
ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနသည် နယ်စပ်ဂိတ်များတွင် စိုက်ပျိုးရေး ပို့ကုန်များ၊ အထူးသဖြင့် ဒူးရင်းသီး တင်ပို့မှုများကို အမြန်ဆုံး အကောက်ခွန် ပေးဆောင်နိုင်အောင် ဆောင်ရွက် ပေးရန် ဒေသဆိုင်ရာ အကောက်ခွန်ဌာနခွဲများကို ညွှန်ကြားလိုက်သည်။
ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်တစ်ခုတွင် အကောက်ခွန်ဦးစီးဌာနသည် ပုံမှန်ရုံးချိန်ပြင်ပ အပါအဝင် တင်ပို့သည့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန် ပစ္စည်းများအတွက် အကောက်ခွန်ရှင်းလင်းရေးကို တစ်ရက်တည်းဖြင့်ပြီးစီးအောင် အပြည့်အဝ ကူညီ ဆောင်ရွက်ပေးရန် ဒေသဆိုင်ရာ အကောက်ခွန်ဌာနခွဲများသို့ တောင်းဆိုထားသည်။ ထို့ပြင် ညနေပိုင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်ပါ ပို့ကုန်တင်ပို့မှုများကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရန်နှင့် ကြီးကြပ်ရန် အရာရှိများ တာဝန်ပေးအပ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
ဒေသဆိုင်ရာ ဌာနခွဲများအနေဖြင့် ပို့ကုန်အကောက်ခွန် ရှင်းလင်းရေးကာလအတွင်း ကြုံတွေ့ရသည့် မည်သည့်ပြဿနာကိုမဆို ချက်ချင်းဖြေရှင်းပေးရန် လိုအပ်သည်။ မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်သောကိစ္စရပ်များကို လမ်းညွှန်မှုခံယူနိုင်ရန် ဦးစီးဌာနသို့ ကြန့်ကြာမှုမရှိဘဲ သတင်းပို့ရမည်ဖြစ်သည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် တင်ပို့ရန် စောင့်ဆိုင်းနေသည့် ကုန်ပစ္စည်းများကို သိုလှောင်ရန်နှင့် အမျိုးအစားခွဲခြားရန် သင့်တော်သော အဆောက်အအုံများ စီစဉ်ပေးနိုင်ရေး နယ်စပ်ဂိတ်များရှိ ဂိုဒေါင်နှင့် ကုန်သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
၎င်းတို့အနေဖြင့် မိမိတို့နယ်မြေအတွင်းရှိ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ကုန်များ တင်ပို့မှု တိုးတက်ဖြစ်ထွန်းမှုကို ပုံမှန်စောင့်ကြည့်ရန်၊ ဒေသတွင်း နယ်စပ်ဂိတ်များကို အသုံးပြုနေသည့် ပို့ကုန်တင်ပို့သူများထံ အချိန်မီ သတင်းအချက်အလက်နှင့် အကြံပြုချက်များပေးပို့ရန်၊ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အကောက်ခွန်ရှင်းလင်းရေး ထိခိုက်မှုမရှိစေရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လည်း ညွှန်ကြားထားသည်။
အကောက်ခွန် ရှင်းလင်းရေး ကာလအတွင်း ဖြစ်ပေါ်လာသော ပြဿနာများကို အချိန်နှင့် တပြေးညီ ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာ တရုတ်နယ်စပ်ဂိတ်ရှိ အကောက်ခွန် အာဏာပိုင်များနှင့် ပုံမှန်ဆက်သွယ်သွားရမည်ဖြစ်ပြီး၊ ဗီယက်နမ် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိစေရန်အတွက် တရုတ်နိုင်ငံ၏ အကောက်ခွန်စီမံခန့်ခွဲမှုနှင့် စစ်ဆေးရေး မူဝါဒဆိုင်ရာ အပြောင်းအလဲများကို အသိပေးအကြောင်းကြားသွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source : VN Express
DOCA (ရန်ကုန်)
