Main menu

ပြည်တွင်းမှသည်ကမ္ဘာ့စျေးကွက်ဆီသို့မြှင့်တင်ရောင်းချရမည့်မြန်မာ့လက်မှုအနုပညာနှင့်စီးပွားရေးအခွင့်အလမ်း

Powered by Drupal
Tue, 07/21/2026 - 15:04 -- consumer_admin

     မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင်မိမိတို့၏ ကိုယ်ပိုင်ယဥ်ကျေးမှု၊ အနုပညာ လက်ရာများနှင့်အတူ ထူးခြားဆန်းပြားလှသည့် လက်မှုပညာရပ်များကို ရိုးရာမပျက်ထိန်းသိမ်းလာခဲ့ ကြသည်။ ပန်းဆယ်သွယ်ဟုအမည်ကျော်သည့် မြန်မာ့ရိုးရာအနုပညာလုပ်ငန်းများသည် ယခုအခါ ရှေးဟောင်းအမွေအနှစ် သက်သက်တင်မဟုတ်တော့ဘဲ ပြည်တွင်း/ပြည်ပစျေးကွက်များသို့ တွင်တွင် ကျယ်ကျယ်တင်ပို့ရောင်းချနိုင်သည့် မြှင့်တင်ရမည့်ပို့ကုန်ကဏ္ဍသစ်တစ်ခုအဖြစ် စီးပွားရေးအမြင် အရအလားအလာကောင်းများစွာရှိနေပါသည်။ လက်ရှိကမ္ဘာ့စျေးကွက်အခြေအနေတွင် စားသုံး သူများသည် စက်ရုံထုတ်ကုန်ပစ္စည်းအမြောက်အများထက် လူသားတို့၏စိတ်ကူးစိတ်သန်းနှင့် လက်မှုစွမ်းပကားပါဝင်သော၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသောစိမ်းလန်းစိုပြေသည့် ထုတ်ကုန်များကိုပိုမို တန်ဖိုးထားဝယ်ယူလာကြသည်။ ဤအချက်သည် သဘာဝကုန်ကြမ်းကို အခြေခံထားသည့် မြန်မာ့လက်မှုကဏ္ဍအတွက် အမိအရဆုပ်ကိုင်ရမည့်ရွှေရောင်အခွင့်အလမ်းပင် ဖြစ်သည်။

၁။      ပုဂံယွန်းထည်လုပ်ငန်း

          မြန်မာ့ရိုးရာလက်မှုပညာတွင် အနုစိတ်ဆုံးနှင့်နိုင်ငံတကာအသိအမှတ်ပြုရဆုံးလုပ်ငန်းမှာ ပုဂံ ဒေသအခြေစိုက်ယွန်းထည်လုပ်ငန်းဖြစ်သည်။ သဘာဝသစ်စေး (သစ်စေးပင်မှရသောအရည်)ဝါး၊ မြင်းမြီးနှင့်သစ်သားတို့ကိုအခြေခံပြီး ကုန်ကြမ်းမှအချောထည်အထိ အဆင့်ပေါင်းများစွာကို ရက် ပေါင်း၊ လပေါင်းများစွာအချိန်ယူလုပ်ကိုင်ရခြင်းဖြစ်သည်။ စီးပွားရေးအမြင်အရဆိုရလျှင် ဂျပန်၊ ကိုရီးယားနှင့် ဥရောပနိုင်ငံများသည်ယွန်းထည်များကို ရိုးရိုးအလှဆင်ပစ္စည်းအဖြစ်သာမက နေ့စဥ် သုံးအိမ်သုံးအလှဆင်ပစ္စည်းများ၊ ဧည့်ခံပွဲသုံးအဆင့်မြင့်ဇွန်း၊ ခက်ရင်း၊ဗန်းနှင့်ပန်းကန်များ အဖြစ် အထူးနှစ်သက်ကြသည်။ သဘာဝပစ္စည်းဖြင့်ပြုလုပ်ထားသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ခြင်းက ၎င်း၏အားသာချက်ဖြစ်သည်။ ရိုးရာပုံစံများအပြင် ခေတ်သစ်ကမ္ဘာကနှစ်သက်သည့် ရိုးရှင်းဆန်း သစ်သောဒီဇိုင်းများကို ပေါင်းစပ်ရပါမည်။ ဥပမာ- High endဟိုတယ်များ၊ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်ကြီးများတွင် အသုံးပြုနိုင်မည့်Living-wareပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ် ခြင်းဖြင့် ကုန်ထုတ်လုပ်မှုတန်ဖိုးကို အဆမတန်မြှင့်တင်နိုင်ပါသည်။

