ကယားပြည်နယ်တွင်ဂေါ်ရခါးသီးကို လွိုင်ကော်မြို့၊ဒီမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့တွင် အဓိကထား၍ အများဆုံးစိုက်ပျိုးကြသည်။ဂေါ်ရခါးသီးကို စီးပွားဖြစ် ဖြစ်စေ၊အိမ်ခြံဝန်းအတွင်းဖြစ်စေ စိုက်ပျိုးကြပါသည်။ဂေါ်ရခါးသီးစိုက်ပျိုးရာတွင် နေအပူချိန်(၂၀° မှ ၃၀°)ဝန်းကျင်ရှိ မျှတအေးမြသည့် ရာသီဥတုတွင် စိုက်ပျိုးပါက အကောင်းဆုံးဖြစ်ပါသည်။ကယားပြည်နယ်၏ တောင်ပေါ်ဒေသရာသီဥတုနှင့်အလွန် ကိုက်ညီပါသည်။ဂေါ်ရခါးသီးအမျိုးအစား (၂)မျိုးရှိပြီး ဆူးအနည်းငယ်ပါသည့် အမျိုးအစားနှင့် ဆူးမပါသည့်အမျိုးအစားဟူ၍နှစ်မျိုးရှိပါသည်၊။ကယားပြည်နယ်တွင် ဆူးအနည်းငယ်ပါသည့်အမျိုးအစား ကိုအများဆုံးစိုက်ပျိုးကြသည်။ဂေါ်ရခါးသီးသည် ကယ်လိုရီဓာတ်နည်းပြီး ဗီတာမင်၊သတ္တုဓာတ်နှင့် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့်အစာခြေစနစ်ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေခြင်း၊ရေဓာတ်နှင့်အမျှင်ဓာတ်များသဖြင့် ဝိတ်ချသူများအတွက် အထူးစားသုံးရန်သင့် လျော်ပါသည်။ဂေါ်ရခါးသီးကိုဟင်းချိုချက်ခြင်း၊အသားတစ်မျိူးမျိူးနှင့်ရော၍ ကြော်ခြင်း၊ ပြုတ်ပြီးသား ဂေါ်ရခါးသီးကိုပါးပါးလှီးကာ ကြက်သွန်နီ၊မြေပဲ၊နှမ်းတို့ဖြင့် သုပ်စားခြင်းစသည်ဖြင့် အမျိုးမျိုးပြုလုပ် စားသောက်ကြပါသည်။ဂေါ်ရခါးသီးစိုက်ပျိုးရာတွင် နေရောင်ခြည်ကောင်းစွာရရှိပြီး ရေဝပ်ခြင်း မရှိသောကုန်းမြေ(သို့မဟုတ်)ရေနုတ်မြောင်းစနစ် ကောင်းမွန်သည့် နေရာများတွင်သာ စိုက်ပျိုးကြ သည်။ဂေါ်ရခါးသီးသည်အခြားအသီးများကဲ့သို့ အစေ့သီးသန့်ထုတ်ယူစိုက်ပျိုး၍ မရဘဲအသီးကို မြေမြှုပ်စိုက်ပျိုးမှသာရှင်သန်ကြီးထွားပါသည်။ဂေါ်ရခါးသီးအမျိုးရွေးချယ်ရာတွင် ကောင်းစွာရင့်မှည့်ပြီး အမြစ်အနည်းငယ်ထွက်နေသော အသီးကိုရွေးချယ်ကြသည်။အသီးကို အညှောင့်ဖောက်ရာတွင် စိုစွတ်မှုရှိ သောနေရာ(သို့မဟုတ်) သဲမြေပွပေါ်တွင်တင်ထားကာ အညှောင့်ထွက်လာအောင်စောင့်ရပြီး အညှောင့် ဖောက်နေစဉ် ရေလောင်းရန်မလိုပါ။ဂေါ်ရခါးသီးကိုမြေပေါ်တွင် အလျားလိုက်လှဲ၍ တစ်ဝက်ခန့်ကို မြေပေါ်ဖော်ထားပြီး ခပ်တိမ်တိမ်မြှုပ်၍ အပင်ထွက်လာမည့် အညွှန့်ပိုင်းကို အပေါ်ဘက်သို့ လှည့်ထားပေးရပါသည်။အညွှန့်(၁၀)စင်တီမီတာ(၄)လက်မ ခန့်ရှည်လာပါက စိုက်ကျင်းတူး၍ မြေဆွေး၊ နွားချေး၊ သဘာဝမြေဩဇာများဖြင့် ရောစပ်စိုက်ပျိုးကြပါသည်။ ဂေါ်ရခါးပင်သည် နှစ်ရှည်ခံနွယ်ပင်ဖြစ်ပြီး စင်ကိုစနစ်တကျပြုလုပ်ပေးရပါသည်။ဂေါ်ရခါးသီးကို စိုက်ပျိုးပြီး (၄)လမှ(၅)လခန့်အတွင်း ခူးဆွတ်နိုင်ပါသည်။ကယားပြည်နယ်တွင်ဂေါ်ရခါးသီးကိုစီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးခြင်းထက် အိမ်ခြံဝန်းအတွင်း စိုက်ပျိုးခြင်း၊မြေကွက်လပ် အနည်းငယ်တွင် တစ်နိုင်တစ်ပိုင် စင်ထိုး၍ စိုက်ပျိုးခြင်းကိုသာ အဓိကစိုက်ပျိုးကြသည်။ဒေသထွက် ဂေါ်ရခါးသီးများကို အခြားဒေသများသို့ တင်ပို့ရောင်းချခြင်းမရှိဘဲ တောင်သူများကိုယ်တိုင်သော်လည်းကောင်း ဒေသတွင်းတဆင့် ပြန်လည်ရောင်းချသူများအား လက်ကားပေး၍သော်လည်းကောင်း ရောင်းချကြသည်။ယခုလတတိယအပတ် သီရိမင်္ဂလာဈေးအတွင်း ဂေါ်ရခါးသီးတစ်လုံးလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)
