Main menu

ကရင်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ ဒေသထွက် မျှစ်ကိုတန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်စို့

Powered by Drupal
Mon, 08/24/2026 - 13:31 -- consumer_admin

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် သဘာဝအခြေခံ ထွက်ကုန်များ ပေါများစွာ ထွက်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မိမိတို့ဒေသအလိုက် ထူးခြားဆန်းသစ်သော သယံဇာတများကို ပိုင်ဆိုင်ထားကြသည်။ ထိုအထဲတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် အနီးတဝိုက် ကျေးရွာများသည် သဘာဝတောတောင် ရေမြေ သဘာဝပတ်ဝန်းကျင် ကောင်းမွန်သည့်အတွက် ရာသီအလိုက် သဘာဝမျှစ်များ ပေါများစွာ ထွက်ရှိရာ အဓိက ဒေသတစ်ခု ဖြစ်သည်။

မိုးဦးကျပြီဆိုသည်နှင့် ဘားအံမြို့နယ်အနီးရှိ အင်းစန်၊ ဖားပုလင်း၊ နတ်ကုန်း၊ ကော့ကရိတ် လမ်းခွဲ အပါအဝင် သံလွင်မြစ်ကမ်းဘေးရှိ ကျေးရွာများတွင် မျှစ်ချိုးသည့် ရာသီ စတင်လေ့ရှိသည်။ ဒေသအတွင်း သဘာဝအတိုင်း ထွက်ရှိသော မျှစ်ဝါ (မျှစ်ကြီး)၊ မျှစ်ဆင်း (မျှစ်သေး) များအပြင် စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြသည့် ဝါးမျှစ်များလည်းအမြောက်အမြားထွက်ရှိသည်။ ယခင်က ဒေသခံများသည် မျှစ်ကို ရာသီပေါ် ဟင်းသီးဟင်းရွက်အဖြစ်သာ ဘားအံမြို့မဈေး၊ သီရိဈေး၊ ရေပေါ်ဈေးနှင့် ကမ်းနားဈေး စသည့်မြို့ပေါ်ဈေးများ၌ အစိမ်းအတိုင်းကုန်ကြမ်းအဖြစ်သာ  လတ်လတ် ဆတ်ဆတ် ရောင်းချခဲ့ကြသည်။ ထို့ပြင် မော်လမြိုင်၊ ရန်ကုန်နှင့် ကော့ကရိတ်-မြဝတီ လမ်းကြောင်းများမှ တစ်ဆင့် အခြားဒေသများသို့ ကုန်စိမ်းကားများဖြင့် ကုန်ကြမ်းအတိုင်းသာ တင်ပို့ ရောင်းချကြသည်။

သို့သော် မျှစ်အစိမ်းသည် ရာသီချိန်၌ ကုန်စိမ်းဈေးကွက်အတွင်း အပြိုင်အဆိုင် များပြားပြီး ဈေးနှုန်းကျဆင်းလေ့ရှိသည့်အပြင် ရာသီကုန်လွန်ပါက ပျက်စီးလွယ်သည့် အားနည်းချက်ရှိသည်။ ယခုအခါတွင်မူ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက နည်းပညာနှင့် တီထွင်ဖန်တီးမှုများကို ပေါင်းစပ်ပြီး မျှစ်ကို တန်ဖိုးမြင့် စီးပွားဖြစ် ထုတ်ကုန်များအဖြစ် စနစ်တကျ ပြောင်းလဲထုတ်လုပ်လာကြသဖြင့် ဒေသစီးပွားရေး တိုးတက်စေရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပေါ်လာခဲ့ပြီး ပြည်နယ်အတွင်း ဒေသထွက်ကုန်၏ ပြည်တွင်း ပြည်ပပို့ကုန်တစ်ခု ဖြစ်လာစေရေးအတွက်လည်း အလားအလာရှိသော ထုတ်ကုန်တစ်ခုအဖြစ်လည်း မျှော်မှန်းနိုင်ပြီ ဖြစ်ပါသည်။   

ဒေသထွက် မျှစ်တန်ဖိုးမြင့် ထုတ်ကုန်များနှင့် လက်ရှိဈေးနှုန်းများ

ဘားအံဒေသခံများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များသည် မျှစ်၏ သဘာဝအရသာကို မပျက်စီးစေဘဲ တာရှည်ခံအောင် အောက်ပါ တန်ဖိုးမြင့် MSME ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ် ရောင်းချလျက် ရှိပါသည်။

