Main menu

“  သဘာဝ ဒေသထွက်ကုန်များကို  အခြေခံ ထုတ်လုပ်သည့်  Healthy Life  လူသုံးကုန်ပစ္စည်းများ   ဈေးကွက်အတွင်း  လူကြိုက်များလာ  ”

Powered by Drupal
Tue, 08/25/2026 - 16:17 -- consumer_admin

ပြည်တွင်းအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) သည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ MSME လုပ်ငန်းများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ပြည်တွင်း စီးပွားရေးလည်ပတ်မှုကို အထောက်အကူပြုနိုင်ခြင်း၊ ဒေသထွက်ကုန်များ ဖွံ့ဖြိုးတိုးတက် လာစေခြင်း၊ ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်လာစေခြင်းနှင့် အောင်မြင်သော လုပ်ငန်း များအနေဖြင့် အကြီးစားလုပ်ငန်းများအဖြစ် တိုးချဲ့နိုင်ခြင်းတို့အပြင် နိုင်ငံတော်အတွက် အခွန်ဝင် ငွေများ ရရှိစေနိုင်သည့် အခွင့်အလမ်းများလည်း ရှိပါသည်။

နိုင်ငံတော်အနေဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်သည့် နည်းပညာ၊ သင်တန်းနှင့် အခြားပံ့ပိုးကူညီမှုများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။ ယင်းသို့ MSME လုပ်ငန်းများအနက် သဘာဝကုန်ကြမ်းများကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ ရွှေညောင်ပင်လမ်းရှိ Healthy Life အသေးစား၊ အလတ်စားလုပ်ငန်း၏ သဘာဝလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုအား တင်ပြလိုက်ပါသည်။

ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၏ ရည်ရွယ်ချက်

Healthy Life တရော်ကင်ပွန်းခေါင်းလျှော်ရည်လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ခုနှစ်မှ စတင်တည်ထောင် လုပ်ကိုင်ခဲ့ပါသည်။ Healthy Life ကုန်အမှတ်တံဆိပ်အမည်ဖြင့် သဘာဝ တရော်ကင်ပွန်းခေါင်းလျှော်ရည်၊ ရှားစောင်းလက်ပတ်မျက်နှာသစ်ဆပ်ပြာခဲ၊ ရှားစောင်း လက်ပတ်ရေချိုးဆပ်ပြာ၊ မန်ကျီးဆပ်ပြာခဲ၊ ဆိတ်နို့ဆပ်ပြာခဲ စသည့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ပါသည်။ ယနေ့ဈေးကွက်အတွင်း ဓာတုပစ္စည်းများ ပါဝင်သည့် လူသုံးကုန် ပစ္စည်းများ အများအပြား ရှိနေသည့်အတွက် သဘာဝကုန်ကြမ်းများကို အခြေခံအသုံးပြု၍ လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ပြီး လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာ့ရိုးရာသဘာဝကုန်ကြမ်းများဖြစ်သည့် တရော်၊ ကင်ပွန်းနှင့် ရှားစောင်း လက်ပတ်တို့ကို အသုံးပြု၍ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာအမျိုးမျိုးကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ

Healthy Life အမည်ဖြင့် မြန်မာ့ရိုးရာနည်းလမ်းများကို အခြေခံ၍ တရော်ကင်ပွန်း ခေါင်းလျှော်ရည်အပြင် ရှားစောင်းလက်ပတ်မျက်နှာသစ်ဆပ်ပြာခဲ၊ ရှားစောင်းလက်ပတ် ရေချိုး ဆပ်ပြာ၊ မန်ကျီးဆပ်ပြာခဲနှင့် ဆိတ်နို့ဆပ်ပြာခဲ စသည့် ထုတ်ကုန်များကို ဈေးကွက်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။

ကုန်ကြမ်းရရှိမှုအခြေအနေ

Healthy Life ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာနှင့် မျက်နှာသစ်ဆပ်ပြာများကို တရော်ပင်၊ ကင်ပွန်းသီး၊ ရှားစောင်းလက်ပတ်၊ ထောလပတ်ရွက်၊ ကြိတ်မှန်ရွက် စသည့် သဘာဝအပင် များနှင့် အခြားကုန်ကြမ်းများကို အခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

တရော်နှင့် ကင်ပွန်းကို မန္တလေးမြို့မှ ဝယ်ယူပြီး ရှားစောင်းလက်ပတ်၊ ထောလပတ်နှင့် ကြိတ်မှန်ပင်များကို ကိုယ်ပိုင်စိုက်ခင်းတွင် စိုက်ပျိုးထုတ်လုပ်ကြောင်း၊  မန်ကျီးမှည့်ကိုလည်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများမှ ဝယ်ယူရကြောင်း သိရသည်။  စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ထွက်ရှိသည့် သဘာဝသစ်သီးသစ်ရွက် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဒေသထွက်ကုန်များ၏ တန်ဖိုးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် လိုအပ်သည့် အချို့သော ဓာတုပစ္စည်း များနှင့် ထုပ်ပိုး ပစ္စည်းများကို ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအပါအဝင် မန္တလေးမြို့မှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

