တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေလုပ်ငန်းများ၊ ဥယျာဥ်ခြံမြေလုပ်ငန်းများ ဖြင့် အဓိကအသက်မွေးဝမ်းကြောင်း ပြုလုပ်လျက်ရှိပြီး ဒေသတွင်း တစ်ဦးချင်းဝင်ငွေမှသည် နိုင်ငံ တော်အတွက် ပြည်ပဝင်ငွေများကို ရှာဖွေပေးလျက်ရှိသည့်အပြင် မြိတ်မြို့၏ ရှေးဟောင်းသမိုင်းဝင် စေတီ၊ ပုထိုး၊ ကျောင်း၊ ကန်များနှင့် ရှေးဟောင်းသမိုင်းဝင်အဆောက်အဦများ၊ ရိုးရာဓလေ့စရိုက်များ၊ ယဥ်ကျေးမှုများ၊ သဘာဝအလှတရားများ၊ ရိုးရာဒေသအစားအစာများပိုင်ဆိုင်သော သာယာလှပသည့် ကမ်းရိုးတန်းမြို့တစ်မြို့လည်းဖြစ်ပါသည်။
မြိတ်ဟု ဆိုလိုက်လျှင် ရိုးရာအစားအစာတစ်ခုဖြစ်သော ကတ်ကြေးကိုက်သည်လည်း နာမည် ကြီးကျော်ကြားလှပြီး မြိတ်ဟုဆိုလိုက်လျှင် ကိတ်ကြေးကိုက်သည် ခွဲထုတ်၍မရဘဲ တစ်သားတည်း ဖြစ်နေသော မြိတ်၏အစိတ်အပိုင်းတစ်ခုဖြစ်သည်နှင့်အညီ မြိတ်မြို့၏ ရပ်ကွက်ပေါ်ရှိ လမ်းများပေါ် တွင် တစ်နိုင်တစ်ပိုင် ကတ်ကြေးကိုက်ဆိုင်များကိုပါ တွေ့ရှိရမည်ဖြစ်ပြီး မြိတ်ကတ်ကြေးကိုက်အား ဒေသတွင်းသာမက ပြည်တွင်း/ပြည်ပ ဧည့်သည်များကပါ ကြိုက်နှစ်သက်ကြပါသည်။ မြိတ်ကတ် ကြေးကိုက်ကြော်လှော်ရန်အတွက် ပါဝင်ပစ္စည်းအနေဖြင့် ဆန်အမှုန့်ကြိတ်ထားသော မုန့်နှစ်အား မီး ဖြင့်ပေါင်းခံကာ အနေတော်အပြားလေးများပိုင်းဖြတ်ထားသော တမူထူးခြားသည့် ကတ်ကြေးကိုက် မုန့်ဖတ်၊ ဓနိပင်မှထွက်ရှိသည့် ဓနိရည်အား အချည်ဖောက်ထားသည့် ပအုန်းရည်၊ ပဲပင်ပေါက်နှင့် ငရုတ်သီးခွဲခြမ်းမှုန့်၊ အစာအဖြစ်ထည့်သွင်းတွဲဖက်စားသုံးရန် မိမိကြိုက်နှစ်သက်ရာအသားများ အထူး ကြက်သား၊ ဝက်သား၊ ဝက်ဆီဖတ်၊ ပင်လယ်စာ၊ ပုစွန်ခြောက်၊ ကြက်ဥ၊ ပဲပြုတ် စားသုံးဆီနှင့် အရသာအတွက် ဆား၊ ဟင်းချိုမှုန့်တို့သာ လိုအပ်ပါသည်။ ကိုက်ကြေးကိုက်အား ကြော်လှော်ရာတွင် အဝိုင်းပြားကြီးကြီး၊ ဘေးဘက်ပတ်လည်ဘောင်အမြင့် ၂/၃ လက်မခန့် သံသားဖြင့် ပြုလုပ်ထားသော ကိုက်ကြေးကိုက်အကြော်အိုးအား ထင်းမီးဖြင့်ကြော်လှော်မှသာ အနံ့အရသာ ပိုမိုကောင်းမွန်ပြီး မြိတ် အရသာစစ်စစ်ကို ရရှိနိုင်မည်ဖြစ်ပါသည်။ မြိတ်ကိတ်ကြေးအား မြိတ်မြို့သူ/သား အားလုံး ကလေး/ လူကြီးမရွေးကြိုက်နှစ်သက်ကြရာ ရပ်ကွက်အနေအထား၊ အရသာ၊ အသားပါဝင်မှုပမာဏနှင့် အသား ရွေးချယ်မှုပေါ်မူတည်၍ တစ်ပွဲလျှင်၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိရောင်းချလျက်ရှိကြောင်းသိရှိရပြီး မြိတ်မြို့၏ ဒေသအစားအစာ ကတ်ကြေးကိုက်အကြောင်းအား ရေးသားတင်ပြလိုက်ရပါသည်။
DOCA(တနင်္သာရီ)
