Main menu

“ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ရှမ်းမြောက်ဒေသထွက် လက်ဖက်ခြောက်စိုက်ပျိုးရေးကဏ္ဍ”

Powered by Drupal
Mon, 08/24/2026 - 14:15 -- consumer_admin

              ရှမ်းပြည်နယ်(မြောက်ပိုင်း)သည် မြန်မာနိုင်ငံ၏ လက်ဖက်စိုက်ပျိုးရေးအတွက် အရေးပါသော ဒေသ တစ်ခုဖြစ်သည်။ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါနှင့် အနီးပတ်ဝန်းကျင်ရှိ တောင်တန်း ဒေသများသည် အေးမြသော ရာသီဥတု၊ မိုးရေချိန် လုံလောက်မှုနှင့် မြေဆီလွှာကောင်းမွန်မှုတို့ကြောင့် အရည်အသွေးမြင့် လက်ဖက်များ ထွက်ရှိသည့် ဒေသများအဖြစ် လူသိများသည်။ ဤဒေသမှ ရှိသော လက်ဖက်ခြောက်များသည် မွှေးရနံ့ကောင်းမွန်ပြီး အရသာထူးခြားသဖြင့် ပြည်တွင်းဈေးကွက် သာမက ပြည်ပဈေးကွက်တွင်လည်း ဝယ်လိုအား ရှိလျက်ရှိသည်။

          လက်ဖက်ပင်သည် အေးမြစိုစွတ်သော ရာသီဥတုနှင့် ရေစီးဆင်းမူကောင်းမွန်သော တောင်စောင်းမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ စိုက်ပျိုးရာတွင် အရည်အသွေး ကောင်းမွန် သော မျိုးပင်များကို ရွှေးချယ်အသုံးပြုရပြီး မိုးဦးရာသီတွင် စတင်စိုက်ပျိုးလေ့ရှိသည်။ စိုက်ပျိုးပြီး နောက် ပေါင်းရှင်းခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ အပင်ကို ပုံမှန်ဖြတ်တောက်ပြုပြင်ခြင်းနှင့် ရောဂါ ပိုးမွှားများကို စနစ်တကျကာကွယ်ခြင်းတို့သည် အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်စေသော အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်။

          လက်ဖက်ပင်များသည် စိုက်ပျိုးပြီး သုံးနှစ်ခန့်အကြာတွင် စတင်ခူးယူနိုင်သည်။ အရည် အသွေးမြင့် လက်ဖက်ခြောက်ထုတ်လုပ်ရန်အတွက် အဖူးတစ်ဖူးနှင့် အရွက်နှစ်ရွက်ကိုသာ ရွေးချယ် ခူးယူကြသည်။ ခူးယူပြီးသော လက်ဖက် များကို နွမ်းစေခြင်း၊ လိပ်ခြင်း၊ အခြောက်ခံခြင်းနှင့် အဆင့်ခွဲထုတ်ပိုးခြင်းစသည့် အဆင့်များကို စနစ်တကျ ဆောင်ရွက်ရသည်။ ထုတ်လုပ်မူ အဆင့်တိုင်း တွင် သန့်ရှင်းမှုနှင့် အရည်အသွေးထိန်းသိမ်းမှုကို အထူးဂရုပြုရသည်။

          ယနေ့ခေတ်တွင် စားသုံးသူများသည် အစားအသောက်ဘေးကင်းလုံခြုံရေးကို ပိုမိုအလေးထား လာကြသဖြင့် လက်ဖက်စိုက်ပျိုးသူများအနေဖြင့် ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များ (Good Agricultural practices-GPA) ကိုလိုက်နာကျင့်သုံးပြီးစိုက်ပျိုးလျက်ရှိကြသည်။ ဓာတုပိုးသတ် ဆေးနှင့် ဓါတ်မြေဩဇာများကို စနစ်တကျ သုံးစွဲခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ထုတ်ကုန်အရည်အသွေးကို စဉ်ဆက်မပြတ် မြင့်တင်ခြင်းတို့သည် ဈေးကွက် ယှည်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။

          ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ထွက်ရှိသော လက်ဖက်ခြောက်များကို ပြည်တွင်းနှင့်ပြည်ပ ဈေးကွက်များသို့ နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဖြူးရောင်းချချက်ရှိသည်၊ ထုတ်လုပ်သူများသည် လက်ဖက်ခြောက်များကို အရည်အသွေး အလိုက်အဆင့်ခွဲကာ သန့်ရှင်းလုံခြုံသော ထုပ်ပိုးမှုစနစ်ဖြင့် ဈေးကွက်သို့တင်ပို့ကြသည်။

          ပြည်တွင်းဈေးကွက်တွင် လက်ကားပွဲရုံများ၊ လက်လီအရောင်းဆိုင်များ၊ စူပါမားကတ်များ၊ လက်ဖက်နှင့် အစားအသောက်အထူးပြုဆိုင်များမှ တစ်ဆင့်စားသုံးသူများထံ ဖြန့်ဖြူးရောင်းချကြ သည်။ ထို့အပြင် Facebook ၊Tiktok Shop နှင့် အခြားအွန်းလိုင်းဈေးကွက်များမှ တစ်ဆင့်လည်း တိုက်ရိုက်ရောင်းချမှုများ ပိုမိုကျယ်ပြန့်လာပြီး ဒေသထွက် ထုတ်ကုန်များကို နိုင်ငံအနှံ လွယ်ကူစွာ ဝယ်ယူနိုင်လာသည်။

          ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် အရည်အသွေးစံနှုန်းများ၊ အစားအသောက် ဘေးကင်း လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ထုပ်ပိုးတံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ လိုက်နာပြီး တင်ပို့ကြသည်။ အရည်အသွေးမြင့် လက်ဖက်ခြောက်များသည် အာရှနိုင်ငံများ အပါအဝင် အခြားနိုင်ငံများသို့တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိစေသည့် အရေးပါသော စိုက်ပျိုးရေး ထုတ်ကုန်တစ်မျိုးလည်းဖြစ်သည်။

          ထို့ကြောင့် ထုတ်ကုန် အရည်အသွေးမြှင့်တင်ခြင်း၊ ခေတ်မီထုတ်လုပ်မှုနည်းပညာများ အသုံးပြုခြင်းနှင့် ဈေးကွက်ချဲ့ထွင်နိုင်ခြင်းတို့ဖြင့် ဒေသထွက်လက်ဖက်ခြောက်များသည် ပြည်တွင်း နှင့် နိုင်ငံတကာဈေးကွက်တွင် ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို လည်း အားဖြည့်ပေးနိုင်နေသဖြင့် ပိုမိုစနစ်တကျအားထည့် စိုက်ပျိုးနေကြလျက်ရှိကြောင်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရှမ်း)