၂။       ဝါးနှင့်နှီးလက်မှုပစ္စည်းများ

          သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချရန်အတွက် ကမ္ဘာတစ်ဝှမ်းတွင်ပလတ်စတစ် အသုံးပြုမှုကို တင်းကျပ်စွာပိတ်ပင်ကန့်သတ်လာကြသည်။ ထို့ကြောင့် သဘာဝကုန်ကြမ်းစင်စစ် ဖြစ်သည့်အပြင် ပြန်လည်စိုက်ပျိုးရလွယ်ကူသောဝါးနှင့်နှီးထည်များသည် ကမ္ဘာ့စျေးကွက်တွင် ဝယ်လိုအားအမြင့်ဆုံးဖြစ်လာသည်။ စီးပွား‌ရေးနှင့်စျေးကွက်အမြင်အရဆိုရလျှင် ချင်းတွင်းဒေသ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှထွက်ရှိသော ဝါးခြင်းတောင်းများ၊ အိမ်သုံးပရိဘောဂများ၊ ဖျာများ၊ မီးအိမ်စွပ်များနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများမှာပြည်ပအဝယ်တော်များ အကြိုက်တွေ့သည့် ပစ္စည်းများဖြစ်သည်။ ဥရောပ(EU)နှင့်အမေရိကန်စျေးကွက်များသည် ယင်းတို့ကိုအမြောက် အများမှာယူရန် အမြဲအဆင်သင့်ရှိနေသည်။ ကုန်ကြမ်းအတိုင်းသို့မဟုတ် ရိုးရိုးခြင်းတောင်း အတိုင်း တင်ပို့ခြင်းထက် မှိုမတက်စေရန်နည်းပညာဖြင့် ပြုပြင်ခြင်း၊ အချောကိုင်စနစ်ကောင်းမွန် ခြင်းနှင့် ခေါက်သိမ်း၍ရသော ဒီဇိုင်းများပြုလုပ်ခြင်းဖြင့် သယ်ယူပို့ဆောင်ခကိုလျှော့ချကာအကျိုး အမြတ်ပိုမို ရရှိနိုင်မည်ဖြစ်သည်။

၃။      အင်းလေးကြာချည်မျှင်နှင့်ရက်ကန်းလုပ်ငန်း

          ကမ္ဘာပေါ်တွင် အလွန်ရှားပါးပြီးထူးခြားဆန်းပြားလှသည့် ရှမ်းပြည်နယ်၊ ‌ညောင်ရွှေ (အင်းလေး)ဒေသထွက်ကြာချည်ထည်များသည် နိုင်ငံတကာဖက်ရှင်လောကတွင် အထူးအဆင့် မြင့်သည့်Luxury Productအဖြစ်သတ်မှတ်ခြင်းခံရသည်။ ကြာစွယ်၊ ကြာရိုးများမှချည်မျှင်များကို အဆင့်ဆင့်ထုတ်ယူကာ လက်ရက်ကန်းဖြင့်သာ ရက်လုပ်ရသည့်ပညာရပ်ဖြစ်သည်။ ကြာချည်သည် သဘာဝအတိုင်းလေဝင်လေထွက်ကောင်းခြင်း၊ ပေါ့ပါးခြင်းနှင့်ထူးခြားသောရနံ့ရှိခြင်းတို့ကြောင့် ကမ္ဘာ့နာမည်ကြီး High-endဖက်ရှင်ဒီဇိုင်နာများနှင့် Brandကြီးများသည် တန်ဖိုးကြီးအထည်အလိပ် အဖြစ်စိတ်ဝင်စားကြသည်။ ၎င်းသည် ကမ္ဘာ့စျေးကွက်တွင် စျေးနှုန်းအမြင့်ဆုံးရရှိနိုင်သော ကဏ္ဍဖြစ် သည်။ ကြာချည်ကို ရိုးရိုးပုဆိုး၊ စောင်အဆင့်မျှသာမဟုတ်ဘဲ ပြည်ပမှကော်ပိုရိတ် လူကြီးများဝတ်ဆင်နိုင်သည့် အနောက်တိုင်းဝတ်စုံ၊ လည်စည်း၊ ပုဝါများနှင့် အဆင့်မြင့်အင်္ကျီ များအဖြစ် အဆင့်မြှင့်တင်ကာကမ္ဘာ့ဖက်ရှင်ရက်သတ္တပတ်များသို့ ချိတ်ဆက်ထိုးဖောက်သင့်သည်။

၄။      ပုသိမ်ထီးနှင့်စက္ကူလက်မှုလုပ်ငန်း

          ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့၏ သင်္ကေတဖြစ်သောပုသိမ်ထီးများသည် ရောင်စုံပိတ် စများ၊ သဘာဝဝါးများနှင့် ပိုးမွှားများဒဏ်ခံနိုင်သည့် သဘာဝဆေးဆိုးနည်းများကို အသုံးပြုထား သဖြင့် အနုပညာရသမြင့်မားလှသည်။ ပုသိမ်ထီးများကို ကမ္ဘာလှည့်ခရီးသွားများက အမှတ်တရ လက်ဆောင်အဖြစ် အမြတ်တနိုးဝယ်ယူကြသည့်အပြင်၊ ပြည်ပရှိအပန်းဖြေစခန်းများ၊ ဟိုတယ်ကြီး များနှင့်မင်္ဂလာပွဲ၊ပွဲခင်းအလှဆင်ခြင်းလုပ်ငန်းများအတွက်အလှဆင်အဆင်တန်ဆာများအဖြစ်အများအပြားအဝယ်ရှိနေသည်။ ထီးအပြင် ရှမ်းစက္ကူနျင့်လက်လုပ်စက္ကူများကို အခြေခံထားသည့် မီးအိမ်များ၊ မှတ်စုစာအုပ်များနှင့် Gift Boxများကိုပါ တွဲဖက်ထုတ်လုပ်ကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်ကို ချဲ့ထွင်နိုင်ပါသည်။

