စိုက် ပျိုးနိုင်သည်။ စိုက်ပျိုးပြီးနောက် (၄)လခန့်အကြာ မတ်လနှင့် ဧပြီလအတွင်း ရိတ်သိမ်းနိုင်မည် ဖြစ်သည်။ ကြက်သွန်(နီ)စိုက်ပျိုးရာ၌ အစိုဓာတ်သင့်တင့်ပြီး မြေဆီလွှာကောင်းမွန်ကာ ရေစီးဆင်းမှု ကောင်းသော နုန်းမြေ၊ သဲဆန်သော သမမြေများကိုရွေးချယ်စိုက်ပျိုးသင့်သည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကိုမနှစ်သက်သဖြင့် PH-6-7 မြေချဉ်ငံဓာတ် ဝန်းကျင်ရှိသောမြေသည် စိုက်ပျိုး ရန်သင့်တော်ပါသည်။ ထို့ပြင်ရေဝပ်ခြင်းမရှိစေရန် ရေထွက်မြောင်းများ ကောင်းမွန်စွာပြုလုပ်ပြီး မြေကိုညက်အောင် ပြုပြင်၍စိုက်ပျိုးနိုင်သည်။ နုန်းမြေ (Loam/ Silt Loam )သည် မြေဆီမြေ သြဇာကောင်းမွန်ပြီး ရေထိန်းနိုင်သလို ရေစီးထွက်မှုလည်းကောင်းသဖြင့် စိုက်ပျိုးရန်သင့်တော်သော မြေဖြစ်ပါသည်။ သဲဆန်သောသမမြေ (Sandy Loam)သည် ရေးစီးထွက်ကောင်းပြီး ကြက်သွန်ဥ  (bulb) ဖွံ့ဖြိုးဖို့အတွက် အသင့်တော်ဆုံးမြေဖြစ်သည်။ နုန်းမြေစေး (Silty Clay Loam) သည် မြေကြပ်လွန်းခြင်း/ မာခြင်းမရှိဘဲ ရေစီးထွက်နှုန်းကောင်းအောင် ပြုပြင်ထားပါက စိုက်ပျိုးရန်အသင့် တော်ဆုံးမြေဖြစ်သည်။ ကြက်သွန်နီကို စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသော မျိုးရွေးချယ်မှု၊ မြေပြင်ဆင်မှု၊ ရေစီမံခန့်ခွဲမှုနှင့် ရာသီအလိုက်စိုက်ပျိုးချိန်ရွေးချယ်မှုတို့သည် အရေးကြီးသည်။ ကြက်သွန်နီသည်  ရေစီးဆင်းမှုကောင်းသော  မြေကို နှစ်သက်သောကြောင့်  ရေဝပ်သောမြေများ တွင် စိုက်ပျိုးပါက အမြစ်နှင့် ကြက်သွန်ဥ (bulb)များ ပုပ်ခြင်းကိုဖြစ်နိုင်သည်။ ထို့ကြောင့် ကြက်သွန်နီမျိုးရွေးရာတွင် အထွက်နှုန်းကောင်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်၍ အထွက်နှုန်းကောင်း ပြီး အပင်ပေါက်နှုန်းကောင်းသော မျိုးစေ့များဖြစ်ရန်လိုအပ်ပါသည်။ ပျိုးခင်းပြုလုပ်ရာတွင် ရေမ ဝပ်ဘဲ ရေစီးထွက်ကောင်းသော မြေနေရာကိုရွေးချယ်ပြီး မြေကိုညက်အောင်ပြုလုပ်ပေးရပါသည်။ မြေဆွေးသို့မဟုတ် ဆွေးမြေသြဇာကိုထည့်သွင်းပြီး ပျိုးခင်းပြုလုပ်နိုင်ပါသည်။  မျိုးစေ့များကို အလွန်ထူထပ်စွာမကြဲဘဲ သင့်တော်သောအကွာအဝေးဖြင့် ကြဲပေးရပါသည်။ ပျိုးပင်ငယ်များ အစိုဓာတ်ရရှိစေရန် ရေကိုသင့်တင့်စွာပေးရပါသည်။ ပျိုးပင်များ ကျန်းမာသန်စွမ်း လာသောအခါ စိုက်ခင်းသို့ ပြန်လည်ပြောင်းရွှေ့စိုက်ပျိုးပေးရသည်။ ပျိုးပင်၏အမြစ်များမပျက်စီးစေရန် ဂရုတ စိုက်ပြုလုပ်ရပါမည်။ အပင်များကို အလွန်နီးကပ်စွာမစိုက်သင့်ဘဲ လေဝင်လေထွက်ကောင်းပြီး ကြက်သွန်ဥများဖွံ့ဖြိုးနိုင်မည့် အကွာအဝေးများထား၍ စိုက်ပျိုးပေးသင့်ပါသည်။ စိုက်ပျိုးပြီးချိန်တွင် မြေကိုခြောက်မသွားစေရန် ပုံမှန်ရေပေးရပါသည်။ အပင်ကြီးထွားလာသောအခါ မြေစိုထိုင်းမှုကို သင့်တင့်စွာထိန်းသိမ်းပေးရပါသည်။ ရေအလွန်အကျွံပေးခြင်းနှင့် ရေဝပ်ခြင်းမဖြစ်ရေရန် အထူးဂရု စိုက်ရန်လိုအပ်သည်။ ထိုသို့ဂရုစိုက်ပေးခြင်းအားဖြင့် ရိတ်သိမ်းချိန်နီးလာသောအခါ ရေပေးခြင်းကို လျှော့ချခြင်းသည် ကြက်သွန်ဥ ရင့်မှည့်ခြောက်သွေ့လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ် သည်။ ကြက်သွန်နီစိုက်ပျိုးပြီးချိန်တွင် မြေဆီလွှာကောင်းမွန်စေရန်  မြေပြင်ဆင်းချိန်တွင် နွားချေး နှင့် မြေဆွေး စသည့်အော်ဂဲနစ် မြေသြဇာများကို ထည့်သွင်းအသုံးပြုသင့်သည်။ ထိုပြင် ကြက်သွန်နီ အပင်၏ အာဟာရလိုအပ်ချက်အရ Nitrogen ၊ Phosphorus နှင့် Potassium ပါဝင်သော ဓာတ်မြေသြဇာများကို သင့်တော်သောအချိန်တွင် ခွဲ၍ကျွေးပေးရပါသည်။ သို့ရာတွင် မြေသြဇာ ပမာဏသည် မြေအမျိုးအစားနှင့် မြေဆီလွှာအခြေအနေအလိုက် ကွာခြားနိုင်သဖြင့် မြေစမ်းသပ် ချက်အပေါ်အခြေခံ၍ အသုံးပြုသင့်ပါသည်။ Nitrogen ကို အလွန်အကျွံကျွေးပါက အရွက်များ သာအလွန်ကောင်းပြီး ကြက်သွန်ဥ ဖွံ့ဖြိုးမှုနှင့် ရင့်မှည့်မှုကို ထိခိုက်နိုင်သောကြောင့် သင့်တင့်စွာ အသုံးပြုသင့်သည်။ မြေသြဇာကိုစနစ်တကျအသုံးပြုနိုင်ပါက အပင်ကြီးထွားမှုကောင်း မွန်ပြီး ကြက်သွန်ဥ၏ အရွယ်အစားနှင့် အရည်အသွေး တိုးတက်လာနိုင်မည်ဖြစ်သည်။ ကြက်သွန်နီ ပင်ငယ်များသည် ပေါင်းပင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းနည်းသောကြောင့် ပေါင်းပင်များကို စောစော ရှင်းပေးရပါသည်။ ပေါင်းပင်များသည် ရေ၊ အာဟာရဓာတ်နှင့် နေရောင်ခြည်အတွက် ကြက်သွန်နီ နှင့် ယှဉ်ပြိုင်သောကြောင့် ပေါင်းပင်များ များပြားပါက အထွက်နှုန်းကျဆင်းနိုင်သည်။ ကြက်သွန်နီ ၏ အထွက်နှုန်းနှင့် အ‌ရေအသွေးကောင်းမွန်စေရန် ရိတ်သိမ်းချိန်မှန်ကန်ခြင်း၊ အခြောက်လှန်းခြင်း နှင့် သိုလှောင်ခြင်းတို့သည် အလွန်အရေးကြီးသည်။

          ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စိုက်ပျိုးသော ကြက်သွန်နီများကို ရိတ်သိမ်းရာ၌ အရွက်၏ ၁၅/၂၅ ရာခိုင်နှုန်းခန့် ခြောက်သွေ့လာချိန်ကို ရိတ်သိမ်းရန် အသင့်တော်ဆုံးအချိန်ဖြစ် သည်။ အရွက်အားလုံး ခြောက်သွေ့သည်အထိစောင့်ပါက အမြစ်များပြန်ထွက်လာနိုင်ပြီး ရိတ်သိမ်း ရာတွင်း ခက်ခဲနိုင်သောကြောင့် ရိတ်သိမ်းချိန်မှန်ကန်ဖို့လိုအပ်ပါသည်။ ရိတ်သိမ်းပြီးနောက်  ကြက်သွန်များကို ချက်ခြင်းပိတ်လှောင်မထားဘဲ အခြောက်လှန်းခြင်း၊ အခြောက်ခံခြင်းများကို ဦးစွာပြုလုပ်ပေးရန်လိုအပ်ပါသည်။ ကြက်သွန်ဥများကို ထိခိုက်ဒဏ်ရာမရစေရန် ဂရုတစိုက်ကိုင် တွယ်ပြီး အရိပ်အောက်တွင် လေသလပ်ခံ၍ အခြောက်ခံပေးရပါသည်။ အမြိတ်များကိုလည်း အခြောက်ခံပြီးနောက် ၂ လက်မခန့် ချန်ထား၍ ဖြတ်တောက်ပေးရပါသည်။ ထိုလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ ကြက်သွန်ဥ၏ အပြင်အခွံနှင့် လည်ပင်းပိုင်းကိုခြောက်သွေ့စေပြီး ပုပ်သိုးမှုကိုလျော့ နည်းစေရန်အတွက် ဖြစ်ပါသည်။ အခြောက်လှန်းရာတွင်လည်း နေရောင်ပြင်းပြင်းအောက်တွင် အချိန်ကြာမြင့်စွာထားရှိခြင်းထက် လေဝင်လေထွက်ကောင်းသော အရိပ်ရနေရာများတွင် လေသ လပ်ခံခြင်းက ပိုမိုသင့်တော်ပါသည်။ အ‌ခြောက်ခံနေစဉ်အတွင်း မိုးရေများမထိစိုစေရန်၊ မြေကြီးနှင့် တိုက်ရိုက်မထိတွေ့စေရန်၊ လေဝင်လေထွက်ကောင်းရန် သင့်တော်သောနေရာများလိုအပ်ပါသည်။ စိုစွတ်နေသောကြက်သွန်နီများကို  သိုလှောင်ထားပါက မှိုတက်ခြင်းနှင့် ပုပ်သိုးခြင်းများ ဖြစ်နိုင် သောကြောင့် အခြောက်ခံခြင်းကို စနစ်တကျပြုလုပ်ရန်လိုအပ်ပါသည်။ ထိုနောက် ပုပ်သိုးခြင်းနှင့် အရည်အသွေးကျဆင်းခြင်းမဖြစ်ပေါ်စေရန် ခြောက်သွေ့သန့်ရှင်းပြီး လေဝင်လေထွက်ကောင်၍ အရိပ်ရနေရာများတွင် စနစ်တကျ သိုလှောင်ထားသင့်သည်။ အခြောက်လှမ်းပြီးသော ကြက်သွန်နီ များကို အရွယ်အစားနှင့် အရည်အသွေးအလိုက် ခွဲခြားထားသင့်သည်။ ပုပ်နေခြင်း၊ ထိခိုက်ဒဏ်ရာရ နေခြင်း၊ အခွံပျက်စီးနေသော ကြက်သွန်ဥများကို ကောင်းမွန်သောဥများနှင့် ရောနှော၍မထားဘဲ သီးခြားစီခွဲခြားထားသင့်ပါသည်။ ကြက်သွန်(နီ)ဥ များကို အလွန်ထူထပ်စွာစုပုံ ထားခြင်းမပြုဘဲ လေဝင်လေထွက်ရရှိနိုင်အောင်စီစဉ်ထားသင့်သည်။ ထိုသို့ ရိတ်သိမ်းခြင်း၊ အခြောက်လှန်းခြင်းနှင့် သိုလှောင်ခြင်းကိုစနစ်တကျဆောင်ရွက်နိုင်ပါက ကြက်သွန်(နီ)၏ အရည်အသွးကို ထိန်းသိမ်းနိုင်ပြီး ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။

          ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ကယားပြည်နယ်ချုပ် ကြက်သွန်(နီ)စိုက်ပျိုးမှု ၁၀၉၃ ဧက ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရ သိရပါသည်။ ပြည်နယ်ထွက်ကြက်သွန်နီကို ဒေသတွင်း စားသုံးလျက်ရှိပါသည်။ ထို့ကြောင့် ကယားပြည်နယ်ထွက် ကြက်သွန်နီ စိုက်ပျိုးမှုကို ဖွံ့ဖြိုး တိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များအသုံးပြုခြင်း၊ မြေစမ်းသပ်၍ မြေသြဇာစီမံခြင်း၊ ရေကောင်းအောင်ပြုလုပ်ခြင်း၊ ပိုးမွှားနှင့်ရောဂါများကို စနစ်တကျထိန်းချုပ်ခြင်း၊ ရိတ်သိမ်းပြီးနောက် (Curing = အခြောက်ခံခြင်း/အခြောက်လှန်းခြင်း) ၊ သိုလှောင်မှု ကောင်းမွန်စေ ခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုတိုးတက်ကောင်းမွန်ခြင်းတို့ကို အလေးထားဆောင်ရွက်သင့်ပါသည်။

ကြက်သွန်နီသည် နေ့စဉ်စားသုံးမှုမြင့်မားသော သီးနှံဖြစ်သဖြင့် ဈေးကွက်အလားအလာရှိ သည်။ ထို့ကြောင့် ကြက်သွန်(နီ)ကို မိသားစုဝင်ငွေတိုးဖို့ ကြက်သွန်စိုက်ကြရန် အကြံပြုအပ်ပါသည်။ ပြည်နယ်အတွင်း စားသုံးမှုလိုအပ်ချက်အရ မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း ‌ ဒေသဘက်မှလည်းဝင် ရောက်လျက်ရှိကြောင်း ဩဂုတ်လ ကြက်သွန်(်နီ)အိတ်ရေ (၇၀၀)ခန့်  အဝင်ရှိကြောင်း ဂိတ်စာရင်း အရသိရှိရပါသည်။ လွိုင်ကော်၊ သီရိမင်္ဂလာဈေးကွက်၌ ကြက်သွန်(နီ)ဈေးနှုန်းမှာ  အလုံးအကြီး အသေးအပေါ်မူတည်၍ တစ်ပိသာလျှင်(၆၀၀၀ - ၈၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါ သည်။

DOCA(ကယား)