မျှစ်ခြောက်၊၊     ၊၊ မျှစ်ကို ပြုတ်၊ လှီးဖြတ်၍ သဘာဝနေရောင်ခြည် သို့မဟုတ် အပူပေးစက် များဖြင့် ရေဓာတ် ဖယ်ရှားထားသည့် ထုတ်ကုန်ဖြစ်သည်။ ရာသီမရွေး တာရှည်ခံ သိမ်းဆည်းနိုင်ပြီး သယ်ယူ ပို့ဆောင်ရေး လွယ်ကူသည့်အတွက် အဝေးဒေသများနှင့် ပြည်ပရောက် မြန်မာမိသားစု များထံအထိ အဆင်သင့် ချက်ပြုတ်နိုင်သော ကုန်ခြောက်အဖြစ် တင်ပို့ရောင်းချရာတွင် လူကြိုက်အများဆုံး ဖြစ်သည်။ ဈေးနှုန်း - ၁၀ သားအိတ်လျှင် ၄,၀၀၀ မှ ၆,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

မျှစ်ချဉ်။         ။ ဒေသတွင်း ရိုးရာနည်းလမ်းများ သို့မဟုတ် လေလုံဘူး/အိတ်များဖြင့် သန့်ရှင်းစွာ စနစ်တကျ ထုပ်ပိုးထားသည့် မျှစ်ချဉ်သည် ဒေသထွက် အစားအစာတစ်ခုအဖြစ် ထိန်းသိမ်းထားသည်။ စံချိန်စံညွှန်းမီ ထုပ်ပိုးနိုင်ပါက ဒေသအမှတ်တံဆိပ် (Local Brand) အဖြစ် ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်မည်ဖြစ်သည်။ (ဈေးနှုန်း - ၅၀ သားဘူး/အိတ်လျှင် ၃,၅၀၀ မှ ၅,၀၀၀ ကျပ်)

မျှစ်ငရုတ်သီးထောက်၊၊ ၊၊ မျှစ်၏ သဘာဝ အရသာကို အစိမ်းရောင် အစပ်အရသာများနှင့် ပေါင်းစပ် ဖန်တီးထားသည့် အသင့်စား စားသောက်ကုန်ဖြစ်ပြီး ရာသီမရွေးအဆင်သင့် သုံးဆောင် နိုင်သော ထုတ်ကုန်ဖြစ်သည်။  ဈေးနှုန်းအနေဖြင့် ယိုဘူးသေး ၁ ဘူးလျှင် ၂,၅၀၀ မှ ၄,၀၀၀ ကျပ် ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

အသင့်စား မျှစ်ဟင်းလျာများ : Packaging စနစ် ထုတ်ပိုးမှု ကောင်းမွန်လာသည်နှင့်အမျှ မျှစ်နှင့် အမဲသား၊ ဝက်သား၊ ငံပြာရည်ချက်များ သို့မဟုတ် သက်သက်လွတ် မျှစ်ဟင်းများကို တာရှည်ခံ အိတ်များဖြင့် စနစ်တကျ ထုပ်ပိုးထားသော အသင့်နွေးစား အထုတ်များဖြစ်ရာ ခရီးသွားဧည့်သည် များအတွက် ဒေသထွက် အမှတ်တရလက်ဆောင် (Local Souvenir) အဖြစ် ရောင်းချလျက်ရှိသည်။  အသင့်စား ၁ ထုပ်လျှင် ၄,၀၀၀ မှ ၇,၀၀၀ ကျပ် ထိ ဈေးနှုန်း ရှိပါသည်။

(မှတ်ချက် - အထက်ပါ ဈေးနှုန်းများသည် ဒေသအတွင်း ကုန်ကြမ်းရရှိနိုင်မှု၊ သယ်ယူပို့ဆောင်     ရေး နှင့် ဈေးကွက်အခြေအနေပေါ် မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။)

မျှစ်ကိုတန်းဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်ခြင်းအားဖြင့် ရရှိလာသော အကျိုးကျေးဇူးများ

မျှစ်ကို အစိမ်းအတိုင်း ရိုးရိုးရှင်းရှင်း ရောင်းချခြင်းထက် တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းသည် MSME (အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး) ကဏ္ဍတစ်ရပ်လုံးကို အားကောင်းစေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါ အကျိုးကျေးဇူးများကို သက်ရောက်ဖြစ်ထွန်းစေပါသည်။