ထုတ်ကုန်အမျိုးအမည်သစ်များ ထပ်မံတိုးချဲ့ထုတ်လုပ်ရန်  အစီအစဉ်

ထုတ်ကုန်အမျိုးအမည်သစ်များ ဆက်လက်ထုတ်လုပ်ရန် အစီအစဉ်ရှိပြီး  ၎င်းထုတ်ကုန် များမှာ သဘာဝခေါင်းလိမ်းဆီ၊ ဆံသားနှပ်ဆီ၊ ဆံပင်ပေါင်းဆေး၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည် စတဲ့ လူသုံးကုန်ပစ္စည်းများ ဖြစ်ပါသည်။ လက်ရှိထုတ်လုပ်နေသော  ထုတ်ကုန်များကို မုံရွာမြို့ရှိ စတိုးဆိုင်များနှင့် အခြားကုန်စုံဆိုင်များတွင်  ပြသ  ရောင်းချလျက်ရှိ ပါသည်။ ဆက်လက်၍  Healthy Life အမှတ်တံဆိပ်အောက်မှ ထုတ်ကုန်အမျိုး အမည်သစ်များကို ထပ်မံတိုးချဲ့ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

ဈေးနှုန်းအနေဖြင့် တရော်ကင်ပွန်းခေါင်းလျှော်ရည် ၅၀၀ မီလီလီတာ တစ်ဘူးလျှင် ကုန်ကြမ်းမှ ကုန်ချောအထိ ဗူးခွံဖိုးအပါအဝင် ၈,၅၀၀ ကျပ်ခန့် ကုန်ကျပြီး လက်ကားဈေး ၁၀,၀၀၀ ကျပ်၊ လက်လီဈေး ၁၁,၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။ ရှားစောင်း လက်ပတ် မျက်နှာသစ်ဆပ်ပြာခဲ တစ်ခဲလျှင် ၅,၀၀၀ ကျပ်၊ ရှားစောင်းလက်ပတ်ရေချိုးဆပ်ပြာ ၅၀၀ မီလီလီတာ တစ်ဘူးလျှင် ၈,၀၀၀ ကျပ်၊ မန်ကျီးဆပ်ပြာခဲ တစ်ခဲလျှင် ၅,၀၀၀ ကျပ်နှင့် ဆိတ်နို့ဆပ်ပြာခဲ ၆၀ ဂရမ် တစ်ခဲလျှင် ၅,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကချင်ပြည်နယ်၊ တနိုင်းမြို့များ သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ထို့အပြင် မြန်မာ့ရိုးရာထုတ်ကုန်များကို ဖော်ထုတ်မြှင့် တင်လိုသည့် ရည်ရွယ်ချက်ဖြင့် MSME ပြပွဲများတွင်လည်း စဉ်ဆက်မပြတ် ပါဝင်ပြသ ရောင်းချလျက်ရှိပါသည် ။ အဆိုပါပြပွဲများမှ တစ်ဆင့် ထုတ်ကုန်များကို ပိုမိုလူသိများလာစေခြင်း၊ ဈေးကွက် ထိုးဖောက်နိုင်ခြင်း၊ ဈေးကွက်ချိတ်ဆက်မှုများ ရရှိခြင်းနှင့် ဖြန့်ဖြူးရောင်းချနိုင်သည့် အခွင့် အလမ်းများ ရရှိခဲ့ပါသည်။

ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ ထုတ်လုပ်မှု

သဘာဝတရော်ကင်ပွန်းခေါင်းလျှော်ရည် ထုတ်လုပ်ရာတွင် တရော်၊ ကင်ပွန်း၊ တောရှောက်သီး၊ ထောလပတ်ရွက်၊ ရှားစောင်းလက်ပတ်၊ သံလွင်ဆီ၊ ဗီတာမင် E၊ ကြိတ်မှန်ရွက်၊ ကန်စွန်းရိုးနီ၊ ပိတောက်ရွက်၊ မာလာကာရွက်၊ တမာရွက်၊ ပျားရည် စသည့် သဘာဝအပင်များမှ ရရှိသည့် ကုန်ကြမ်းများကို အသုံးပြုထုတ်လုပ်ထားပါသည်။