   မြန်မာ့လက်မှုပစ္စည်းများသည်အရည်အသွေးနှင့်အနုပညာတန်ဖိုးအရကမ္ဘာ့စျေးကွက်ကိုထိုးဖောက်နိုင်စွမ်းရှိသော်လည်းစီးပွားရေးအရအကြီးအကျယ်အောင်မြင်ရန်အတွက်အောက်ပါကုန်သွယ်မှုဗျူဟာများကိုကဏ္ဍစုံမှ ဝိုင်းဝန်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။ ပြည်ပသို့အမြောက်အများ တင်ပို့ရာတွင် အဓိကကြုံတွေ့ရသည့် ပြဿနာမှာပစ္စည်းတစ်ခုနှင့်တစ်ခု အရည်အသွေးမညီမျှခြင်း ဖြစ်သည်။ လက်မှုပစ္စည်းဖြစ်သော်လည်း သတ်မှတ်ထားသည့်အရွယ်အစား၊ အရောင်နှင့်ကြံ့ခိုင်မှု စံချိန်စံညွှန်းတစ်ခုအတွင်း ရှိနေစေရန်စနစ်တကျထိန်းကျောင်းရပါမည်။ ရိုးရာအရ အရောင်းဆိုင် များတွင်ထိုင်ရောင်းနေမည့်အစား Amazon, Alibaba, Etsyကဲ့သို့သော နိုင်ငံတကာလက်မှု ပစ္စည်းအခြေခံ အွန်လိုင်းပလက်ဖောင်းများပေါ်သို့ ရောက်ရှိအောင်တွန်း အားပေးရမည်။ Social Mediaအရောင်းမြှင့်တင်မှုများနှင့် ကမ္ဘာ့ကုန်သွယ်မှုပြပွဲများတွင် မြန်မာ့ပြခန်းများဝင့်ထည်စွာ ပြသနိုင်ရေးအစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရပါမည်။

          လက်မှုပစ္စည်းတစ်ခု၏တန်ဖိုးသည် ၎င်းကိုမည်မျှပင်ပန်းစွာလုပ်ခဲ့ရသည်ဟူသော “သမိုင်း ကြောင်း”ပေါ်တွင်မူတည်နေသည်။ ထို့ကြောင့် ထုတ်ကုန်တစ်ခုချင်းစီတွင် မည်သည့်ဒေသမှထွက်ရှိ ကြောင်း၊ မည်သည့်သဘာဝကုန်ကြမ်းကို သုံးထားကြောင်းနှင့်ဒေသခံလက်မှုပညာရှင်တို့၏ ဘဝ အကြောင်းအရာများကို QR Codeစနစ်ဖြင့်ဖြစ်စေ၊ လှပသောစာအုပ်ငယ်ဖြင့်ဖြစ်စေ ထုပ်ပိုးမှုဗူးများ ပေါ်တွင် ထည့်သွင်းဖော်ပြခြင်းဖြင့်စျေးနှုန်းကိုနှစ်ဆ၊ သုံးဆမြှင့်တင်နိုင်ပါသည်။

          မြန်မာ့လက်မှုပစ္စည်းလုပ်ငန်းများသည် ရိုးရာယဥ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံ သက်သက် မဟုတ်တော့ပါ။ ၎င်းတို့သည် မြို့ပြနှင့်ဝေးကွာသောကျေးလက်ဒေသအခြေခံလူထုနှင့် အမျိုးသမီးများအတွက်မိသားစုဝင်ငွေနှင့်အလုပ်အကိုင်အခွင့်အလမ်းများကို တိုက်ရိုက်ဖန်တီးပေးနိုင်သည့်အပြင် နိုင်ငံတော်အတွက်လည်းသဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေဘဲ နိုင်ငံခြားဝင် ငွေရှာဖွေပေးနိုင်သည့် “ အစိမ်းရောင်ရွှေကလံ‌တောင်” စီးပွားရေးလုပ်ငန်းဖြစ်သည်။ ပြည်တွင်း လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှု၊ နည်းပညာပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်မှုလမ်းကြောင်း များကို စနစ်တကျချိတ်ဆက်ဖော်ဆောင်ပေးမည်ဆိုပါက မြန်မာ့လက်မှုအနုပညာသည် ကမ္ဘာ့စီးပွား ရေးလယ်ပြင်တွင် “Made In Myanmar” ဟူသောဂုဏ်ဒြပ်ဖြင့် ဝင့်ထည်စွာနေရာယူနိုင်မည် ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ 

DOCA(ပဲခူး)