          ၁။ တောင်သူများနှင့် ရာသီပေါ်လုပ်သားများ၏ အိမ်ထောင်စုဝင်ငွေ ခိုင်မာတည်ငြိမ်လာခြင်း

ရာသီပေါ် မျှစ်အစိမ်းများသည် လှိုင်လှိုင်ထွက်ရှိချိန်၌ ဈေးကွက်အတွင်း အပြိုင်အဆိုင် များပြားပြီး စေလိုရာမရဘဲ ဈေးနှုန်း ထက်ဝက်ကျော်အထိ ကျဆင်းလေ့ရှိသည်။ ထို့ပြင် ရာသီကုန်လျှင် ပျက်စီးလွယ်သည့် အားနည်းချက်လည်း ရှိသည်။ သို့သော် မျှစ်ကို မျှစ်ခြောက်၊ မျှစ်ချဉ်၊ မျှစ်ယိုနှင့် အသင့်စား မျှစ်ဟင်းလျာများအဖြစ် စနစ်တကျ ပြောင်းလဲ ထုတ်လုပ်လိုက်ပါက ကုန်ပစ္စည်းကို တာရှည်ခံ သိမ်းဆည်းနိုင်သဖြင့် ရာသီမရွေး ပုံမှန် ဈေးကောင်း ရရှိစေသည်။ ထို့ကြောင့် စိုက်ပျိုးတောင်သူများနှင့် မျှစ်ချိုးလုပ်သားများအနေဖြင့် ရာသီချိန်ခဏမျှ၌သာ ပုံမှန်မှီခိုနေရသည့် ဒုက္ခမှ ကင်းဝေးပြီး တစ်နှစ်ပတ်လုံး ပိုမိုတည်ငြိမ်၍ ခိုင်မာသော အိမ်ထောင်စုဝင်ငွေကို ရရှိလာစေပါသည်။

၂။ ဒေသတွင်း အမျိုးသမီးများနှင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း

မျှစ်ကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲရာတွင် ကုန်ကြမ်းသန့်စင်ခြင်း၊ ပြုတ်ခြင်း၊ လှီးဖြတ်ခြင်း၊ အခြောက်ခံခြင်း၊ အချဉ်စိမ်ခြင်း၊ အရသာစပ်ခြင်းနှင့် ဘူး/အိတ်များ အတွင်း စနစ်တကျ ထုပ်ပိုးခြင်း စသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ပါဝင်သည်။ ထိုထုတ်လုပ်မှု ကဏ္ဍများတွင် ဒေသတွင်း အမျိုးသမီးများနှင့် လူငယ်များအတွက် ရာသီမရွေး အမြဲတမ်းနှင့် အချိန်ပိုင်း လုပ်ကိုင်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ထွက်လာပြီး အိမ်တွင်းမှု တစ်ပိုင်တစ်နိုင် မိသားစု အပိုဝင်ငွေများ တိုးတက်စေကာ လူမှုစီးပွားဘဝ အဆင့်အတန်းကို တိုးတက် မြင့်မား လာစေသည်။

၃။ ခရီးသွား လုပ်ငန်းကို အဓိက အထောက်အကူပြုပြီး ဒေသအမှတ်တံဆိပ် (Local Brand) မြှင့်တင်နိုင်ခြင်း

သန့်ရှင်းသပ်ရပ်သော Packaging စနစ်များ၊ တိကျသည့် စံချိန်စံညွှန်းများဖြင့် ထုပ်ပိုး ထားသော ဘားအံဒေသထွက် မျှစ်ထုတ်ကုန်များသည် ဒေသတွင်း စားသုံးမှု အဆင့်မှသည် ခရီးသွားဧည့်သည်များ မပါမဖြစ် ဝယ်ယူကြသည့် ဒေသထွက် အမှတ်တရလက်ဆောင် (Local Souvenir) အဖြစ် အောင်မြင်စွာ အရှိန်ရရှိလာသည်။ ဘားအံမြို့သို့ လာရောက်သည့် ခရီးသွားများ၊ အပန်းဖြေသူများနှင့် အဝေးမှ မှာယူသူများကြား ရေပန်းစားလာခြင်းသည် ဒေသတွင်း MSME လုပ်ငန်းရှင်များအတွက် Local Brand တစ်ခုဖြစ်ပေါ်စေရုံမျှမက ကရင်ပြည်နယ်၏ ရိုးရာဒေသထွက် ကုန်စည် ဂုဏ်သတင်းကိုပါ မြှင့်တင်ပေးနိုင်ခဲ့သည်။

