ကရင်ပြည်နယ်၊ ဘားအံမြို့နှင့်အနီးတဝိုက်ကျေးရွာဒေသများသည် သဘာဝတောတောင် ရေမြေကောင်းမွန်သည့်အတွက် ရာသီအလိုက် သဘာဝမျှစ်များပေါများစွာ ထွင်ရှိသော ဒေသတစ်ခု ဖြစ်သည်။ ယခင်က မျှစ်ကို ရာသီပေါ်ဟင်းသီးဟင်ရွက်အဖြစ်သာ အိမ်သုံး သို့မဟုတ် ဒေသတွင်း ဈေးများတွင် အလွယ်တကူအစိမ်းအတိုင်းရောင်းချခဲ့ကြသော်လည်း ယခုအခါတွင်မူ နည်းပညာနှင့် တီထွင်ဖန်တီးမှုများကို ပေါင်းစပ်ပြီး တန်ဖိုးမြင့်စီးပွားဖြစ် ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ် လာကြသည်။ မိုးရာသီအတွင် ဒေသခံပြည်သူများ၏အဓိက အိမ်ထောင်စုဝင်ငွေကိုရှာဖွေပေးနေ သည့်မျှစ်သည် သဘာဝကပေးသော လက်ဆောင်တစ်ခုဖြစ်သည်။ ဒေသတွင်း စားသုံးမှုအဆင့်မျှသာ ရှိခဲ့ဖူးသောမျှစ်သည် ယခုအခါတွင် ဘားအံဒေသ၏ စီးပွားရေးအခွင့်အလမ်းတစ်ရပ်အဖြစ် အရှိန် အဟုန်ဖြင့် မီးမောင်းထိုးပြလာနေပြီဖြစ်သည်။
မိုးဦးကျပြီဆိုသည်နှင့် ဘားအံမြို့နယ်အနီးရှိကျေးရွာများဖြစ်သော အင်းစန်၊ ဖားပုလင်း၊ နတ်ကုန်း၊ ကော့ကရိတ်လမ်းခွဲဘက်နှင့် သံလွင်မြစ်ကမ်းဘေးရှိကျေးရွာများတွင်မျှစ်ချိုးသည့် ရာသီစတင် ပါသည်။ ဒေသအတွင်း၌ သဘာဝအတိုင်းထွက်ရှိသော မျှစ်ဝါ (မျှစ်ကြီး)နှင့် မျှစ်ဆင်း (မျှစ်သေး)များ အပြင် စိုက်ပျိုးရေးအဖြစ် တိုးချဲ့လာကြသည့်ဝါးမျှစ်စသည်တို့ အဓိကထွက်ရှိသည်။ ဒေသခံများသည် တောတောင်အတွင်းမှ ချိုးယူရရှိသောမျှစ်များကို ဘားအံမြို့မဈေး၊ သီရိဈေး၊ ရေပေါ်ဈေး၊ ကမ်းနား ဈေး အစရှိသည့်မြို့ပေါ်ဈေးများသို့ လတ်လတ်ဆတ်ဆတ် ပို့ဆောင်ရောင်းချကြသည်။ ထို့ပြင် မော်လမြိုင်၊ ရန်ကုန်နှင့် ကော့ကရိတ်-မြဝတီလမ်းကြောင်းမှတဆင့် အခြားဒေသများသို့လည်း ကုန်စိမ်းကားများဖြင့် စနစ်တကျ တင်ပို့လျက်ရှိသည်။ လက်ဆတ်သောမျှစ်သည် ရာသီကုန်လျှင် ပျက်စီးလွယ်ပြီး ရာသီချိန်၌ ဈေးကွက်အတွင်းအပြိုင်အဆိုင်များကာ ဈေးကျဆင်းတတ်သည်။
ထို့ကြောင့် ဘားအံဒေသခံများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များသည် မျှစ်ကိုတန်ဖိုးမြင့် ထုတ်ကုန်များ အဖြစ် ပြုပြင်ဖန်တီးလာကြသည်။ မျှစ်ချဉ်ဘူး/မျှစ်ချဉ်အိပ် သန့်ရှင်းစွာပြုပြင်ထားပြီး တာရှည်ခံ အောင်စနစ်တကျ လေလုံစနစ်ဖြင့်ထုပ်ပိုးထားသည့် ထုတ်ကုန်ဖြစ်သည်။ မျှစ်ခြောက် (Bamboo Shoot Chips/Slices) ရေဓာတ် ဖယ်ရှားထားပြီး တာရှည်ခံသည့်အတွက် အဝေး ဒေသများနှင့် ပြည်ပ အထိပို့ဆောင်ရန်လွယ်ကူသည်။ မျှစ်ငရုတ်သီးထောင့်/မျှစ်စိုမျှစ်၏ သဘာဝ အရသာကို အစိမ်းရောင်အစပ်အရသာများဖြင့် ပေါင်းစပ်ပြုလုပ်ထားသည့် အသင့်စား စားသောက် ကုန်များ၊ အသင့်စားမျှစ်ဟင်းအိတ်များ၊ မျှစ်နှင့်အမဲသား၊ ဝက်သား သို့မဟုတ် ငံပြာရည်ချက်များ ပါဝင်သည့် အသင့်နွေးစားနိုင်သော အထုတ်များဖြစ်သည်။ မျှစ်ကို ပြုတ်၊လှီးဖြတ်၍ နေခြောက် လှန်းထားသော မျှစ်ခြောက် သည် တန်ဖိုးမြင့်ထုတ်ကုန်များအနက် လူကြိုက်အများဆုံး ဖြစ်သည်။ ရာသီမရွေသိမ်းဆည်းထားနိုင်ပြီး ပြည်တွင်းမြို့ကြီးများအပြင် ပြည်ပရောက်မြန်မာမိသားစုများထံသို့ ပါ အဆင်သင့်ချက်ပြုတ်နိုင်သော ကုန်ခြောက်အဖြစ် တင်ပို့ရောင်းချလျက်ရှိသည်။ မျှစ်ချဉ်/ မျှစ်ဆားရည်စိမ် ဒေသတွင်း ရိုးရာနည်းလမ်းများ သို့မဟုတ် လေလုံဘူး/အိတ်များဖြင့် စနစ်တကျ ထုပ်ပိုးထားသည့် မျှစ်ချဉ်သည် ဒေသထွက်အစားအစာတစ်ခုအဖြစ် နာမည်ရသည်။ တိကျသည့် စံချိန်စံညွှန်းဖြင့် ထုပ်ပိုးနိုင်ပါက ဒေသအမှတ်တံဆိပ်(Local Brand) အဖြစ် ဈေးကွက်ကျယ်ကျယ် ပြန့်ပြန့်ရရှိနေပြီဖြစ်သည်။ Packaging စနစ် ကောင်းမွန်လာသည်နှင့်အမျှ တာရှည်ခံအိတ်များဖြင့် ထုပ်ပိုးထားသည့် အဆင့်သင့်စား မျှစ်အကင်၊ သက်သက်လွတ် မျှစ်ဟင်းလျာများကို ခရီးသွားဧည့်သည် များအတွက် အမှတ်တရ လက်ဆောင်အဖြစ် ရောင်းချလာကြသည်။
တန်ဖိုးမြင့် ပြုလုပ်ထားသည့် မျှစ်ထုတ်ကုန်များသည် ရာသီမရွေး စားသုံးနိုင်သည့်အပြင် တာရှည်ခံမှု ပိုမိုကောင်းမွန်သည့်အတွက် ဒေသတွင်းသာမက ရန်ကုန်၊မန္တလေးနှင့်အခြားဒေသများ အထိ ဈေးကွက်ရရှိနေသည်။ မျှစ် အမယ်သစ်ထုတ်ကုန်ဈေးနှုန်းများမှာ မျှစ်ချဉ် (၅၀သားဘူး/ အိတ်) (၃၅၀၀မှ၅၀၀၀) ကျပ်၊ မျှစ်ခြောက် ( ၁၀သား အိတ် ) (၄၀၀၀မှ၆၀၀၀) ကျပ်၊ မျှစ် (ငရုတ်သီးထောက်/ ယိုဘူးသေး) (၂၅၀၀မှ၄၀၀၀) ကျပ်၊ မျှစ်(အသင့်စားဟင်းလျာထုတ်) (၄၀၀၀မှ၇၀၀၀)ကျပ်တို့ဖြင့် ရောင်းချကြပြီး ယင်ဈေးနှုန်းများမှာ ဒေသအတွင်းဈေးကွက်ပေါ်မူတည် ၍ အပြောင်းအလဲရှိသည်။
မျှစ်ကိုအစိမ်းအတိုင်းရောင်းချခြင်းထက် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းသည် တောင်သူများနှင့်ရာသီပေါ်လုပ်သားများအတွက် ပိုမိုခိုင်မာသောဝင်ငွေရရှိစေခြင်း၊ ဒေသတွင်း အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ ဘားအံမြို့၏ ဒေသထွက် ကုန်ပစ္စည်းလက်ဆောင်(Local Souvenir) အဖြစ် ခရီးသွားများနှင့် အဝေးမှမှာယူသူများကြား ရေပန်းစားလာခဲ့ခြင်းတို့ကြောင့် ဒေသအတွက် အလွန်အကျိုးကျေးဇူးများလှပါသည်။
ဘားအံဒေသထွက် မျှစ်သည် စီးပွားရေးအရအလားအလာကောင်းများစွာ ရှိနေသော်လည်း သဘာဝတောတောင်အပေါ်မှီခိုရမှု၊ သဘာဝအတိုင်း ထွက်ရှိသည်ကို အဓိက မှီခိုနေရသဖြင့် နှစ်စဉ် ထွက်ရှိမှုပမဏမမှန်ခြင်း၊ နည်းပညာနှင့်ထုပ်ပိုးမှု(Packaging)တန်ဖိုးမြင့် ထုတ်အဖြစ် ပြောင်းလဲရာ တွင် တာရှည်ခံနည်းပညာနှင့်သန့်ရှင်းသပ်ရပ်သော ထုပ်ပိုးမှုစနစ်များ ပိုမိုလိုအပ်နေ သေးခြင်းတို့ မဖြစ်ရလေအောင် စီးပွားဖြစ် ဝါးစိုက်ပျိုးတောင်သူများတိုးပွားလာရေးနှင့် တန်ဖိုးမြင့် ထုတ်ကုန်ပြုလုပ်သည့် နည်းပညာများကို သင်တန်းများမှတစ်ဆင့် ပိုမိုသိရှိလေ့လာနိုင်စေရေး တို့ကို လည်း သက်ဆိုင်ရာဌာနများနှင့်အသိပညာရှင်အတတ်ပညာများမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျှက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ပံ့ပိုပေးမှုများကြောင့် ဘားအံဒေသထွက် မျှစ်ထုတ်ကုန်များ သည် ပြည်တွင်းဈေးကွက်တင်မကဘဲ ပြည်ပဈေးကွက်များအထိပါ ထိုးဖောက်နိုင်မည့် အလားအလာ ကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ သဘာဝကပေးသော လက်ဆောင်အား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တိုးမြင့်ထုတ်လုပ်ကြပါဆို့လို တိုက်တွန်းလိုက်ရပါတယ်။
DOCA(ကရင်)
