Main menu

အာဆီယံအစားအစာသဘောတူညီချက်မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆၃၅ သန်းအထိ ကုန်သွယ်မှုမြှင့်တင်မည့်အင်ဒိုနီးရှား

Powered by Drupal

     အာဆီယံအစားအစာဘေးကင်းလုံခြုံရေး စည်းမျဉ်းမူဘောင်သဘောတူညီချက် (ASEAN Food Safety Regulatory Framework Agreement - AFSRFA) ကို အတည်ပြုအကောင် အထည်ဖော်နိုင်ပါက အင်ဒိုနီးရှားနိုင်ငံ၏ စားသောက်ကုန်ကဏ္ဍ ကုန်သွယ်မှုလက်ကျန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၆၃၄ ဒသမ ၈၃ သန်းအထိ တိုးတက်လာနိုင်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်သည် အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာစံချိန်စံညွှန်းများကို တစ်ပြေးညီဖြစ်စေခြင်းဖြင့် အာဆီယံဒေသအတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကို ပိုမိုချောမွေ့စေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ဇူလိုင်လ ၂၂ ရက်က ဂျာကာတာမြို့မှ အွန်လိုင်းစနစ်ဖြင့်ကျင်းပသည့် ပြည်သူ့လွှတ်တော် (DPR) ကော်မရှင် (၆) နှင့် အစည်းအဝေးတွင် Budi Santoso က အဆိုပါသဘောတူညီချက်ကြောင့် နိုင်ငံ၏လူမှုစီးပွားအကျိုးခံစားခွင့်သည်လည်း အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၁၇ သန်း အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ကုန်သွယ်ရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်ချက်အရ ထိုသဘောတူညီချက်သည် စည်းမျဉ်းစည်းကမ်း လိုက်နာရသည့်ကုန်ကျစရိတ်များကို လျှော့ချပေးခြင်းအားဖြင့် စားသောက်ကုန်ကဏ္ဍထဲသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေမည့်အပြင် ပြည်တွင်းစားသောက်ကုန်ဈေးနှုန်းများကို တည်ငြိမ်စေပြီး ပြည်သူများ၏ဝယ်ယူနိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါသဘော တူညီချက်အကောင်အထည်ဖော်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်များ၊ ဟင်းသီး ဟင်းရွက်ဆီနှင့် အဆီထွက်ကုန်များ၊ ပြုပြင်ထုတ်လုပ်ထားသောစားသောက်ကုန်များအပါအဝင် အဓိကကုန်စည်အုပ်စုများ၏ ပြည်ပတင်ပို့မှုတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ AFSRFA သည် အာဆီယံအစားအစာဘေးကင်းလုံခြုံရေးမူဝါဒ (ASEAN Food Safety Policy - AFSP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်နည်းပညာဆိုင်ရာအချက်အလက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးယန္တရားများကို သတ်မှတ်ပေးထားကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်၏အဓိကရည်ရွယ်ချက်မှာ စည်းမျဉ်းစည်းကမ်းများကို တစ်ပြေးညီဖြစ်စေခြင်းနှင့် နည်းပညာဆိုင်ရာ ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားပေးခြင်းဖြင့် စားသုံးသူများ၏ ကျန်းမာရေးကို ပိုမိုကာကွယ်ပေးနိုင်ရေးနှင့် အာဆီယံဒေသအတွင်း ဘေးကင်းလုံခြုံသော စားသောက်ကုန်များ လွတ်လပ်စွာကုန်သွယ်နိုင်ရေးကို အထောက်အကူပြုရန်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် အဆိုပါသဘောတူညီချက်တွင် အာဆီယံဒေသအတွင်း စားသောက်ကုန်ထောက်ပံ့ ရေးကွင်းဆက်တစ်လျှောက်၌ အစားအစာဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းများ အကောင်အထည်ဖော်ရန် လိုအပ်သည့်သတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး ယန္တရား များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း Budi Santoso က ပြောကြားခဲ့ပါသည်။ စည်းမျဉ်းစည်းကမ်းများကို တစ်ပြေးညီဖြစ်စေခြင်းသည် လုပ်ငန်းရှင်များအတွက် ဥပဒေဆိုင်ရာ သေချာမှုကို ပိုမိုရရှိစေမည့်အပြင် စည်းမျဉ်းလိုက်နာမှုကုန်ကျစရိတ်များကို လျှော့ချပေးကာ အင်ဒိုနီးရှားစားသောက်ကုန်များ၏ ဒေသတွင်းဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားခဲ့ပါသည်။ သဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရအနေဖြင့် ဥပဒေနှင့် နည်းဥပဒေများကို ရေးဆွဲပြင်ဆင်ကာ ဥပဒေအခြေခံကို ခိုင်မာစေရေးအပါအဝင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထို့အပြင် ပြည်ပတင်ပို့သူများအနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်များအရ ပေးအပ်ထားသည့်အကောက်ခွန်သက်သာခွင့်များကို အလိုအလျောက် အသုံးပြုနိုင်စေရန် ကုန်ပစ္စည်းမူရင်းနိုင်ငံအသိအမှတ်ပြုလက်မှတ် (Certificate of Origin - SKA) အတွက် အလိုအလျောက်စနစ်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ပြည်တွင်းစက်မှုလုပ်ငန်းများကိုကာကွယ်ရန် ကုန်သွယ်ရေးကာကွယ်မှုမူဝါဒများနှင့် စီမံခန့်ခွဲမှု ယန္တရားများကို ပိုမိုအားကောင်းစေခြင်း၊ သဘောတူညီချက်၏ အကျိုးကျေးဇူးများကို အပြည့်အဝရရှိစေရန် သက်ဆိုင်သူများအား အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် အာဆီယံ စားသောက်ကုန်ကုန်သွယ်မှုကွန်ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ပေါင်းစည်းပါဝင်မှုကို အထောက်အကူပြုနိုင်ရန် ခြေရာခံစနစ် (Traceability) အခြေပြု အစားအစာဘေးကင်းလုံခြုံရေး ဒစ်ဂျစ်တယ်စနစ်များကို အရှိန်မြှင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)