၄။ စီးပွားရေး ကုန်ထုတ်လုပ်မှု ကွင်းဆက် (Value Chain) အားကောင်းလာခြင်း

မျှစ်ကို တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြောင်းလဲခြင်းသည် ရောင်းသူနှင့် ဝယ်သူကြား ရိုးရှင်းသော ရောင်းဝယ်မှုစနစ်တစ်ခုတည်း မဟုတ်တော့ဘဲ ဒေသတွင်း စီးပွားရေး ကွင်းဆက် တစ်ခုလုံးကို ချိတ်ဆက်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကုန်ကြမ်း ထုတ်လုပ် သည့် ဒေသခံများ၊ ပြုပြင်ထုတ်လုပ်သည့် စက်ရုံ/အလုပ်ရုံငယ်များ၊ ထုပ်ပိုးမှု (Packaging) ဘူးနှင့် အိတ်ပြုလုပ်သည့် လုပ်ငန်းများ၊ အမှတ်တံဆိပ် ရိုက်နှိပ်သည့် လုပ်ငန်းများနှင့် မြို့ကြီးများသို့ ဖြန့်ဖြူးပေးသည့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအထိ အချင်းချင်းဟန်ချက်ညီညီ ပတ်သက် ချိတ်ဆက်မိသွားသဖြင့် ဒေသအတွင်း ကုန်ထုတ်လုပ်မှု စီးပွားရေး ကွင်းဆက်တစ်ခုလုံး ပိုမို ခိုင်မာအားကောင်းလာစေပါသည်။

စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အချက်များ

ကရင်ပြည်နယ်၊ ဘားအံဒေသထွက် မျှစ်သည် ဒေသတွင်း MSME စီးပွားရေးအရ အလားအလာ ကောင်းများစွာ ရှိနေသော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရန် အတွက် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အချက်များကို အောက်ပါအတိုင်း တွေ့ရပါသည်။

၁။ ကုန်ကြမ်းပမာဏ လိုအပ်ချက် နှင့် စိုက်ပျိုးရေးအသွင် ပြောင်းလဲရေး

သဘာဝတောတောင်အပေါ်၌ အလေ့ကျပေါက်ရောက်ခြင်းကိုသာ အဓိက မှီခိုနေရသဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝအတိုင်း ထွက်ရှိမှု ၊ နှစ်စဉ်ခုတ်တည်မှုအပေါ် မူတည်ကာ ကုန်ကြမ်းရရှိနိုင်မှု ခန့်မှန်းရခက်ခဲပြီး နှစ်စဉ် ထွက်ရှိသည့်ကုန်ကြမ်းပမာဏ လျော့နည်းခြင်း၊ ရာသီကုန်လျှင် ကုန်ကြမ်းပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သဘာဝတောတောင်မှ ခုတ်ယူခြင်းအပြင် စီးပွားဖြစ် ဝါးစိုက်ပျိုးတောင်သူများ ပိုမိုတိုးပွားလာရေး စည်းရုံးလှုံ့ဆော်ရန် လိုအပ်သည်။ စီးပွားဖြစ် ဝါးစိုက်ခင်းများ (Bamboo Plantations) ထူထောင်ပေးခြင်းဖြင့် ကုန်ကြမ်းရရှိမှုကို တည်ငြိမ်စေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အထောက်အကူ ပြုစေမည် ဖြစ်သည်။