 ထုတ်ကုန်များ၏ အကျိုးကျေးဇူးများ

တရော်နှင့် ကင်ပွန်းတို့သည် မြန်မာ့ရိုးရာတွင် ရှေးယခင်ကတည်းက အသုံးပြုလာခဲ့သည့် သဘာဝကုန်ကြမ်းများ ဖြစ်ပါသည်။ သင်္ကြန်ကာလအတွင်း ဘိုးဘွားများအား ခေါင်းလျှော် ပေးခြင်း၊ မွေးကင်းစကလေးငယ်များ၏ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်ခြင်းနှင့် အိမ်သန့်ရှင်း ရေးလုပ်ရာတွင် အသုံးပြုခြင်းတို့အပါအဝင် မြန်မာ့ရိုးရာဓလေ့များတွင် တွင်ကျယ်စွာ အသုံးပြုခဲ့ ကြပါသည်။ တရော်ကင်ပွန်းကို အခြေခံထုတ်လုပ်ထားသည့် ခေါင်းလျှော်ရည်များသည် ဆံသားနှင့် ဦးရေပြားကို သန့်ရှင်းစေရန် အသုံးပြုနိုင်ပြီး ဆံသားပျော့ပျောင်းစေရန် အထောက် အကူပြုနိုင်သည်ဟု ရိုးရာအသုံးပြုမှုများအရ ယုံကြည်ကြပါသည်။ သို့သော် ထုတ်ကုန် တစ်မျိုးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများမှာ ပါဝင်ပစ္စည်းနှင့် ထုတ်လုပ် မှုနည်းလမ်းများအပေါ် မူတည်နိုင်သဖြင့် သတ်မှတ်ချက်များနှင့်အညီ အသုံးပြုရန် လိုအပ်ပါ သည်။

လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှု

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ် သည့် သင်တန်းများကို တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ထို့အပြင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာနှင့် အထောက် အကူပြုစက်ပစ္စည်းများ ငှားရမ်းအသုံးပြုခွင့်များ ရရှိခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှလည်း ထုတ်ကုန်များတွင် လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြနိုင်ရေးနှင့် နေရာဒေသမရွေး ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက် ပေးခြင်း၊  ထို့အပြင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအဆင့် MSME ပြပွဲများနှင့် ပြိုင်ပွဲများတွင် ထုတ်ကုန်များ ဝင်ရောက်ပြသနိုင်ရေး ချိတ်ဆက် ဆောင်ရွက် ပေးခဲ့သည့်အတွက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ

Healthy Life လုပ်ငန်းအနေဖြင့် လက်ရှိတွင် ထုတ်ကုန်အမျိုးအမည်များ ထုတ်လုပ် ရောင်းချလျက်ရှိပြီး အနာဂတ်တွင် ထုတ်ကုန်အမျိုးအမည်သစ်များကို ဆက်လက် တိုးချဲ့ ထုတ်လုပ်သွားရန် ရည်ရွယ်ထားပါသည်။ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအနေဖြင့် မိသားစု လုပ်သားအင်အားအပြင် ဝန်ထမ်း ၃ ဦးခန့်ကို ခန့်ထားနိုင်ခဲ့ပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ဝန်ထမ်းများ၏ မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်လည်း တတ်နိုင်သမျှ ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မတည်ရင်းနှီးငွေ လိုအပ်ချက်အတွက် SME ချေးငွေ လျှောက်ထားရာတွင် ကြုံတွေ့ရသည့် ကန့်သတ်ချက်များကို ပိုမိုဖြေလျှော့ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသေးစား၊ အလတ်စားလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ပြီး ဖွံ့ဖြိုး တိုးတက်လာစေရန် အစိုးရ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ သုံးဦးသုံးဖလှယ် ပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း ဈေးကွက်အတွင်း ကျန်းမာရေးနှင့် ညီညွတ်သော သဘာဝကုန်ကြမ်းများကို အခြေခံ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများ ပိုမိုကျယ်ပြန့်စွာ နေရာယူလာနိုင်မည်ဖြစ်ပြီး ဒေသ ထွက်ကုန်များ၏ တန်ဖိုးကိုလည်း မြှင့်တင်နိုင် မည်ဖြစ်ပါသည်။

Healthy Life လုပ်ငန်းအနေဖြင့်လည်း မြန်မာ့ရိုးရာသဘာဝကုန်ကြမ်းများကို အခြေခံ၍ အရည်အသွေးကောင်းမွန်သော လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ပိုမိုကျယ် ပြန့်လာရေးနှင့် စားသုံးသူများ၏ ယုံကြည်မှုရရှိရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

နိဂုံး

စစ်ကိုင်းတိုင်းဒေသကြီးသည် သဘာဝထွက်ကုန်များနှင့် ဒေသထွက်ကုန်ကြမ်းများ ပေါများသည့် ဒေသတစ်ခုဖြစ်သဖြင့် ဒေသတွင်းရှိ သဘာဝကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ် ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေ အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ Healthy Life လုပ်ငန်းအနေဖြင့်လည်း မိမိတို့ဒေသတွင်း ရရှိနိုင်သည့် သဘာဝကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့် လူသုံးကုန်ပစ္စည်းများ ဆက်လက်တီထွင်ထုတ်လုပ်သွားရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် ထုတ်ကုန်များ၏ အရည်အသွေးမြှင့်တင်ရေး၊ ဈေးကွက်ပိုမိုကျယ်ပြန့်လာရေး၊ ပြည်တွင်း ဈေးကွက်အတွင်း ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ရေးတို့ကို ဆက်လက်ကြိုး ပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ရေရှည်တွင် ဒေသထွက်သဘာဝကုန်ကြမ်းများကို အခြေခံထုတ်လုပ်သည့် Healthy Life ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာဈေးကွက်အထိ တင်ပို့ ရောင်းချနိုင်သည့် ထုတ်ကုန်များအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)