၂။ နည်းပညာနှင့် ထုပ်ပိုးမှု (Packaging) စနစ် လိုအပ်ချက်

ပြည်တွင်း/ပြည်ပ ဈေးကွက်အထိ ယှဉ်ပြိုင်နိုင်ရန်အတွက် စံချိန်စံညွှန်းမီ  Food Grade တာရှည်ခံ နည်းပညာများ၊ သန့်ရှင်းသပ်ရပ်သော လေလုံစနစ်သုံး ထုပ်ပိုးမှု (Aseptic Vacuum Packaging) နှင့် အစားအသောက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းမှု လိုအပ်ချက်များ ရှိနေသေး ကြောင်း တွေ့ရပြီး သက်ဆိုင်ရာဌာနများဖြစ်သော အသေးစား စက်မှုလက်မှုဦးစီးဌာနများနှင့် နည်းပညာရှင်များမှတစ်ဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး (FDA)၊ Food Grade ထုပ်ပိုးမှုစနစ်နှင့် တာရှည်ခံ ထုတ်လုပ်နည်း သင်တန်းများကိုစဉ်ဆက်မပြတ် ပံ့ပိုးပေးရန် နှင့် စားသုံးသူများအတွက် သတင်းအချက်အလက်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြခြင်းများကို ဆောင်ရွက်၍ ထုတ်ကုန် များ၏ အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ရမည်။

၃။ ငွေကြေးအရင်းအနှီး နှင့် ရင်းနှီးမြှုပ်နှံမှု အခက်အခဲများ စိန်ခေါ်မှု

 MSME လုပ်ငန်းရှင် များအနေဖြင့် ခေတ်မီစက်ကိရိယာများ (ဥပမာ- အပူပေး အခြောက်ခံစက်များ၊ လုံအိတ်ပိတ်စက်များ၊ သံစုပ်စက်များ၊ လက်သုံးကိရိယာများ) ဝယ်ယူတပ်ဆင် ရန် လိုအပ်သော မတည်ရင်းနှီးငွေ အခက်အခဲများ ရှိကြသည်။ အဆိုပါအခက်အခဲများကို အစိုးရ သို့မဟုတ် ပုဂ္ဂလိက ဘဏ်များမှ MSME ချေးငွေများ၊ သက်သာသော အတိုးနှုန်းဖြင့် ကာလရှည် ချေးငွေများ လွယ်ကူစွာ ရရှိနိုင်ရေး ပံ့ပိုးပေးခြင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

၄။ ဈေးကွက်ချိတ်ဆက်မှုနှင့် ဒေသအမှတ်တံဆိပ် (Local Brand) မြှင့်တင်ရေး

ထုတ်ကုန်များ စနစ်တကျ ထုတ်လုပ်နိုင်သော်လည်း ပြည်တွင်း မြို့ကြီးများရှိ စူပါမားကတ် များ၊ အွန်လိုင်းဈေးကွက်များနှင့် ပြည်ပဈေးကွက်များသို့ ချိတ်ဆက်တင်ပို့နိုင်စွမ်း အားနည်းနေသေး သည်ကို တွေ့ရသည်။ အဆိုပါအခက်အခဲများအပေါ် မျှစ်နှင့်ပတ်သက်၍ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေဖြင့်  ကရင်ပြည်နယ် ဒေသထွက် ကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်း ၊ Digital Marketing နှင့် E-commerce ပလက်ဖောင်းများမှတစ်ဆင့် ရောင်းချခြင်း၊  ကရင်ပြည်နယ်ဒေသထွက်  “မျှစ်” အတွက် ဒေသဆိုင်ရာအညွှန်းလျှောက်ထားခြင်း (Geographical Indication - GI) သို့မဟုတ် One Region One Product (OROP) ဒေသတစ်ခု ထုတ်ကုန်တစ်ခုအဖြစ် သတ်မှတ်၍ ဈေးကွက်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်သည်။

ခြုံငုံသုံးသပ်ရပါက ဘားအံဒေသထွက် မျှစ်ထုတ်ကုန်များသည် ပြည်တွင်း မြို့ကြီးများအပြင် ပြည်ပဈေးကွက်များအထိပါ ထိုးဖောက်နိုင်မည့် စီးပွားရေး အလားအလာကောင်းများစွာ ပိုင်ဆိုင်ထားပြီးဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ခေတ်မီ နည်းပညာ၊ ထုပ်ပိုးမှု စနစ်များနှင့် စံချိန်စံညွှန်းများကို ပိုမိုမြှင့်တင် ထုတ်လုပ်သွားမည်ဆိုပါက ဒေသတွင်း စီးပွားရေးကို များစွာ အထောက်အကူပြုမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ သဘာဝကပေးသော လက်ဆောင်ဖြစ်သည့် မျှစ်ကို MSME နည်းပညာများ ပေါင်းစပ်၍ တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ်ကာ ဒေသတွင်း ဝင်ငွေများ တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။

DOCA(ကရင်)